နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပြီး မိန့်ခွန်းပြောကြား

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပြီး မိန့်ခွန်းပြောကြား


Ministry of Information/ ​နေပြည်တော် / December 15, 2019
image_latest


မကွေး ဒီဇင်ဘာ ၁၄

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မကွေး တက္ကသိုလ်၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်ဖွင့်လှစ်ပြီး မိန့်ခွန်းပြော ကြားသည်။

နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒေါက်တာမြင့်ထွေး၊ ဒေါက်တာဝင်းမြတ်အေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၇ နာရီခွဲတွင် တပ်မတော် အထူးလေယာဉ် ဖြင့် နေပြည်တော်မှထွက်ခွာရာ မကွေးတိုင်းဒေသကြီး မကွေးမြို့သို့ ရောက်ရှိကြသည်။

နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဖေမြင့်၊ ဒေါက်တာ မျိုးသိမ်းကြီး၊ နိုင်သက်လွင်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ တိုင်းဒေသကြီးတရား လွှတ်တော် တရားသူကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများနှင့် တာဝန်ရှိသူများက မကွေးလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် မကွေးတက္ကသိုလ်၌ ကျင်းပသည့် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်(မကွေး) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီး မှ ပညာရှင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တက္ကသိုလ်/ ကောလိပ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့များနှင့် လူငယ်ဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒေါက်တာဖေမြင့်၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ ဒေါက်တာဝင်းမြတ်အေး၊ နိုင်သက်လွင်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုနှင့် လူငယ်ကိုယ်စားလှယ် ၄ ဦးတို့က လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး)ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်ထောင်စု ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ဧည့်သည်တော်များ၊ တက္ကသိုလ်/ ကောလိပ်အသီးသီး မှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ လူငယ်ဆိုင်ရာ အဖွဲ့အစည်းများမှ လူငယ်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

ယင်းနောက် ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို မကွေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ ၌ ဆက်လက်ကျင်းပရာ မြန်မာ့ယဉ်ကျေးမှု အနုပညာတက္ကသိုလ်နှင့် အနုပညာအထက်တန်း ကျောင်းဆင်း ကျောင်းသားကျောင်းသူများက လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် Theme Song ဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မိန့်ခွန်းပြောကြားရာတွင် ယနေ့ကျင်းပတဲ့ လူငယ် ဘက်စုံဖွံ့ဖြိုးရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ကြွရောက်အားပေးကြတဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီးမှ ပညာရှင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေလို့ ဆုတောင်းမေတ္တာပို့သ အပ်ပါတယ်။

ယခုလို မကွေးတက္ကသိုလ် ပရဝဏ်ကြီးထဲမှာ လူငယ်လူရွယ်များစုံလင်စွာနဲ့ စည်စည်ကားကား တွေ့မြင်ရတဲ့အတွက် အလွန်ပင် ဝမ်းသာပီတိဖြစ်မိပါတယ်လို့ ဦးစွာပြောကြားလိုပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့တို့နှင့် ပေါင်းစပ်ညှိနှိုင်းကာ လူငယ်ဘက်စုံဖွံ့ဖြိုး ရေးပွဲတော် (ရန်ကုန်) ကို ၂၀၁၇ ခုနှစ်မှာလည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်းကာ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မန္တလေး)ကို ၂၀၁၈ ခုနှစ်မှာလည်းကောင်း၊ စည်ကားသိုက်မြိုက်စွာနဲ့ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ ပါတယ်။ ထို့အတူ မကွေးမြို့တွင်လည်း လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်မှ ၁၆ ရက်အထိ စည်ကားသိုက်မြိုက်စွာနှင့် အောင်မြင်စွာကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်ထားခြင်း ဖြစ်ပါတယ်။

ဒီပွဲတော်ကြီးမှာ စာပေဆိုင်ရာလှုပ်ရှားမှုတွေ၊ အနုပညာဆိုင်ရာလှုပ်ရှားမှုတွေ၊ အားကစားဆိုင်ရာ လှုပ်ရှားမှုတွေ၊ ဆန်းသစ်တီထွင်လှုပ်ရှားမှုတွေ၊ စကားဝိုင်းဆွေးနွေးပွဲတွေ၊ ပြပွဲပြခန်းတွေ၊ စာအုပ်စျေးခင်းကြီးတွေစသဖြင့် စုံစုံလင်လင် ထည့်သွင်းစီစဉ်ထားတာ ဖြစ်သလို လူငယ်လူရွယ် ကျောင်းသားကျောင်းသူတွေ၊ မိဘဆရာတွေ၊ စာပေဝါသနာရှင်တွေ၊ အနုပညာရှင်တွေ၊ IT ပညာရှင်တွေ အားလုံးက ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွနဲ့ ပါဝင်ဆင်နွှဲကြမှာဖြစ်တဲ့အတွက် မကွေးတက္ကသိုလ်ကြီးရဲ့ လှပတဲ့ နိမိတ်ပုံတစ်ခုကို ဝိုင်းဝန်းဖော်ဆောင်ကြတဲ့ နေ့တစ်နေ့အဖြစ် မှတ်ယူနိုင်ကြမှာဖြစ်ပါတယ်။

ဒီကနေ့ကျင်းပတဲ့ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကြီးဟာ မကွေးတိုင်းဒေသကြီးအတွင်းမှာ ရှိတဲ့ လူငယ်လူရွယ်များကို အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတနဲ့ လူမှုကျင့်ဝတ်တန်ဖိုးတွေ မျှဝေပေးနိုင်ဖို့၊ အနာဂတ် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းကို လူငယ်တွေရဲ့ အတွေးအမြင်ကောင်း စိတ်ဓာတ်ကောင်းတွေနဲ့ အကောင်အထည်ဖော် တည်ဆောက်ပေးနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက် တွေနဲ့ ကျင်းပတာဖြစ်ပါတယ်။ ယနေ့ မြန်မာ့လူ့အဖွဲ့အစည်းကို ငြိမ်းချမ်းမှု (Peace)၊ လွတ်လပ်မှု (Freedom) နှင့် ဖွံ့ဖြိုးတိုးတက်မှု (Development) ဆိုတဲ့ လူ့အခြေခံတန်ဖိုးများနဲ့ ဖန်တီးတည်ဆောက်လျက်ရှိရာ အနာဂတ် မြန်မာ့လူ့ဘောင်အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်စေရေး အတွက် လူငယ်များဟာ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ မည်သည့်နိုင်ငံတွင် မဆို လူငယ်များဟာ အဖိုးတန်ဆုံး အင်အားတစ်ရပ်အဖြစ် တည်ရှိပါတယ်။

အားလုံးသိကြတဲ့အတိုင်း မြန်မာနိုင်ငံလူဦးရေရဲ့ ၃၃ ဒသမ ၈ ရာခိုင်နှုန်းဟာ အသက် ၁၅ နှစ်မှ ၃၅ နှစ်ကြားရှိတဲ့ လူငယ်တွေပဲဖြစ်ပါတယ်။ ဒီလူငယ်များဟာ ကျွန်တော်တို့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ လူ့စွမ်းအား အရင်းအမြစ်တွေဖြစ်သလို အနာဂတ်နိုင်ငံတော်ရဲ့ ခေါင်းဆောင်မှုအခန်းကဏ္ဍကို လက်ဆင့်ကမ်း အမွေရယူကြရမယ့် သူတွေပဲဖြစ်ပါတယ်။ နိုင်ငံရဲ့အနာဂတ်ဟာ လူငယ်တွေရဲ့လက်ဝယ်မှာ ရှိပါတယ်။ လူငယ်များရဲ့ လေ့လာအားထုတ်မှု၊ အကြားအမြင် ဗဟုသုတကြွယ်ဝမှု၊ ထူးချွန်ထက်မြက်မှု၊ ရိုးသားပွင့်လင်းမှု၊ အများအကျိုးသယ်ပိုးလိုမှု၊ တက်ကြွလှုပ်ရှားမှုများဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ် လိုအပ်ပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ ကျွန်တော်တို့ရဲ့ အနာဂတ် လူ့အဖွဲ့အစည်းကြီး ဖွံ့ဖြိုးသာယာလှပ ဖို့အတွက် လူငယ်တွေရဲ့စွမ်းပကားကို အဖက်ဖက်က မြှင့်တင်ပေးဖို့ လိုအပ်တယ်ဆိုတာ ကိုလည်း အစဉ်အမြဲခံယူထားပါတယ်။ အဲ့သည်လိုလူငယ်တွေရဲ့ စွမ်းပကားကို တိုးတက်အောင် မြေတောင်မြှောက် ပျိုးထောင်ပေးနိုင်ဖို့အတွက် ယခုလို လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကြီးတွေ စီစဉ်ကျင်းပပေးနေတာဖြစ်ပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ လူငယ်ရေးရာမူဝါဒတွေ ရေးဆွဲနိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ယခုဆိုရင် လူငယ်တွေကိုယ်တိုင် လူငယ်ရေးရာ မူဝါဒတွေကို ပါဝင်ရေးဆွဲဆောင်ရွက်ခဲ့ကြသလို အတည်ပြုနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ လူငယ်များကလည်း မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်အားထက်သန်စွာနဲ့ ကဏ္ဍအသီးသီးမှာ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နေကြတာကိုလည်း ဝမ်းမြောက်ဖွယ် တွေ့မြင်နေရပါတယ်။ အဲဒီလို လူငယ်ရေးရာမူဝါဒတွေကို ရေးဆွဲဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက် အခန်းကဏ္ဍတစ်ရပ်အနေနဲ့ လူငယ်များက ပူးပေါင်း ဖော်ဆောင်ကြိုးပမ်းလာကြမယ်လို့လည်း ယုံကြည်ပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ ကြိုးပမ်း အားထုတ်မှု၊ နိုင်ငံတော်နဲ့ အနာဂတ်မျိုးဆက်သစ်လူငယ်များ ဖွံ့ဖြိုးတိုးတက်ဖို့ မျှော်မှန်းမှုတွေ အဖြစ် ဂုဏ်ယူရမှာ ဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံအသီးသီးကို ပြန်ကြည့်မယ်ဆိုရင် နိုင်ငံတိုင်းလိုလိုဟာ မိမိတို့ရဲ့ အနာဂတ်လူ့ဘောင် အတွက် လူငယ်မျိုးဆက်သစ်တွေကို အားပေးမြှင့်တင်ရင်း လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် အင်တိုက်အားတိုက် ဆောင်ရွက်နေကြတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ တစ်နည်းအား ဖြင့် လူငယ်ထုရဲ့စွမ်းပကားကို အနာဂတ် လူ့အဖွဲ့အစည်းများအတွက် အဓိကမောင်းနှင် အားအဖြစ် အပြည့်အဝ ယုံကြည်အားထား နေကြတာကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။ လူငယ်တွေဟာ သဘာဝအရ ရဲရင့်တယ်၊ တက်ကြွတယ်၊ လေ့လာစူးစမ်းတယ်၊ စွန့်စားလိုစိတ် ရှိတယ်၊ နိုင်ငံရဲ့အရေးပါတဲ့ အပြောင်းအလဲတွေမှာ အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့ကြ ပါတယ်။

ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ နိုင်ငံတော်ရဲ့ အနာဂတ်အတွက် အဓိက အသက်သွေးကြော ဖြစ်တဲ့ လူငယ်များကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ဖွံ့ဖြိုးကာ အလုပ်လုပ်နိုင်စွမ်း မြင့်မားလာရေး ဆိုတဲ့မူကို ကိုင်စွဲထားပါတယ်။ ဒါကြောင့်လည်း လူငယ်များ ပညာသင်ကြားနိုင်မှု အခွင့်အလမ်း များ ပေါ်ပေါက်ရေး၊ ကျန်းမာရေး အသိပညာ ပိုမိုရရှိရေး၊ မူးယစ်ဆေးဝါးပြဿနာ လျော့ကျရေး၊ အသိပညာဗဟုသုတ တိုးပွားရေး၊ တီထွင်ဆန်းသစ် ဖန်တီးနိုင်စွမ်းအား မြှင့်တင်အားပေးရေး တို့ကို ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ ယခုဆိုရင် လူငယ်တွေရဲ့သဘောထား၊ လူငယ်တွေရဲ့အသံနဲ့ လူငယ်တွေရဲ့အကြံဉာဏ်ကို အခြေခံကျကျရယူပြီး လူငယ်ရေးရာမူဝါဒ တွေကို ရေးဆွဲခဲ့ပြီးဖြစ်တဲ့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ် အစိုးရအဖွဲ့များက ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။

လူငယ်ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်ကြီးတွေ ကျင်းပရာမှာ လူငယ်တွေရဲ့ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုတဲ့ ဗလငါးတန်ဖွံ့ဖြိုးဖို့အတွက် ရည်မှန်းလုပ်ဆောင်နေတာကို တွေ့မြင်ရပါ တယ်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ရာမှာ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု တွေသာမက လူငယ်များရဲ့ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးနဲ့ အသိပညာမြင့်မားမှုတွေ ကလည်း အထူးအရေးပါတယ်ဆိုတာကို သတိပြုကြရမှာဖြစ်ပါတယ်။

အထူးသဖြင့် ကိုယ်ပိုင်အစွမ်းအစများနဲ့ မွေးဖွားလာကြတဲ့ လူငယ်လူရွယ်တွေကို ပြောင်းလဲနေတဲ့ ခေတ်နဲ့အညီ လိုက်ပါနိုင်အောင်၊ အနာဂတ်ရဲ့ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်အောင်၊ အတတ်ပညာနဲ့ အသိပညာတွေ လေ့ကျင့်သင်ကြားပေးကြရမှာ ဖြစ်သလို နိုင်ငံနဲ့လူမျိုးအပေါ် ချစ်ခင်မြတ်နိုးစိတ်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လိုစိတ် စတဲ့ စိတ်ပိုင်းဆိုင်ရာအရည်အသွေးတွေ မြင့်မားတိုတက်လာအောင်လည်း ဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ အလေးအနက်ထား မှာကြားလိုတဲ့ အချက် (၃) ချက် ရှိပါတယ်။

ပထမဆုံးအချက်မှာ-

ယနေ့ (၂၁) ရာစုခေတ်ရေစီးကြောင်းမှာ လူငယ်လူရွယ်တွေအပေါ် သက်ရောက် လွှမ်းမိုးမှုရှိတဲ့ ရိုက်ခတ်မှုတွေကလည်း အများကြီး ရှိနေပါတယ်။ ကမ္ဘာကြီးက ရပ်တန့်မနေဘဲ အချိန်နှင့်အမျှ ပြောင်းလဲတိုးတက်နေတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ လူငယ်တွေဟာ(၂၁)ရာစုရဲ့ စိန်ခေါ်မှု တွေကြားက အခွင့်အလမ်းတွေကို ရယူအသုံးချနိုင်ဖို့ အမြဲတမ်း အဆင်သင့်ဖြစ်နေအောင် ကိုယ်စီကိုယ်ငှ အားထုတ်ကြိုးပမ်းကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်။

ဒုတိယအချက်မှာ -

ခေတ်မီတိုးတက်မှုတွေကြားမှာ လူငယ်တွေရဲ့ ရိုးသားမှု၊ လူငယ်တွေရဲ့ ဖြူစင်မှု၊ အမှန်တရားကို မြတ်နိုးတတ်မှုနဲ့ စာရိတ္တမဏ္ဍိုင်ကို ခိုင်ခိုင်မာမာတည်ဆောက်ထားမှုတွေကို ဆက်လက် ထိန်းသိမ်းသွားကြဖို့ အထူးပဲအရေးကြီးလှပါတယ်။ ဒီကနေ့ မူးယစ်ဆေးဝါးအန္တရာယ်ဟာ ကျွန်တော်တို့ လူငယ်ထုရဲ့ လက်တစ်ကမ်းမှာ အမြဲရှိနေတာကို သတိကြီးကြီးထားပြီး ရှောင်ကြဉ်နိုင်ကြဖို့ အချင်းချင်းရိုင်းပင်းကူညီ စောင့်ရှောက်ပေးကြဖို့ တိုက်တွန်းပြောကြားလို ပါတယ်။

တတိယအချက်မှာ-

ဒီမိုကရေစီနိုင်ငံရေးစနစ်၊ ဖက်ဒရယ်စနစ်တွေနဲ့ လိုက်လျောညီထွေ ဖြစ်စေမယ့် "ပြည်ထောင်စု စိတ်ဓါတ်၊ ဒီမိုကရေစီဖက်ဒရယ် နိုင်ငံသားစိတ်ဓါတ်" တွေကို ငယ်ရွယ်စဉ်ကပဲ စတင်မွေးမြူ ပေးကြဖို့ မှာကြားလိုပါတယ်။ ပြည်ထောင်စုဖွား တိုင်းရင်းသား မျိုးနွယ်စုများအကြား မတူကွဲပြားမှုတွေကို အသိအမှတ်ပြုပြီး "စုပေါင်းအင်အား" တည်ဆောက်နိုင်ဖို့ ကျွန်တော်တို့ လူငယ်တွေအနေနဲ့ အပြန်အလှန် လေးစားမှု၊ အပြန်အလှန် ရိုင်းပင်းကူညီဖေးမမှု၊ အပြန်အလှန် စာနာထောက်ထားမှုတွေကို မြှင့်တင်ပေးကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်။

ယနေ့ကျင်းပပြုလုပ်တဲ့ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကြီးမှာ ပါဝင်ဆင်နွှဲကြမယ့် လူငယ်များ အနေနဲ့ နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် နိုင်ဖို့အတွက် မိမိတို့ရဲ့စွမ်းပကားများကို မပြတ်အားထုတ် မြှင့်တင်ကြပါ၊ အရည်အချင်းကောင်းများ ပေါ်ထွက်လာအောင် ကြိုးစားကြပါ၊ အများအကျိုး သယ်ပိုးလိုစိတ် မွေးမြူကြပါ၊ လွတ်လပ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အခြေခံတဲ့ လူ့အသိုက်အဝန်းကြီး ဖြစ်လာအောင် ဝိုင်းဝန်းပုံဖော် တည်ဆောက်ကြပါ။ မိမိနိုင်ငံရဲ့ ဂုဏ်သိက္ခာ မြင့်မားသည်ထက် မြင့်မားပြီး ခန့်ညားထည်ဝါ အောင် ကိုယ်စိတ်ခွန်အားအပြည့်နဲ့ ကူညီဆောင်ရွက်ပေးကြပါလို့ ပြောကြားရင်း နိဂုံးချုပ် လိုက်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

ယင်းနောက် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး) ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ကျင်းပရေး ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတို့က အမှတ်တရစကား ပြောကြားကြပြီး ကျင်းပရေးဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် တက္ကသိုလ်၊ ကောလိပ်များမှ ထူးချွန်ကျောင်းသားကျောင်းသူများကို ဆုများ ပေးအပ်ချီးမြှင့်ရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက The 5th South and Southeast Asia College Student Culture and Sports Week – Kunming(Yunan) ဘောလုံးပြိုင်ပွဲတွင် အသင်းအလိုက်ရပ်တည်မှုအဆင့်(၈)၊ အကောင်းဆုံး တတိယဆုရရှိသည့် မန္တလေးတက္ကသိုလ်မှ မောင်သီဟအောင်၊ မောင်မျိုးကိုဦးနှင့် မောင်ကျော်ဇင်ဖြိုးတို့ကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက Ocean Opportunities, First Global Competition (Dubai) ပြိုင်ပွဲတွင် First Prize in Judges Award ဆုရရှိသည့် ရန်ကုန်နည်းပညာတက္ကသိုလ်မှ မောင်ဝင်းနိုင်ကျော်၊ Optimized Optical System Design of a Single – Led Backlight, 2019 GKS for ASEAN Countries Science and Engineering Students Program (Korea)တွင် Award of Excellence ဆုရရှိသည့် နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)မှ မအေးနန္ဒာထွန်းနှင့် The 33rd China Adolescents Science and Technology Innovation Content (China)တွင် Third Place ဆုရရှိသည့် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်မှ မဇင်နွယ်ထက်တို့ကို လည်းကောင်း၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ASEAN Makerthon 2019 (Malaysia)တွင် Best Prototype Award ဆုရရှိသည့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ မောင်ဝင်းထွန်း၊ မောင်မန်ဆစ်အိမ်နှင့် မောင်ဇင်ထက်အောင်တို့ကိုလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် မကွေးတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများက “သွေးချင်းများပီပီ” တေးသီချင်း၊ “လှသောအညာမြေ” တေးသီချင်းတို့ဖြင့် ဂုဏ်ပြုဖျော်ဖြေကြသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတသည် တာဝန်ရှိသူများနှင့်အတူ လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်တွင် ခင်းကျင်းပြသထားသည့် ပြခန်းများနှင့် ၂၀၁၈ ခုနှစ်အတွင်း ထုတ်ဝေခဲ့ သည့် စာအုပ်များ ခင်းကျင်းပြသထားမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး)ကို ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ်ကျင်းပခြင်းဖြစ်ပြီး ပွဲတော်ကို ဒီဇင်ဘာ ၁၆ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

ပွဲတော်တွင် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများ၊ ကျပန်းစကားပြောနှင့် ကဗျာရွတ်ပြိုင်ပွဲများ၊ လူငယ်ဆိုင်ရာဆွေးနွေးပွဲများ၊ အပန်းဖြေအားကစားပြိုင်ပွဲများ၊ သရုပ်ပြအားကစားနည်းများ၊ အသိပညာပေး အစီအစဉ်များ၊ မြန်မာ့အသံခေတ်ပေါ် တီးဝိုင်းနှင့် နိုင်ငံကျော် အဆိုတော်များ၊ ငြိမ်းချမ်းရေး ဂီတပွဲတော်မှ အဆိုရှင်များ၏ ဖျော်ဖြေရေးအစီအစဉ်များ၊ အနုပညာဆိုင်ရာ လှုပ်ရှားမှုများ၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် သိပ္ပံနှင့်နည်းပညာ ဆိုင်ရာပြခန်းများ၊ လူငယ်နှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးပြခန်း၊ လူငယ်များအတွက် သိကောင်းစရာ အချက်အလက်များ မေးမြန်းဖြေကြားခြင်း အစီအစဉ်များ၊ အခြေခံမျိုးဆက်ပွားကျန်းမာရေး အသိပညာပေး ဟောပြောပွဲများ၊ သားဆက်ခြား နည်းလမ်းအသိပညာပေးဟောပြောပွဲများ၊ ကျား/မ အခြေပြု အကြမ်းဖက်ခြင်းဆိုင်ရာ စကားဝိုင်းများ၊ အမှတ်တရ ပစ္စည်းရောင်းချခြင်းများ၊ တိုင်းရင်းသားရိုးရာအကများ သရုပ်ပြကပြခြင်းနှင့် စာအုပ်ဈေးရောင်းပွဲတော်တို့ ထည့်သွင်းပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကာ ပွဲတော်သို့ မည်သူမဆို လာရောက်ကြည့်ရှု ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ လူငယ်ပွဲတော်နွှဲပျော်စို့”ဟူသည့် ဆောင်ပုဒ်နှင့်အညီ မြန်မာလူငယ်များ ၏ အသိပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုး အပါအဝင် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန် မြှင့်တင်ပေးနိုင်ရေးနှင့် အနာဂတ် မြန်မာ့လူ့ဘောင် အဖွဲ့အစည်းအား ၎င်းတို့၏ အတွေးအမြင်ကောင်းများဖြင့် တည်ဆောက် အကောင်အထည် ဖော်ရေး စသည့် ရည်ရွယ်ချက်များဖြင့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို ကျင်းပခြင်းဖြစ်သည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ပြည်သူ့ဆေးရုံကြီး(မကွေး)သို့ ရောက်ရှိရာ ဆေးရုံအုပ်ကြီး ဒေါက်တာမြတ်စိုးက ပြည်သူ့ဆေးရုံကြီး(မကွေး)အား ခုတင် ၅၀၀ ဆံ့ အဆင့်မြှင့်တင်ရန်အတွက် ၅ ထပ်တိုးချဲ့ဆောင် ဆောက်လုပ်ခြင်း လုပ်ငန်းပြီးစီးမှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် ၅ ထပ်တိုးချဲ့ဆောင်အား လှည့်လည်ကြည့်ရှုပြီး ပြည်သူ့ဆေးရုံကြီး(မကွေး)၌ တက်ရောက်ဆေးကုသမှုခံယူနေသည့် လူနာများကို အားပေးစကား ပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် မကွေးမြို့မှ တပ်မတော်အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာကြရာ နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။

သတင်းစဉ်

 

HOT NEWS
January 4,