တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်နည်းပညာ တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၁) သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်နည်းပညာ တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၁) သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်


Ministry of Information/ ​နေပြည်တော် / December 13, 2019


နေပြည်တော် ဒီဇင်ဘာ ၁၂

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ တပ်မတော် နည်းပညာတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပ သော တပ်မတော် နည်းပညာတက္ကသိုလ် ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၂၁) သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားသည်။

အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စိန်ဝင်း နှင့်ဇနီး၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မြထွန်းဦး နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်မောင်မောင်ကျော်နှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ် ကြီးနှင့် ပြင်ဦးလွင် တပ်နယ်မှ တပ်မတော် အရာရှိကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်းဆင်း ဗိုလ်လောင်းများ၏ မိဘဆွေမျိုးများ တက်ရောက်ကြသည်။

ရှေးဦးစွာ တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာ သရေစည်သူ မင်းအောင်လှိုင်သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီး ကျောင်းဆင်း ဗိုလ်လောင်း တပ်ခွဲများအား စစ်ဆေးသည်။

ချီတက်အလေးပြု

ထို့နောက် တပ်မတော် ကာကွယ် ရေးဦးစီးချုပ်အား ဗိုလ်လောင်းတပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက်အလေးပြု ကြသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကတပ်မတော် နည်းပညာတက္ကသိုလ် ဗိုလ်လောင်း သင်တန်းအမှတ်စဉ် (၂၁) မှအောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်း မြတ်ကျော်၊ လေ့ကျင့်ရေး ထူးချွန်ဆု ရရှိသူ ဗိုလ်လောင်း ရန်လင်းအောင်နှင့် စာပေထူးချွန်ဆုရရှိသူ ဗိုလ်လောင်း ရဲရင့်မြတ် တို့အား ဆုများပေးအပ် ချီးမြှင့်သည်။

ထို့နောက် တပ်မတော် ကာကွယ် ရေးဦးစီးချုပ်က သင်တန်းဆင်း ဗိုလ်လောင်းများအား မိန့်ခွန်း ပြောကြားရာတွင် "နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ကာကွယ် စောင့်ရှောက်မည့် အမျိုးသား တပ်မတော်အတွက် လိုအပ်သော လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝသည့် အင်ဂျင်နီယာဘွဲ့ရ အရာရှိကောင်းများကို မွေးထုတ်ပေးရန်" ဆိုသည့် တပ်မတော် နည်းပညာ တက္ကသိုလ်၏ ရည်ရွယ် ချက်နှင့်အညီသင်တန်းကာလအတွင်း အင်ဂျင်နီယာ ပညာရပ်၊ ခြေလျင်တပ်စု မှူးအဆင့်ထိ စစ်ပညာရပ်နှင့် ခေါင်းဆောင်မှု ပညာရပ်များကို သင်ကြားလေ့ကျင့်ပေးခဲ့ပြီး ဖြစ်ကြောင်း။

ပြည်သူများ၏ အစိတ်အပိုင်းတစ်ခု

မိမိတို့ တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး တပ်မတော်သားများ သည်လည်း ပြည်သူများ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည့်အတွက် မိမိတို့တာဝန်ကျရာ ဒေသအသီးသီးတွင် နိုင်ငံတော် ကာကွယ်ရေး တာဝန်များအပြင် အမျိုးသား နိုင်ငံရေးတာဝန်များ ထမ်းဆောင်ရာ၌ ပြည်သူ၊ ပြည်သား များ၏ လိုအပ်ချက်၊ တိုင်းပြည် တည်ငြိမ်အေးချမ်းရေး၊ စည်းလုံး ညီညွတ်ရေးနှင့် တိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုအောင်မြင်အောင် ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံနှင့် လူမျိုး၊ အမျိုးသား အကျိုးစီးပွား နှင့် အချုပ်အခြာ အာဏာကို ကာကွယ်စောင့်ရှောက် နိုင်ရန်အတွက် ကာကွယ်ရေးစွမ်းအား တည်ဆောက်ပြီး ကာကွယ်ရေးကဏ္ဍ ခေတ်မီဖွံ့ဖြိုး တိုးတက်အောင် ဖော်ဆောင်ကာ ခေတ်မီတပ်မတော် အဖြစ်တည်ဆောက်လျက်ရှိကြောင်း။

တပ်မတော်၏ စစ်အင်ဂျင်နီယာ ခေါင်းဆောင်ငယ်များအဖြစ် တာဝန် ထမ်းဆောင်ကြရမည့် သူများသည် မိမိအဖွဲ့အစည်းက အားကိုးရသည့် ခေါင်းဆောင်ဖြစ်ရန်လည်း မိမိ၏ အရည်အသွေးကို တိုးတက်နေအောင် ကြိုးစား ဆောင်ရွက်ကြရန်လိုကြောင်း။

ပိုမိုခိုင်မာလာစေမည်

ခေါင်းဆောင်ငယ်များ ဖြစ်လာကြမည့်သူများသည် တပ်တည်မြဲ အမိန့်၊ တိုက်တွန်းချက်၊ တားမြစ် ချက် စည်းကမ်းများကို အလေးထား လိုက်နာဆောင်ရွက်ပြီး အုပ်ချုပ်မှု ညီညွတ်မျှတစွာနှင့် စစ်သည်တော် ကျင့်ဝတ် ၆၀ ပါအချက်များအတိုင်း လိုက်နာ သွားကြမည်ဆိုပါက တပ်တွင်း၊ တပ်ပြင် စည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မာလာ စေမည်ဖြစ်ကြောင်း၊ မိမိတို့ တပ်မတော်သည် ပြည်သူထဲမှ ပေါက်ဖွားလာပြီး တိုင်းရင်းသား ပေါင်းစုံနှင့် ဖွဲ့စည်းထားသည့် တပ်မတော် ဖြစ်သည်နှင့် အညီ ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်နှင့် နေ့စဉ် လူမှုဘဝလုံခြုံရေးများကိုပါ ကာကွယ် စောင့်ရှောက် ပေးလျက်ရှိကြောင်း၊ ထို့ကြောင့် မိမိနယ်မြေအလိုက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ ကူညီစောင့်ရှောက်ရေး လုပ်ငန်းများ တွင် အားတက်သရော စွမ်းစွမ်းတမံဆောင်ရွက်ပေးခြင်း၊ သဘာဝဘေး အန္တရာယ်များ နှင့် ကြုံတွေ့လာပါက အချိန်နှင့် တစ်ပြေးညီ ကူညီဆောင်ရွက်ပေးခြင်းများဖြင့် ပြည်သူက အားကိုး အားထားရသည့် တပ်မတော် သားကောင်းများ ဖြစ်အောင် ကြိုးပမ်း သွားကြရန်လိုကြောင်း ပြောကြားသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြု ခြင်းကိုခံယူပြီး စစ်ရေးပြအခမ်း အနားမှ ပြန်လည်ထွက်ခွာသည်။

ဂုဏ်ပြုအမှာစကားပြောကြား

စစ်ရေးပြအခမ်းအနားအပြီးတွင်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် သည် တပ်မတော် နည်းပညာ တက္ကသိုလ် ကျောင်းဌာနချုပ် ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်း (၃) ဦးနှင့် ၎င်းတို့၏ မိဘများအားတွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။

ညပိုင်းတွင် တပ်မတော် နည်းပညာတက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၂၁) သင်တန်း ဆင်းဂုဏ်ပြု ညစာစားပွဲအခမ်း အနားကို ပြင်ဦးလွင်မြို့ တပ်မတော် နည်းပညာတက္ကသိုလ်ရှိ ပညာ တန်ဆောင်ခန်းမ၌ ကျင်းပရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သင်တန်း ဆင်းအရာရှိများအား တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်တန်းဆင်းအရာရှိများ၊ မိဘ ဆွေမျိုး များနှင့်အတူ ညစာသုံးဆောင်ကြကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး

 

HOT NEWS
January 4,