နည်းပညာမြင့် သတင်းအတု

နည်းပညာမြင့် သတင်းအတု


Ministry of Information/ ​နေပြည်တော် / June 06, 2020
image_latest


သတင်းစာလုပ်ငန်း သို့မဟုတ် သတင်းအတတ်ပညာတွင် သတင်း တစ်ပုဒ်၏ တန်ဖိုးကို တိုင်းတာရာ၌ “လူအများ စိတ်ဝင်စားခြင်း” ကလည်း အခြေခံအကျဆုံးသော သတင်းတန်ဖိုးတစ်ခုဖြစ်သည်။ လူအများ စိတ်ဝင်စားသည့်သတင်းက တန်ဖိုးကြီးမားသည်။ လူစိတ်ဝင်စားလေလေသတင်းတန်ဖိုးက ကြီးလေလေ။ထို့ကြောင့်ပင် ခွေးကလူကို ကိုက်ခြင်းသည် သတင်းမဟုတ်၊ လူကခွေးကို ကိုက်မှသာ သတင်း ဖြစ်သည်ဟူသောအဆိုမျိုး ပေါ်ပေါက်လာခဲ့ရခြင်းဖြစ်သည်။ သတင်းစာများ ရောင်းကောင်းရေး၊ သတင်းစာစောင်ရေ တက်ရေး အတွက် လူအများ စိတ်ဝင်စားသည့် သတင်းမျိုးကိုသာ ဦးစားပေး ဖော်ပြပြီး သတင်းထူးမရှိသည့်အခါမျိုးတွင်မူ ပန်းကန်ပြားပျံများ တွေ့ရှိသည်ဆိုသည့် သတင်းမျိုး၊ ဂြိုဟ်သားများ ကမ္ဘာမြေပေါ်သို့ ရောက်ရှိလာသည်ဆိုသည့် သတင်းမျိုး၊ ရေသူမနှင့် ကိုယ်တိုင်တွေ့ဆုံ ခဲ့ရသည့် သင်္ဘောသား သတင်းမျိုး ထွင်လုံးများဖန်တီးကြသည့် သတင်းစာမျိုးလည်း ကမ္ဘာ့သတင်းစာလောကတွင် ရှိခဲ့သည်။

သို့ရာတွင် သတင်းဟူသည် ပုံပြင်၊ ဝတ္ထု စသည်တို့နှင့်မတူ။ ဖတ်ပြီးသည်နှင့် ရပ်မသွား။ သတင်းတစ်ပုဒ်၏နောက်မှ ဂယက်များ လိုက်လေ့ရှိသည်။ အထက်တွင်ဖော်ပြခဲ့သည့် ပန်းကန်ပြားပျံသတင်း၊ ဂြိုဟ်သားသတင်း၊ ရေသူမသတင်းမျိုးက “ယုံချင်ယုံ၊ မယုံချင်နေ” အပျင်းပြေ၊ အပျော်ဖတ်၊ အရည်မရ အဖတ်မရ ဆိုသည့်အပြစ်မျှသာ ဖြစ်စေပြီး အန္တရာယ်မရှိလှဟုဆိုသော်လည်း အချို့ သောလုပ်ကြံ သတင်း၊ ထွင်လုံးသတင်းမျိုးများမှာက ဘေးထွက်ဆိုးကျိုးတို့ရှိနိုင် သလို အန္တရာယ်လည်း ရှိနိုင်သည်။ အထူးသဖြင့် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင်၊ လူမျိုးရေးအရ၊ ဘာသာရေးအရအထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်လာအောင်၊ ပြည်သူလူထုအတွင်း စိုးရိမ်ပူပန်မှုများနှင့် ထိတ်လန့် ချောက်ချားမှုများ ဖြစ်ပေါ်လာအောင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် ရှုထောင့်အမျိုးမျိုးတို့မှနေ၍ ဖန်တီးထုတ်လုပ် လိုက်သည့်သတင်းတု၊ သတင်းယောင်၊ သတင်းမှား မျိုးတို့မှာမူ အန္တရာယ်ကြီးသည်။ ။

နည်းပညာတို့ တိုးတက်ထွန်းကားလာသည့် မျက်မှောက်ခေတ် တွင် သတင်းစာသည် ရှေးအကျဆုံးသော အိုမင်းမစွမ်းသည့် မီဒီယာ ဘဝသို့ ရောက်နေခဲ့ပြီ။ ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့သည်ပင် သမားရိုးကျ မီဒီယာဘဝသို့ ရောက်သွားရပြီ။ အင်တာနက်ခေတ်တွင် မီဒီယာသည် အသွားအပြန်သဘောဖြစ်လာပြီး အချိန်ကန့်သတ် ချက်နှင့် နေရာ ကန့်သတ်ချက် တို့မှလည်း လွတ်မြောက်သွားသည်။ လူတိုင်းလိုလို၏ လက်ထဲမှာ စမတ်ဖုန်းများ ကိုင်လာနိုင်သည့်အခါ လူတိုင်း သတင်းသမား (Citizen Journalist) ဖြစ်လာနိုင်သည့် အခြေ အနေသို့ ရောက်ရှိသွားသည်။ တစ်နေရာရာမှာ တစ်ခုခုဖြစ်ပြီဆိုလျှင် အချိန်မဆိုင်းဘဲ သတင်းများ အပြန်အလှန်စီးဆင်းကြသည်။ ဟုတ်တာ ပါသလို မဟုတ်တာလည်း ပါသည်။ မှန်သည်ရှိသလို မမှန်သည်များလည်း ရှိသည်။ သတင်းမီဒီယာလုပ်ငန်းကို သက်မွေး ဝမ်းကျောင်းလုပ်နေသူတို့က ကျင့်ဝတ်၊ တာဝန်ယူမှု၊ တာဝန်ခံမှု တို့ဖြင့် လုပ်ကြရသော်လည်း လူမှုကွန်ရက်အသုံးပြုသူများကိုမူ ထိန်းကျောင်းရန် ခက်လှသည်။ ထို့အပြင် နည်းပညာတို့ မြင့်မား လာသည်နှင့်အမျှ သတင်းတု သတင်းမှားဟုဆိုရာတွင် သတင်း စာသား၊ အချက်အလက်များကိုသာမက ဓာတ်ပုံ၊ ဗီဒီယိုကလစ်နှင့် အသံတို့ကိုပင်လျှင် အတုလုပ်လာနိုင်သည်။ ရုပ်သေပုံများကို ပြုပြင် ဖန်တီးခြင်း၊ ရုပ်ရှင်ပုံများကို ပြုပြင်ဖန်တီးခြင်း၊ အသံကို ပြုပြင် ဖန်တီးခြင်းတို့အတွက် အထူးပြုလုပ်ချက် ဆော့ဖ်ဝဲများ ပေါ်ပေါက်နေပြီဖြစ်ရာ မြင်မြင်သမျှ၊ ကြားကြားသမျှ သတင်းစာသား၊ သတင်း ရုပ်သံ၊ သတင်းရုပ်ရှင် စသည်တို့ကို ဉာဏ်ပညာဖြင့်၊ ဆင်ခြင်တုံ တရားဖြင့်၊ သတိထား၍ ချင့်ချိန်လက်ခံကြဖို့ လိုလာသည်။ သတင်း အတုကို ထပ်ဆင့်ဖြန့်ဝေမိသည့်အဖြစ်သို့ မရောက်အောင် ဂရုထားဖို့ လိုလာသည်။

လူတို့၏သဘောက သာမန်ထက်ထူးခြားသည်ကို စိတ်ဝင်စား တတ်ကြခြင်းဖြစ်ရာ ဝိသမလောဘသားများနှင့် မသမာသူတို့က ဤအချက်ပေါ်မှပင် အမြတ်ထုတ်ကြခြင်း ဖြစ်သည့်အတွက် ကျင့်ဝတ်နှင့် တာဝန်ခံမှုတို့ မရှိပါက သတင်းဆိုသမျှတိုင်း မြင်လျှင် မြင်သမျှ၊ ကြားလျှင် ကြားသမျှ၊ ဖတ်လျှင် ဖတ်သမျှ တို့အပေါ် ဉာဏ်ပညာဖြင့်သာ သုံးသပ်၍ ဆုံးဖြတ်နိုင်ကြရမည် ဖြစ်ပါကြောင်း။ ။

HOT NEWS
January 4,