ပညာရတနာလောက ကောင်းကျိုးပွားတိုး

ပညာရတနာလောက ကောင်းကျိုးပွားတိုး


Ministry of Information/ Naypyitaw / January 20, 2021
image_latest


ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည်။ အရာရာကို ပညာဖြင့် လုပ်ကိုင် နေကြသည်။ ပညာဖြင့် ဆုံးဖြတ်နေကြသည်။ ပညာသည်သာ အရာရာကို ဖန်တီးနိုင်စွမ်းရှိသည်။ ပညာသည် ပညာတတ်ဟု ပညတ်ထားသော ပုဂ္ဂိုလ်ကို ဆိုလိုခြင်းမဟုတ်။ ပညာသည် ပရမတ်အားဖြင့် ထိုးထွင်းဆင်ခြင်နိုင်သော ပုဂ္ဂိုလ်တို့ကိုသာ ဆိုလိုခြင်းဖြစ်သည်။
ပညာဆိုသည်နှင့်ပတ်သက်၍ “ပညာဆိုသည်မှာ စာအုပ်စာတမ်းဖတ်၍ စာသိမှုကို ပညာဟုမဆိုပေ။ ပညာသည် အတိုင်းအဆမထင်၊ အလွန် ကျယ်ပြော နက်နဲလှပေသည်။ လောကပင်လယ် တည်းဟူသော ကျောင်းကြီး ၌ ကျွန်ုပ်တို့သည် ပုခက်တွင်းမှသည် မြေကြီးထဲသို့ ရောက်သည်အထိ ပညာသင်သားများဖြစ်ကြပေသည်။ ထို့ကြောင့် ပညာသင်ကြားမှုသည် အမှန် စင်စစ်အားဖြင့် သူ၏တစ်သက်ပန်တွင် ကုန်ဆုံးသည်ဟု မဆိုနိုင်ပေ”ဟု ဗိုလ်ချုပ်အောင်ဆန်းက ပညာနှင့်ပတ်သက်၍ ရေးသားခဲ့သည်။
ဆက်လက်၍ “ပညာတတ်ဟူသည် လောကရှိ အရာရာကို အခွင့် အလမ်းလိုက် ဆင်ခြင်သုံးသပ်နိုင်စွမ်းသော ဉာဏ်အားကိုလည်းကောင်း၊ မိမိဉာဏ် အမြင်အရ စိတ်နေစိတ်ထား စိတ်ဓာတ်ကို လည်းကောင်း၊ ပြုပြင်စီမံ ထားခဲ့သူသာလျှင် ဖြစ်သည်။ ဘီအေပင်အောင်စေကာမူ၊ ပါရဂူဘွဲ့ကြီးပင်ရစေ ကာမူ၊ ပထမကျော်ကြီးပင် ဖြစ်စေကာမူ၊ အသက်အရွယ်မည်မျှပင် ကြီးရင့် စေကာမူ ပညာဆို သော သဘာဝအဓိပ္ပာယ်ကို ကောင်းစွာသုံးသပ်နားလည် ခြင်းမရှိခဲ့သော် တကယ်အရာမရောက်၊ အသုံးမဝင်နိုင်ပေ။ ပညာသည် စာအုပ်ထဲ၌သာရှိသည်မဟုတ် စာအုပ်များကိုကျော်၍ မြင်နိုင်ခြင်းကို ဆောင်ရွက်နိုင်ရပေမည်။
“ပညာသည် သူ၏ဉာဏ်ကိုသာ ပြုပြင်တိုးချဲ့ရုံသာမဟုတ်၊ လူ၏စိတ်နေ စိတ်ထား အယူအဆများကိုလည်း တိုးတက်စေရမည်။ လူ၏ဆန္ဒအား လုပ်အားကို နူးညွတ်စေရမည်။ ရာဇဝင်သိရုံသာမဟုတ်၊ ရာဇဝင်ကို ဖန်တီး နိုင်စေရမည်။ လောကဓာတ်ပညာကို တိုးချဲ့နိုင်စေရမည်။ ပထမပညာကိုသာ သိရုံသာမဟုတ်၊ မြေသစ်၊ ရေသစ်၊ တောတောင်တို့ကို ရှာဖွေစုံစမ်းနိုင်စွမ်း စေရမည်။ လောကအကြောင်းကို နားလည်စေရုံသာမဟုတ်၊ သည့်ထက်
ကောင်းသော လောကကို ဖန်ဆင်းနိုင်စေရမည်။ ဤကား ပညာ၏သရုပ် အကျဉ်းမျှပင်တည်း”ဟု ပညာနှင့်ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းက ဖွင့်ဆိုရှင်းပြခဲ့သည်။
ပညာနှင့်စပ်လျဉ်း၍ ပညာသည် လောက၏ရတနာဟု ဆိုနိုင်သည်။ သင်္ခါရလောက သဘောတရားအရ လောကတွင် မည်သည့်အရာမဆို ပျက်စီး ခြင်းအဆုံးရှိပေသည်။ ရတနာတို့သည်လည်း သင်္ခါရ သဘောအရ ပျက်စီးသော ရတနာ၊ ကုန်ခန်းသောရတနာတို့ရှိသော်လည်း မကုန်ခန်းသောရတနာ သို့မဟုတ် သက်တမ်းအလွန်ရှည်သော ရတနာတို့လည်း ရှိပေသည်။ ယင်းရတနာသည်ကား ပညာရတနာပင် ဖြစ်သည်။ ရုပ်ဝတ္ထု သက်ရှိသက်မဲ့ တို့သည် ပျက်စီးခြင်းအဆုံးဖြစ်သော်လည်း ပညာရတနာသည် ဖျက်ဆီးခြင်း၊ ပျက်စီးခြင်းမရှိသည့် ထာဝရပရမတ်တရားဖြစ်ပေသည်။

တစ်ဖန် လောကတွင် လူနှစ်မျိုးရှိသည်။ တစ်မျိုးမှာ ပစ္စည်းဥစ္စာများကို ရှာဖွေစုဆောင်းရုံသာစုဆောင်းသည့် ဥစ္စာစောင့်ကဲ့သို့ လူနှင့် ပစ္စည်းဥစ္စာတို့ကို လည်း ရှာလည်းရှာဖွေ မျှလည်းမျှဝေပေးသည့် ဥစ္စာပွားသူဟူ၍လည်း ရှိသည်။ ဥစ္စာပွားသူသည် သံသရာအဆက်ဆက် စီးပွားဥစ္စာများ အမြဲတက် လျက်ရှိသကဲ့သို့ လောကတွင် လူသားများနှင့် လောကကြီးအား အကျိုးပြု မည့် ပညာရပ်အမျိုး မျိုးတို့ကို စုဆောင်းရှာဖွေ တွေးခေါ်ကြံဆ မျှဝေပေးနေသော ပုဂ္ဂိုလ်များနှင့်တူပေသည်။
ယခုအခါ ပညတ်သာဖြစ်သည့် ဘွဲ့ရပညာတတ်လောကမှ ပရမတ် ပညာရှိသည့် ပညာတတ်များ ပေါများလာသည်ကို တွေ့ရသဖြင့် လောက အတွက် ဝမ်းမြောက်ရပေသည်။ တတ်သည့်ပညာ မနေသော ဆိုသကဲ့သို့ အများပြည်သူအကျိုးရှိအောင်၊ တိုင်းပြည်အတွက် အကျိုးဖြစ်အောင် ပညာရပ် များကို စုဆောင်းရှာဖွေမျှဝေပေးနေကြသည်ကို တွေ့ရသည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို အကြောင်းပြု၍ ပညာတတ်များ စုရုံးမိကြလေပြီ။ ဘာသာရပ်အလိုက်၊ သက်ဆိုင်ရာသက်ဆိုင်ရာအလိုက်၊ အကြောင်းအရာ အကြောင်းအရာအလိုက် တိုင်ပင်ဆွေးနွေး နှီးနှောဖလှယ်နေကြလေသည်။
လောကအတွက်၊ လူသားများအတွက် ဝမ်းမြောက်ဖွယ်ကောင်းလေစွ။ လောကလူသားများအတွက် အကျိုးပြုသော ထိုထိုပညာများကို ထိုထိုပညာ ရပ်ဝန်းကျင်နယ်ပယ်တစ်ခုအတွက်သာမက စိတ်ဝင်စားရာ အများပြည်သူ များကိုပါ မျှဝေပေးနိုင်မည်ဆိုပါက မြတ်ရတနာပွားသူများကဲ့သို့ လောကကောင်းကျိုး၊ လူသားကောင်းကျိုး တိုး၍တိုး၍ ဆောင်ကြဉ်းနိုင်မည် ဖြစ်ပါကြောင်း။ ။

(ကြေးမုံ အယ်ဒီတာ့အာဘော်)

 

HOT NEWS
January 4,