ပိုက်ကျော်ခြင်း ဒိုင်လူကြီးသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဖွင့်လှစ်

ပိုက်ကျော်ခြင်း ဒိုင်လူကြီးသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဖွင့်လှစ်


Ministry of Information/ Naypyitaw / July 26, 2024
image_latest


နေပြည်တော် ဇူလိုင် ၂၅

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ပိုက်ကျော်ခြင်း ဒိုင်လူကြီးသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)၌ ကျင်းပသည်။

အဆိုပါ သင်တန်းဖွင့်ပွဲသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တက်ရောက်ဖွင့်လှစ်ပေးပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် သက်ဆိုင်ရာအားကစားနည်းအလိုက် ဒိုင်လူကြီး တာဝန်ထမ်းဆောင်မည့်သူများ အရည်အချင်းပြည့်မီစွာ တာဝန်ထမ်းဆောင်နိုင်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ ဒိုင်လူကြီးသင်တန်းများကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ဒိုင်လူကြီးများအနေဖြင့် ဥပဒေသများ ကျွမ်းကျင်မှု၊ ကိုယ်ကျင့်တရား ကောင်းမွန်မှု၊ အဂတိတရားကင်းရှင်းမှုနှင့် မှန်ကန်စွာ ဆုံးဖြတ်နိုင်မှုတို့သည် လွန်စွာအရေးကြီးကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် အရည်အချင်းပြည့်မီသည့် ဒိုင်လူကြီးများ ဖြစ်လာစေရန် ကြိုးစားသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး သင်တန်းဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အဆိုပါသင်တန်းကို ဇူလိုင် ၂၅ ရက်မှ ၃၁ ရက်အထိ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ သင်တန်းသား သင်တန်းသူ ၂၄ ဦးဖြင့် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)နှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp)တို့မှ အားကစားသမားများအား ဂုဏ်ပြု ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်ပြီး (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် နိုင်ငံ့ကိုယ်စားပြု ယှဉ်ပြိုင်နိုင်သည့် စံချိန်စံညွှန်းပြည့်မီပြီး အရည်အချင်းရှိသည့် အားကစားသမားများ ဖြစ်လာစေရန် ကြိုးစားကြစေလိုကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း အဘက်ဘက်က ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့သက်ဆိုင်ရာ အားကစားနည်းများတွင် ထူးချွန်သူများ ဖြစ်လာစေရန်နှင့် အားကစားသမားတစ်ဦးချင်းစီ၏ ကိုယ်ရည်ကိုယ်သွေး အစဉ်တိုးတက်နေစေရန် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာပြည်စံချိန်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး စံချိန်များတွင် စံချိန်သစ်တင်နိုင်ခဲ့သည့် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)နှင့် လူငယ် အားကစားလေ့ကျင့်ရေးစခန်း(Youth Camp)တို့မှ အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးထိန်လင်းက ပြိုင်ပွဲများတွင် စံချိန်သစ်တင်နိုင်အောင် စွမ်းဆောင်ပေးခဲ့သည့် နည်းပြများအား ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,