နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိုးကုတ်မြို့ ညောင်သုံးပင်ပရိယတ္တိ သာမဏေကျော် သာသနာ့ဗိမာန်တော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြည်ညို

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိုးကုတ်မြို့ ညောင်သုံးပင်ပရိယတ္တိ သာမဏေကျော် သာသနာ့ဗိမာန်တော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြည်ညို


Ministry of Information/ ​မိုးကုတ် / November 09, 2019
image_latest


 

 

မိုးကုတ် နိုဝင်ဘာ ၉

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်  ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးမင်းသူ၊ ဒေါက်တာဝင်းမြတ်အေး၊ ဦးအုန်းဝင်း၊ တာဝန်ရှိ သူများနှင့် အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ အထူး လေယာဉ်ဖြင့်ထွက်ခွာရာ မန္တလေး တိုင်းဒေသကြီး တံတားဦးမြို့နယ်ရှိ မန္တလေးအပြည် ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည်။

ထို့မှတစ်ဆင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာခဲ့ပြီး မိုးကုတ်မြို့သို့ရောက်ရှိကြရာ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့် ဒေသခံ တိုင်းရင်းသားများက ကြိုဆိုနှုတ်ဆက် ကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည် မိုးကုတ်မြို့ ညောင်ပင်သုံး ပရိယတ္တိ သာမဏေကျော် စာသင်တိုက်ဝင်းအတွင်း၌ တည် ဆောက်ပြီးစီးသွားသည့် ညောင်သုံးပင်ပရိယတ္တိ သာမဏေကျော် သာသနာ့ဗိမာန်တော် ဖွင့်ပွဲနှင့် ရေစက်ချအခမ်းအနားသို့ တက်ရောက်ကြည်ညိုကြသည်။

ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် သဒ္ဓမ္မ ဇောတိကဓဇ၊ မဟာ သဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဂန္ထဝါစက ပဏ္ဍိတ၊  အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ မိုးကုတ်မြို့ ညောင် သုံးပင် ပရိယတ္တိသာမဏေကျော်စာသင် တိုက် ပဓာနနာယကဆရာတော် ဒေါက်တာ ဘဒ္ဒန္တတေ ဇောသာ ရာဘိဝံသ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးမင်းသူ၊ ဦးအုန်းဝင်း၊ ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယ ဝန်ကြီး ဦးကြည်မင်းနှင့် အလှူရှင် ထာဝရကုမ္ပဏီလီမီတက်ဥက္ကဋ္ဌ ဦးမောင်ကိုတို့က ဗိမာန်တော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက်မိုးကုတ်မြို့ ညောင်သုံးပင်ပရိယတ္တိ သာမဏေကျော် စာသင်တိုက် ဆရာ တော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့က ဗိမာန်တော်ကမ္ပည်းမော်ကွန်းကို အမွှေးနံ သာရည်ဖြင့် ပက်ဖြန်းပေးကြသည်။

ယင်းနောက် ဗိမာန်တော်ရေစက်ချပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ မိုးကုတ် မြို့ ညောင်သုံးပင် ပရိယတ္တိ သာမဏေကျော် စာသင်တိုက် ပဓာနနာယကဆရာတော်ထံမှ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွား သရဇ္စျာယ် တော်မူသည့် ပရိတ်တရားတော်များ ကို နာယူကြည်ညိုကြသည်။

ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက သာသနာရေး ဆိုင်ရာ များကို လျှောက်ထား သည်။

ယင်းနောက် ဗိမာန်တော်တည်ဆောက်မှုအတွက်  အလှူရှင်များက အလှူငွေများကို ပေးအပ်လှူဒါန်းကြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူ များနှင့်အလှူရှင်များက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက် ကပ်လှူဒါန်းကြသည်။

ယင်းနောက် မိုးကုတ်မြို့ ညောင်သုံးပင်ပရိယတ္တိ သာမဏေကျော် စာသင်တိုက် ဆရာတော်ထံမှ နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဧည့်ပရိတ်သတ်များ၊ အလှူရှင်များက အနုမောဒနာတရား နာကြားကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းလောင်း အမျှပေး ဝေကြသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိ သူများနှင့် အလှူရှင်များက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်း ကြသည်။

ညောင်သုံးပင်ပရိယတ္တိ သာမဏေကျော် သာသနာဗိမာန်တော်ကို အလှူရှင်များက ငွေကျပ်သိန်းပေါင်း ၁၄၄၀၀ကျော် အကုန်ကျခံ တည်ဆောက်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကျောင်းတိုက်ကို ၁၉၆၈ ခုနှစ်တွင် တည်ထောင်ဖွင့်လှစ်ခဲ့ကာ ၂၀၁၃ ခုနှစ် မှ ၂၀၁၉ ခုနှစ် အတွင်း သာမဏေကျော် သံဃာ ၄၈ ပါး အောင်မြင် ခဲ့ကြောင်းသိရသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် King Bridge ဟိုတယ်၌ လွှတ်တော်ကိုယ်စားလှယ်များ၊ မိုးကုတ်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဒေသခံ တိုင်းရင်းသား ကိုယ်စား လှယ်များ၊ မြို့မိ၊ မြို့ဖများအား တွေ့ဆုံ သည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိအနေဖြင့် ယခင်က မိုးကုတ် ဒေသကို ပြန်လာမည်ဟု ဒေသခံပြည်သူများကို ကတိပေးခဲ့သည့်အတွက် ယခုလာရောက် ခြင်းဖြစ်ပါကြောင်း၊ ကတိသည် နိုင်ငံ တစ်နိုင်ငံ၏ အစိုးရနှင့်ပြည်သူအကြားတွင် အရေးကြီး သည့်ကိစ္စဖြစ်ပါကြောင်း၊ ထို့ပြင် အစိုးရကို ကိုယ်စားပြုသည့် ပုဂ္ဂိုလ်များနှင့် ပြည်သူကို ကိုယ်စားပြုသည့် ပုဂ္ဂိုလ်များအကြားအရေးကြီးသည့် ကိစ္စလည်း ဖြစ်ပါကြောင်း၊ ကတိ မတည်လျှင် တစ်ယောက်နှင့်တစ်ယောက်၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့အကြား ယုံကြည်မှုတည် ဆောက်၍မရပါကြောင်း၊ နိုင်ငံတစ်နိုင်ငံတွင် အလွှာအသီးသီးအကြား၌ ယုံကြည်မှု မရှိလျှင် မငြိမ်းချမ်း နိုင်ပါကြောင်း၊ ညီညွှတ်မှုတည်ဆောက်၍ မရနိုင်ပါကြောင်း၊ ညီညွှတ်မှု မရှိလျှင် ဖွံ့ဖြိုးတိုးတက်နိုင်မည် မဟုတ်ပါကြောင်း။

မိုးကုတ်ဒေသတွင် မည်သို့သောပြဿနာများရှိ၍ မည်သို့ဖြေရှင်းပေးရမည်ဆိုသည့် ရည်ရွယ်ချက်ဖြင့်လည်း လာရောက်ခြင်းဖြစ်ပါကြောင်း၊ မိုးကုတ်ဒေသသည် တိုင်းရင်းသား ပေါင်းစုံ အေးအေးချမ်ချမ်းနေထိုင်သည့် ဒေသဖြစ်သည့်အတွက် မိမိအနေဖြင့် သဘောကျ ပါကြောင်း၊ မိမိတို့နိုင်ငံသည် နိုင်ငံကိုမှီတင်း နေထိုင်ကြ သူများအားလုံးအတွက် လုံခြုံမှုပေး နိုင်သည့် နိုင်ငံဖြစ်စေလိုပါကြောင်း၊ မည်သည့် ဘာသာ ကိုးကွယ် သည်ဖြစ်စေ၊ မည့်သည့် တိုင်းရင်းသားအုပ်စုဖြစ်စေ၊ မည့်သည့်အယူအဆဖြစ်စေ နိုင်ငံအတွင်း မှီတင်းနေ ထိုင်ကြသူ များအားလုံးကို အပြည့်အဝယုံကြည်မှုပေးပြီး အားလုံးကို တိုးတက်အောင်ကူညီဆောင် ရွက်ပေး သည့် အနေအထားမျိုးဖြစ်စေလိုပါကြောင်း၊ မြို့မိမြို့ဖများဆိုသည်မှာ မြို့ခံပြည်သူ များက ၎င်းတို့၏ အမိအဖ သဖွယ်အားကိုးရသည့် ပုဂ္ဂိုလ်များကိုဆိုလိုပါကြောင်း၊ သို့ဖြစ်၍ မြို့မိမြို့ဖများအနေဖြင့် နိုင်ငံတော်၏ အနာဂတ်အတွက်၊ တိုင်းရင်းသားပြည်သူ များအတွက် ရေရှည်လုံခြုံမှုရှိပြီး စိတ်ချမ်းသာရေးအတွက် စဉ်းစားဆောင်ရွက်တင်ပြကြရမည်ဖြစ် ကြောင်း၊ မိုးကုတ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်  တင်ပြပြောဆို နိုင်မည်ဟု ယုံကြည်ပါ ကြောင်း၊ မိုးကုတ်မြို့သည် ကျောက်လုပ်ငန်းကို မှီခိုအားထားဆောင်ရွက်သည့် ဒေသဖြစ် သည့်အတွက် ကျောက်တူးဖော်ရေးကိစ္စနှင့်စပ်လျဉ်း၍ တင်ပြနိုင်ရန်အတွက် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား ခေါ်ဆောင်လာ ပါကြောင်း။

၂၀၂၀ ပြည့်နှစ်သည် ရွေးကောက်ပွဲနှစ်ဖြစ်ပါကြောင်း၊ မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်ရေးသည် အရေးကြီး ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားတိုင်းကို ပေးထား သည့်အခွင့်အရေးဖြစ်ပါကြောင်း၊ မဲပေး ပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်ရေးအတွက်  အုပ်ချုပ် ရေးအဖွဲ့အစည်းကလည်း ရွေးကောက်ပွဲ ကော်မရှင်နှင့် အတူ ပူးပေါင်းဆောင်ရွက် ကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက်  တက်ရောက်လာကြသူများက ကျောက်မျက်နည်းဥပဒေ အမြန်ထွက် ရှိရေး၊ နိုင်ငံတော်က သိမ်း ဆည်း ထားသည့် မြေဧက(၁၅၀၀၀)အနက် တူးဖော်ထုတ်လုပ် ခြင်းမရှိသည့် ဧက(၃၀၀၀)အား ဒေသခံ ပြည်သူများအား လုပ်ကိုင်ခွင့်ချ ထားပေးရေး၊ မှတ်ပုံတင်ကိစ္စ၊ မိုးကုတ်မြို့ရှိ ကျောက်မျက် တူးဖော် ထုတ်လုပ်မှုမရှိသည့် နေရာများအား နိုင်ငံခြားသားခရီးသွားများ လေ့လာနိုင်ရန် နေရာသတ်မှတ်ပေးရေး၊ ပလောင်တိုင်းရင်းသား စာပေသင်ကြားနိုင်ရေးအတွက် ဆရာ၊ဆရာမများခန့်ထားပေးရေးနှင့် ပလောင် ကျေးရွာ များမှ တစ်ချို့ဒေသတွင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်အောင်ဆောင်ရွက် ပေးရေး၊ မိုးကုတ် ဆေးရုံ၌ အရိုးကုဆရာဝန် ဖြည့်ဆည်းပေးရေးနှင့် ဒေသခံလက်လုပ် လက်စားများ အချိုးကျ လုပ်ကွက် ရရှိစေ ရေးတို့နှင့် စပ်လျဉ်း၍တင်ပြကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တင်ပြချက်များအပေါ် ရှင်းလင်းပြောကြားပြီး မိုးကုတ်ဒေသသည် သယံ ဇာတနှင့်သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းသည့်ဒေသဖြစ် စေလိုကြောင်း၊ မိမိတို့အစိုးရ စတင် တာဝန် ယူစဉ်ကပင် လမ်းပန်းဆက်သွယ်ရေးကို ဦးစား ပေးဆောင်ရွက်ခဲ့ပါကြောင်း၊ ဆွေးနွေးတင်ပြသည့်ကိစ္စများမှာ မဖြေရှင်းနိုင်သည့်ကိစ္စ မရှိပါ ကြောင်း၊ မိမိတို့အစိုးရအနေဖြင့်လည်း ပြည်သူတင်ပြသည့် ကိစ္စအားလုံးကို အလေး ထားပါကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည့် အခြေအနေရှိပါကချက်ချင်း ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ချက်ချင်းမဆောင်ရွက်နိုင် ပါက မှတ်သားထားပါ ကြောင်း၊ မိမိတို့ ပြည်သူများသည် သယံဇာတများထက် ပိုမိုတန်ဖိုးရှိပါကြောင်း၊ မိုးကုတ် ဒေသခံပြည်သူများအနေဖြင့် ပြည်ထောင်စုအတွက်၊ နောင်မျိုးဆက်များအတွက် နိုင်ငံတော် အစိုးရနှင့်အတူ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေး ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် မိုးကုတ်မြို့မှ ရဟတ်ယာဉ် များဖြင့် ပြန်လည်ထွက်ခွာကြပြီး ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။

(သတင်းစဉ်)

HOT NEWS
January 4,