နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံ-ကိုရီးယား ဆွေးနွေးဖက် ဆက်ဆံရေး အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးနှင့် ပထမအကြိမ် မဲခေါင်-ကိုရီးယား ထိပ်သီး အစည်းအဝေးများသို့ တက်ရောက်ခဲ့

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံ-ကိုရီးယား ဆွေးနွေးဖက် ဆက်ဆံရေး အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးနှင့် ပထမအကြိမ် မဲခေါင်-ကိုရီးယား ထိပ်သီး အစည်းအဝေးများသို့ တက်ရောက်ခဲ့


Ministry of Information/ ​နေပြည်တော် / November 28, 2019


မြန်မာနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား ရေလုပ်ငန်း၊ နည်းပညာနှင့် သက်မွေးဝမ်းကျောင်းပညာနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်မည့် နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုး

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ကိုရီးယားသမ္မတနိုင်ငံ၊ ဘူဆန်မြို့၌ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိကျင်းပသည့် အာဆီယံ-ကိုရီးယား ဆွေးနွေးဖက်ဆက်ဆံရေး အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးနှင့် ပထမအကြိမ် မဲခေါင်-ကိုရီးယား ထိပ်သီးအစည်းအဝေးတို့သို့ တက်ရောက်ခဲ့ပြီးနောက် နေပြည်တော်သို့ ယနေ့ ညနေပိုင်းတွင် ပြန်လည်ရောက်ရှိသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုဝင်ဘာလ ၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် Exhibition Centre II, BEXCO ၌ ကျင်းပပြုလုပ်သည့် ASEAN-ROK CEO Summit ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ASEAN-ROK Culture Innovation Summit ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး “Growing with Art” ခေါင်းစဉ်ဖြင့် ဆွေးနွေး ပြောကြားခဲ့သည်။ မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဘူဆန်နိုင်ငံခြားဘာသာသင်တက္ကသိုလ်၌ မြန်မာ ဘာသာအထူးပြု သင်ယူနေကြသည့် ကိုရီးယားကျောင်းသူ ကျောင်းသားများနှင့် ဘူဂယောင်းအမျိုးသား တက္ကသိုလ်၌ ပညာဆည်းပူးနေကြသော မြန်မာ ကျောင်းသူ ကျောင်းသားများနှင့် တွေ့ဆုံကာ စကားဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် Exhibition Centre II, BEXCO ၌ ကျင်းပသည့် ASEAN-ROK CEO Summit တွင် “ New Partnership for Co-Prosperity of Korea and ASEAN Businesses” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားပြီး ညနေပိုင်းတွင် Cruise Grand Ballroom, Hilton Busan ၌ ကိုရီးယားသမ္မတ နိုင်ငံသမ္မတ မစ္စတာမွန်ဂျေအင်းက အာဆီယံ နိုင်ငံခေါင်းဆောင်များအား တည်ခင်းသည့် ကြိုဆိုဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုဝင်ဘာလ ၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် အာဆီယံ-ကိုရီးယား ဆွေးနွေးဖက်ဆက်ဆံရေး အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ ထိပ်သီး အစည်းအဝေးတွင် ခေါင်းဆောင်များက ပြီးခဲ့သည့်နှစ်ပေါင်း (၃၀) ကာလအတွင်း အာဆီယံနှင့် ကိုရီးယားသမ္မတ နိုင်ငံတို့၏ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ပြန်လည်သုံးသပ်ပြီးနောက် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည့် အလားအလာများကို လည်းကောင်း၊ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် သာယာဝပြောရေးတို့အတွက် ပေါင်းစည်းဆက်သွယ်မှု ပိုမိုတိုးမြှင့်ရေး ဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်။ ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ASEAN-ROK Startup Summit သို့ တက်ရောက်ပြီး Innovation Showcase 2019 ကို လှည့်လည်ကြည့်ရှုသည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် Nurimaru APEC House တွင် ကျင်းပသော ကိုရီးယားကျွန်းဆွယ် တည်ငြိမ်အေးချမ်းရေးနှင့် သာယာဝပြောရေးကိစ္စရပ်များကို ဆွေးနွေးသည့် ခေါင်းဆောင်များ၏ သီးသန့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့သည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် Westin-Chosun ဟိုတယ်၌ သမ္မတ မစ္စတာ မွန်ဂျေအင်းနှင့် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ယင်းသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ မကြာသေးမီက မြန်မာနိုင်ငံသို့ လာရောက် ခဲ့သည့် သမ္မတမစ္စတာမွန်ဂျေအင်း၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား သဘောတူညီခဲ့သော ကိစ္စရပ်များ အကောင်အထည်ဖော်ရာတွင် တိုးတက်မှုအခြေအနေများ၊ ယဉ်ကျေးမှု၊ ပညာရေး၊ စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အခြေခံအဆောက်အဦနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများအပါအဝင် နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်သွားရေးနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု ပိုမိုတိုးတက် ခိုင်မာစေရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ကိုရီးယား EPS စနစ်ဖြင့် မြန်မာအလုပ်သမားများ ပိုမိုတိုးမြှင့် ခေါ်ယူရေး၊ ကိုရီးယားယဉ်ကျေးမှုကို စိတ်ဝင်စားသူ မြန်မာ လူငယ်များအား K-Wave Academy မှ ကူညီပံ့ပိုးပေးရေးနှင့် ရခိုင်ပြည်နယ်၊ မာန်အောင်ကျွန်းတွင် နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံဖွင့်လှစ်ရေး ကိစ္စရပ်များကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့သည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် သမ္မတ မစ္စတာ မွန်ဂျေအင်းနှင့်အတူ နှစ်နိုင်ငံအကြား “ရေလုပ်ငန်းကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ”၊ “နည်းပညာနှင့် သက်မွေးဝမ်းကျောင်းပညာ ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ” နှင့် “ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍတွင် ဘက်စုံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ” များ လက်မှတ်ရေးထိုးသည့် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ASEAN Culture House သို့ သွားရောက်၍ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့၏ ပြခန်းများကို လေ့လာကြည့်ရှုပြီးနောက် ညနေပိုင်းတွင် မဲခေါင်-ကိုရီးယား ထိပ်သီး အစည်းအဝေး၏ ကြိုဆိုဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုဝင်ဘာလ ၂၇ ရက်နေ့၊ နံနက်ပိုင်းတွင် ပထမအကြိမ် မဲခေါင်-ကိုရီးယား ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင် ခေါင်းဆောင်များက အတူတကွ သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဲခေါင်နိုင်ငံများနှင့် ကိုရီးယားသမ္မတ နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မဲခေါင်နိုင်ငံများနှင့် ကိုရီးယားနိုင်ငံတို့၏ ဇီဝမျိုးစုံမျိုးကွဲ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးပြပွဲသို့ လေ့လာကြည့်ရှုသည်။ မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကိုရီးယားသမ္မတနိုင်ငံသို့ ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများနှင့် စာစန်း ခရိုင်ခန်းမ၌တွေ့ဆုံကာ မိန့်ခွန်းပြောကြားခဲ့ပြီး မြန်မာအလုပ်သမားများ၏ မေးမြန်းချက်များကို ဖြေကြား ပေးခဲ့သည်။

မြန်မာကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါခဲ့သော အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် “ကိုရီးယား အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးနေ့ (၂၀၁၉)” အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် ကိုရီးယားသမ္မတနိုင်ငံနှင့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နိုင်ငံတို့အကြား ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ (Memorandum of Understanding on Development Cooperation) ကို ကိုရီးယား သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံ (၅) နိုင်ငံတို့မှ တက်ရောက်လာကြသော ဝန်ကြီးများက လက်မှတ်ရေးထိုးခဲ့သည်။ ကိုရီးယားသမ္မတနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင် (၅) နိုင်ငံတို့သည် အဆိုပါနားလည်မှု စာချွန်လွှာမှတစ်ဆင့် ဒစ်ဂျစ်တယ်စီးပွားရေးကဏ္ဍ၊ အဆင့်မြင့်ပညာရေးကဏ္ဍ၊ စစ်ပွဲများမှ ကျန်ရှိခဲ့သည့် ပေါက်ကွဲစေနိုင်သောပစ္စည်းများ ရှင်းလင်းရေးကဏ္ဍ၊ အဆင့်မြင့်မြို့တော်များ တည်ဆောက်ရေးကဏ္ဍနှင့် ဒေသတွင်း ပေါင်းစပ် ဆက်သွယ်မှု မြှင့်တင်ရေးကဏ္ဍတို့တွင် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်သွားမည်ဖြစ်သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အခမ်းအနားတွင် “ပြည်သူကို ဗဟိုပြုသည့် ပြည်ပဖွံ့ဖြိုးရေးအကူအညီ”ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ဆွေးနွေးသူအဖြစ် ပါဝင်ဆွေးနွေးခဲ့သည်။

အာဆီယံ-ကိုရီးယား ဆွေးနွေးဖက်ဆက်ဆံရေး အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးနှင့် ပထမအကြိမ် မဲခေါင်-ကိုရီးယား ထိပ်သီးအစည်းအဝေးတို့အပြီးတွင် ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် မိတ်ဖက် ဆက်ဆံရေးတို့အတွက် အာဆီယံ-ကိုရီးယား ပူးတွဲမျှော်မှန်းချက်ဆိုင်ရာ ကြေညာချက် (ASEAN-ROK Joint Vision Statement for Peace, Prosperity and Partnership)၊ အာဆီယံ- ကိုရီးယား အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး ပူးတွဲဥက္ကဋ္ဌများ၏ ကြေညာချက် (Co-chairs Statement on the ASEAN-ROK Commemorative Summit) နှင့် မဲခေါင်-ဟန်မြစ် ကြေညာချက် (Mekong-Han River Declaration) တို့ကို ထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များအဖြစ် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါခဲ့ကြသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်