တုရင်တောင်ကြိုးပြင်ကာကွယ်တောသတ်မှတ်

တုရင်တောင်ကြိုးပြင်ကာကွယ်တောသတ်မှတ်


Ministry of Information/ Naypyitaw / January 11, 2025
image_latest


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် မန္တလေးတိုင်းဒေသကြီးညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၁၉၀၅ ဧကရှိသောနယ်မြေကို “တုရင်တောင်ကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၂၅) အရ ၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနသည် အပူပိုင်းဒေသဖြစ်သော ပုဂံညောင်ဦးဒေသအား အပူချိန်လျော့နည်းကျဆင်းပြီး ပူပြင်းခြောက်သွေ့မှုကာကွယ်ရန်၊ ရာသီဥတုသာယာ မျှတစေပြီး စိမ်းလန်းစိုပြည်သာယာလှပစေရန်၊ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု လျော့နည်းသက်သာစေရန်၊ မြေဆီလွှာပိုမိုကောင်းမွန်လာစေရန်၊ မြေဆီလွှာတိုက်စားမှုများ တားဆီးကာကွယ်ရန်၊ သဘာဝဘေးအန္တရာယ်များမှ အကာအကွယ်ပေးနိုင်ရန်၊ ဒေသခံပြည်သူများ၏ လယ်ယာသုံး သစ်၊ ထင်း၊ ဝါး စသည့် သစ်တောထွက်ပစ္စည်းများ စဉ်ဆက်မပြတ် ထောက်ပံ့ပေးနိုင်ရန်နှင့် အပူပိုင်းသစ်တောများ ထိန်းသိမ်းရန်ရည်ရွယ်၍ ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောများအဖြစ် ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်ပါသည်။

တုရင်တောင်ကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်းဖြင့် အဆိုပါဧရိယာအတွင်း ပေါက်ရောက်လျက် ရှိသော ဒေသမျိုးရင်းသစ်မျိုးများဖြစ်သည့် ဖျောက်ဆိပ်၊ ယင်းမာ၊ ထနောင်း၊ ရှား၊ ကျွန်းဖို၊ တမာ၊ ဒဟတ် စသည့်သစ်မျိုးများအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ဒေသခံပြည်သူများအတွက် လယ်ယာလုပ်ငန်းသုံး သစ်၊ ထင်း၊ ဝါးနှင့် အခြားအပူပိုင်း ဒေသထွက်သစ်တောထွက်ပစ္စည်းများ ပိုမိုရရှိနိုင်ခြင်း၊ တုရင်တောင်ဘုရားဖူးမြော်ကြည်ညိုရန် လာရောက်သူများအတွက် အရိပ်နှင့်နားခိုရာနေရာများ တိုးပွားလာစေခြင်း၊ ခါ၊ ချိုး၊ တောကြောင်၊ ယုန်စသည့်တိရစ္ဆာန်များ၏ နေထိုင်ကျက်စားရာ ဒေသနှင့်ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ သဲကန္တာရဖြစ်ထွန်းမှုတိုက်ဖျက်ရေးအတွက် အထောက်အကူပြုခြင်း၊ မြေဆီလွှာတိုးတက်ကောင်းမွန်လာခြင်း၊ မြေအောက်ရေထိန်းသိမ်းနိုင်ခြင်းနှင့် သစ်တောဖုံးလွှမ်းမှုတိုးလာပြီး ရာသီဥတုပိုမိုကောင်းမွန်လာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန