ပညာရေးဝန်ကြီးဌာနနှင့် ဥရောပသမဂ္ဂတို့ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး သဘောတူစာချုပ်အတွက် မူဝါဒဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

ပညာရေးဝန်ကြီးဌာနနှင့် ဥရောပသမဂ္ဂတို့ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး သဘောတူစာချုပ်အတွက် မူဝါဒဆိုင်ရာ ဆွေးနွေးပွဲကျင်းပ


Ministry of Information/ ​နေပြည်တော် / December 06, 2019
image_latest


နေပြည်တော် ဒီဇင်ဘာ ၆

ပညာရေး ဝန်ကြီးဌာနနှင့် ဥရောပသမဂ္ဂတို့ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး သဘောတူ စာချုပ်အတွက် မူဝါဒဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီ တွင် ပညာရေးဝန်ကြီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ပညာရေးဝန်ကြီးဌာနသည် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆ -၂၀၂၁) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံ၏ ပညာရေးနှင့် ကျွမ်းကျင်မှု အခြေပြုနိုင်ရေးတို့ကို မြှင့်တင်ရန် အခြေခံပညာရေး၊ နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေးနှင့်ပြည်သူ့ ဘဏ္ဍာစီမံခန့်ခွဲမှုတို့အတွက် အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း၏ အဓိကပြုပြင်ပြောင်းလဲမှုများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရန် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစ၍ ၂၀၂၂-၂၀၂၃ ခုနှစ်အထိ ၅နှစ်အတွက် ရန်ပုံငွေများ ပံ့ပိုးခဲ့ခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း။

အခြေခံပညာရေးတွင် သင်ရိုးညွှန်းတမ်းများကို ၂၁ရာစု ပညာရေးနှင့် အညီ ပြုပြင်ပြောင်းလဲ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် သင်ရိုးသစ်ကို သင်ကြားခြင်းအားဖြင့် ကျောင်းသား ကျောင်းသူများကို စည်းကမ်းလိုက်နာမှု ပိုမိုမြင့်မားလာခြင်း၊ နိုင်ငံချစ်စိတ် တိုးတက်လာခြင်း တီထွင်ကြံဆမှုနှင့်စဉ်းစားတွေးခေါ်မှုများ ပိုမိုတိုးတက်လာပါကြောင်း၊ Grade-3 ကျောင်းသား ကျောင်းသူတိုင်း အခြေခံအရေး၊ အဖတ်၊ အတွက် ကောင်းမွန်စွာတတ်မြောက်ရေး ဆောင်ရွက်နေပါကြောင်း၊ မူလတန်းပညာ အားလုံးပြီးမြောက်၍ အလယ်တန်း၊ အထက်တန်း ပညာရေးသို့ ဆက်လက်သင်ကြားနိုင်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကျောင်းနေမှု အခွင့်အလမ်းများ ပိုမိုရရှိနိုင်ရေးအတွက် ဒေသအလိုက်လိုအပ်သောစာသင်ကျောင်းများ တိုးမြှင့်ဆောက်လုပ်ခြင်း၊ အဆင့်တိုးမြှင့်ခြင်းနှင့် ဆရာဆရာမများ ခန့်ထားပေးခြင်းနှင့် ပညာသင်ထောက်ပံ့ကြေးများလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အားလုံးတွင် လုပ်သားစျေးကွက်နှင့် လိုက်လျောညီထွေမှုရှိသော အရည်သွေးရှိ နည်းပညာ သက်မွေးပညာရေးနှင့် အဆင့်မြင့်ပညာဆိုင်ရာ သင်တန်းအစီအစဉ်များ ဖွင့်လှစ်ပေးနိုင်ရန် ကျောင်းများနှင့် စက်ရုံအလုပ်ရုံ ဌာနများ ပူးပေါင်းဆောင် ရွက်မှု အစီအစဉ်ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးပေးပါသော ဥရောပသမဂ္ဂနှင့်အတူ ဖွံ့ဖြိုးမှုမိတ်ဖက်များအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် ဥရောပသမဂ္ဂ သံအမတ်ကြီး Mr. Kristian Schmidt က အမှာစကား ပြောကြားသည်။

ယင်းနောက် တာဝန်ရှိသူများက Power Point ဖြင့် ရှင်းလင်းတင်ပြပြီး တက်ရောက် လာသူများက ဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ဥရောပသမဂ္ဂ သံအမတ်ကြီး Mr. Kristian Schmidt နှင့်အဖွဲ့သည် ပျဉ်းမနားမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း သို့ သွားရောက်၍ ဆရာ ဆရာမများ၊ မိဘများ၊ ကျောင်းသား ကျောင်းသူများနှင့် ရင်းနှီးစွာ တွေ့ဆုံပြီး စာကြည့်တိုက်၊ စာသင်ခန်းများအား လှည့်လည်ကြည့်ရှု ကြကြောင်း သိရသည်။

(သတင်းစဉ်)

 

HOT NEWS
January 4,