ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း အာဆီယံ + ၃ နိုင်ငံများ၏ ဘဏ္ဍာရေး ဒုတိယဝန်ကြီးများ အစည်းအဝေး တက်ရောက်
ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း အာဆီယံ + ၃ နိုင်ငံများ၏ ဘဏ္ဍာရေး ဒုတိယဝန်ကြီးများ အစည်းအဝေး တက်ရောက်
Ministry of Information/ နေပြည်တော် / December 15, 2019
နေပြည်တော် ဒီဇင်ဘာ ၁၅
အာဆီယံနှင့် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများမှ ဘဏ္ဍာရေး ဒုတိယဝန်ကြီးများနှင့် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ အစည်းအဝေးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှားမင်းမြို့၌ ဒီဇင်ဘာ ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပရာ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တက်ရောက်သည်။
အစည်းအဝေးပထမနေ့တွင် ကမ္ဘာလုံးဆိုင်ရာနှင့် အာရှဒေသဆိုင်ရာ မေခရိုစီးပွားရေး အခြေအနေနှင့် ရှေ့အလားအလာများ၊ အာရှဒေသတွင်း လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက်များကို အာဆီယံ + ၃ နိုင်ငံများ၏ ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များအပေါ် သက်ရောက်နိုင်မှုများကို အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် အာဆီယံ + ၃ မေခရိုစီးပွားရေး သုတေသနအဖွဲ့ (AMRO) တို့က ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးများနှင့် ဒုတိယဥက္ကဋ္ဌများက အမြင်ခြင်း ဖလှယ် ဆွေးနွေးကြသည်။
ထို့နောက် အာဆီယံ + ၃ နိုင်ငံများ၏ ဘဏ္ဍာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များ၊ AMRO ရုံး၏ ကာလလတ်ရှေ့လုပ်ငန်းစဉ်၊ ၂၀၂၀ ပြည့်နှစ် လုပ်ငန်းစီမံချက်များ၊ ဘတ်ဂျက်နှင့် ဝန်ထမ်းခန့်အပ်မှုများကို အစီအစဉ်အလိုက် ဆွေးနွေးညှိနှိုင်း အတည်ပြုကြသည်။
အစည်းအဝေး ဒုတိယနေ့တွင် ဘဏ္ဍာရေးအကြပ်အတည်း ဖြေရှင်းမှုဆိုင်ရာ ချင်းမိုင် သဘောတူညီချက်အပေါ် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ အဖွဲ့ဝင်နိုင်ငံများ အပေါ် စီးပွားရေး လေ့လာဆန်းစစ်မှု၊ ဘဏ္ဍာရေး အကြပ်အတည်းဖြစ်ပါက အကြပ်အတည်း ဖြစ်သည့်နိုင်ငံမှ ငွေကြေးအကူအညီ လက်ခံနိုင်မည့် နည်းလမ်းများ၊ အာရှငွေချေးစာချုပ် ဈေးကွက်ဖွံ့ဖြိုး တိုးတက်ရေးတို့ကို အသေးစိတ် ဆွေးနွေးကြသည်။
အဆိုပါအစည်းအဝေးကို ၆ လ ၁ ကြိမ် ပုံမှန်ကျင်းပပြုလုပ်ပြီး အာဆီယံ + ၃ ဘဏ္ဍာရေး ဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးအောက်မှ လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။
သတင်းစဉ်