တန်ဖိုးရှိသည့် အနာဂတ်ဖြစ်ရေး

တန်ဖိုးရှိသည့် အနာဂတ်ဖြစ်ရေး


Ministry of Information/ Naypyitaw / January 20, 2021
image_latest


ဤကမ္ဘာလောကတွင် မိဘတို့ သားသမီးများကို ချစ်သည်ဆိုခြင်းမှာ သံသယဖြစ်စရာမလိုသော အမှန်တရား ဖြစ်ပါသည်။ စိတ်အနေအထားမူမမှန်သည့်၊ ခြွင်းချက်သဘောထားရမည့် မိဘတို့ ကလွဲလျှင် အထက်ပါအဆိုသည် အမှန်တရားသာ ဖြစ်ချေ၏။
မိဘက သားသမီးအပေါ်ထားရှိသည့် ချစ်ခြင်းမေတ္တာကို အခြေခံကာ မိဘတို့သည် သားသမီးအတွက်ဆိုလျှင် မိမိတတ်နိုင် သမျှထဲက အကောင်းဆုံးကို ပေးချင်၏။ ထို့အတူ သားသမီးတို့ကို လောကကြီးထဲ မိမိတို့သိထားသမျှထဲက အသင့်တော်ဆုံး၊ အကောင်းဆုံး၊ အမြင့်ဆုံးမှန်သမျှကို ရစေချင်၏။ ဖြစ်စေချင်၏။
သို့ရာတွင်၊ မိမိတို့ သိထားသည့် အသင့်တော်ဆုံး၊ အကောင်းဆုံးဆိုသည်မှာ သားသမီးတို့အတွက် အသင့်တော်ဆုံး၊ အကောင်းဆုံး ဟုတ်ကောင်းမှ ဟုတ်လိမ့်မည်ဟု တစ်ရံတစ်ဆစ်မျှ တွေးမိပုံမရဟု ထင်သည်။ ။
သားသမီး ကလေးငယ်များဆိုသည်မှာ ဖယောင်းလို၊ ရွှံ့လို လိုအပ်သလို ပုံသွင်းပေးလို့ရသည်မဟုတ်။ ကိုယ့်တွင်ပါလာသည့် ဗီဇ၊ အလုံ၊ ကြိုးစားမှု၊ မိဘ၊ ဆွေမျိုး၊ ဆရာ၊ ဆရာမ၊ သူငယ်ချင်းများ နှင့် မိမိ၏ ပတ်ဝန်းကျင် အစရှိသည့် အနေအထားတို့ပေါ်တွင် လည်း တည်၏။ ကလေးငယ်ကိုယ်တိုင်၏ စွမ်းရည်၊ စိတ်ပါဝင်စား မှု၊ဝါသနာအစရှိသည်တို့ကလည်း ဘဝကိုလမ်းပြခေါ်ဆောင်လေ့ ရှိ၏။
ပင်ကိုဉာဏ်ကောင်းသည်၊ တော်သည်၊ ထက်မြက်သည် ဆိုသည့် ကလေးငယ်တို့ကို လူကြီးမိဘများက ပိုမိုအားထားကာ အနာဂတ်လမ်းကို မိမိတို့သဘောထားအတိုင်း ရှာပေးချင်ကြလေ့ရှိ သည်။ သည်လိုနှင့် စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဆရာဝန်၊ အင်ဂျင်နီယာ၊ စီးပွားရေးစီမံခန့်ခွဲမှု၊ ကွန်ပျူတာ အစရှိသည့် ပညာရပ်များတွင် သင်ကြားရသည့် ပုံပြင်များစွာ ကိုလည်း ကြားဖူး၏။

ကျောင်းမှာ ကမ္ဘာလုံးခြင်းမှာနဂုဏ်ထူ သည်လိုထဲတွင် အတန်းထဲ၌ စာတော်သည်ဆိုသည်နှင့် တစ်ပြိုင်နက်အတန်းစဉ်ပထမရရေး၊ဘာသာစုံဂုဏ်ထူးထွက်ရေး၊ ကျောင်းမှာ ပထမ၊ တိုင်းနှင့် ပြည်နယ်မှာ ပထမ၊တစ်နိုင်ငံလုံးမှာ ပထမ၊ တစ်ကမ္ဘာလုံးမှာ ပထမ ဖြစ်စေချင်တော့သည်။ အများကြားမှာထူးချွန်သည်ဆိုခြင်းမှာ ကောင်း၏။ သို့သော်လည်း ထူးချွန်သည် ဆိုခြင်းကို ပထမရခြင်း၊ ဘာသာစုံဂုဏ်ထူးထွက်ခြင်း ဟူသည့် ပေတံတစ်ခုတည်းဖြင့် တိုင်းတာလျှင်မူ မမှန်လှသေးဟု မြင်ပါသည်။ ။
ထို့ပြင် ထိုသို့သော စံချိန်များကို တင်နိုင်ရန်အတွက် မိဘများ က ဝိုင်းဝန်းတိုက်တွန်းကြ၊ ဖိအားပေးကြပြီဆိုလျှင်တော့ သားသမီးတို့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်တော့မည်။ ပညာ ထူးချွန်အောင်ကြိုး စားခြင်း မှာ ကောင်း၏။ သို့သော် ပညာထူးချွန် ရန်အလို့ငှာ မတန်တဆဖိအားပေးခံရခြင်းကမူ မမှန်ကန်တော့ပြီ။
မိမိတို့၏ သားသမီး ကလေးငယ်များသည် ပညာထူးချွန်ရုံမျှ မက ပျော်ရွှင်ကြရန်လည်းလို၏။ လောကကို ပျော်ရွှင်စွာဖြတ်သန်း ရင်း နှစ်လိုဖွယ်ဝန်းကျင်တွင်မွေ့လျော်ကြရန်လို၏။ ထိုသို့သော ပတ်ဝန်း ကျင်ကို ဖန်တီးပေးရန်လည်း လို၏။
ယနေ့ ဖြစ်ပေါ်နေသော ဝန်းကျင်မှာ ကလေးတို့ နှစ်လိုဖွယ် ဝန်းကျင်ဆိုသည်ထက် လူကြီးတို့ ဖြစ်လိုသည့် ဝန်းကျင်ကို ဦးစား ပေး စီမံပြင်ဆင်ထားသည်ကို သတိထားမိပါသည်။
အထက်တွင်ဆိုခဲ့သကဲ့သို့၊ လူသိများထင်ရှား ဝင်ငွေကောင်း၊ အရေးပါသည်ဟု ထင်မြင်နေကြသည့် ပညာရပ်ဆိုင်ရာကိစ္စများ တွင် မိမိတို့၏ သားသမီးများကို တွင်ကျယ်ပေါက်မြောက် စေချင်၏။ အမှန်တော့ထိုပညာရပ်ဆိုင်ရာ ကိစ္စများသက်သက်ဖြင့် ကမ္ဘာကြီးကို တည်ဆောက်လို့မရ။
လောကကို ဝိုင်းဝန်းတည်ဆောက်ကြရန် နယ်ပယ်အသီးသီးနှင့် ပညာရပ်အမျိုးမျိုးရှိ၏။ ဥပဒေပြင်ပက မတရား လုပ်ငန်းများ က လွဲလျှင် အားလုံး သူ့နေရာနှင့်သူ တန်ဖိုးရှိသည်ချည်း။ အသုံးဝင်ကြသည်ချည်းသာ။ မိမိတို့၏ သားသမီးငယ်များသည် ပျော်ရွှင်စွာ ကြီးပြင်းရင်း လောကတွင် တန်ဖိုးရှိသူများအဖြစ် ပါဝင်ကြရန် လိုအပ်သည် မဟုတ်ပါလော...။ ။

(မြန်မာ့အလင်း အယ်ဒီတာ့အာဘော်)

HOT NEWS
January 4,