ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး (၂၈) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးသို့ တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး (၂၈) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးသို့ တက်ရောက်


Ministry of Information/ Naypyitaw / March 16, 2022
image_latest


နေပြည်တော် မတ် ၁၆

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည့် (၂၈) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီး  H.E. Pan Sorasak က သဘာပတိအဖြစ်ဆောင်ရွက်ပြီး  အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးဝန်ကြီးများ၊ အာဆီယံအဆင့်မြင့်စီးပွားရေးအရာရှိများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံ စီးပွားရေးအကြံပေးကောင်စီအဖွဲ့ဝင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံက ၂၀၂၂ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီးပွားရေးဆိုင်ရာဦးစားပေးလုပ်ငန်း (၁၉) ခုကို ဆွေးနွေး အတည်ပြုသည်။ ဝန်ကြီးများက အာဆီယံစီးပွားရေးအသိုက်အဝန်း ၂၀၂၅ အကောင်အထည်ဖော်မှုအောက်မှ ၂၀၂၂ ခုနှစ်အတွက် ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းများကို အချိန်မီဆောင်ရွက်ရေး ဆွေးနွေးဆုံးဖြတ်သည်။ ထို့နောက် ဝန်ကြီးများက (၄၁) ကြိမ်မြောက် အာဆီယံ စီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့က တင်ပြသည့် အာဆီယံ၏ လုပ်ငန်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာအပေါ် ဆွေးနွေးအတည်ပြုခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကမ္ဘောဒီးယားနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ် ဦးစားပေးဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်းများအပေါ် ကြိုဆိုထောက်ခံကြောင်းနှင့် ဦးစားပေးလုပ်ငန်းများတွင် ပါဝင်သည့် Digital Startup Ecosystem ရေးဆွဲရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်စေသော စိုက်ပျိုးရေးဆိုင်ရာ လမ်းညွှန်ချက်ရေးဆွဲရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေသည့် အာဆီယံခရီးသွားမူဘောင် ရေးဆွဲနိုင်ရေးအတွက် လေ့လာမှုများ ဆောင်ရွက်ခြင်းကိစ္စရပ်များသည် ကာလကြာရှည်စွာဖြစ်ပေါ်နေသည့် ကိုဗစ်ကပ်ရောဂါ၏ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် အခြေခံကောင်းများဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး ဦးစားပေးဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်းများကို ၂၀၂၂ ခုနှစ်အတွင်း ပြီးစီးအောင်မြင်စေရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ မြန်မာနိုင်ငံက ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

(၂၈) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ဆက်လက်ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်က တက်ရောက်သည်။

မွန်းလွဲပိုင်းအစည်းအဝေးတွင် ဝန်ကြီးများက အာဆီယံအသိုက်အဝန်းတစ်ခုလုံးအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါအတွင်း တုံ့ပြန်မှုများဆောင်ရွက်နိုင်ရေးနှင့် ကိုဗစ်အလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများပါဝင်သည့် အာဆီယံဘက်စုံပြန်လည်ထူထောင်ရေးမူဘောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုနှင့် အာဆီယံစီးပွားရေးပြန်လည်ထူထောင်ရေးနှင့် ဒစ်ဂျစ်တယ် စီးပွား‌ရေး ပေါင်းစည်းရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေးညှိနှိုင်းသည်။ အစည်းအဝေးတွင် ဝန်ကြီးများက အာဆီယံကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ်ကို အဆင့်မြှင့်တင်ရန်အတွက် ညှိနှိုင်းမှုများ စတင်ကြောင်းကြေညာခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကို တုံ့ပြန်သည့်အနေဖြင့် အရေးကြီးကုန်စည်များအပေါ် အကောက်ခွန်မဟုတ်သော စီမံဆောင်ရွက်မှုများ ဖယ်ရှားရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို ထပ်မံသက်တမ်းတိုးရန် သဘောတူခဲ့ကြသည်။

ထို့အပြင် ဝန်ကြီးများက ယူကရိန်း-ရုရှားပဋိပက္ခကြောင့် အာဆီယံနိုင်ငံများအပေါ် စီးပွားရေးအရ သက်ရောက်နိုင်သည့် အခြေအနေများအပေါ် အမြင်ချင်းဖလှယ်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြ သည်။

(၂၈) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးမတိုင်မီ အာဆီယံ စီးပွားရေးဝန်ကြီးများနှင့် အာဆီယံစီးပွားရေးအကြံပေးကောင်စီတို့ တွေ့ဆုံဆွေးနွေးပွဲကို ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပရာ အဆိုပါတွေ့ဆုံပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံမှ စီးပွားရေးဝန်ကြီးများနှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော် တက်ရောက်သည်။

တွေ့ဆုံ ဆွေးနွေးပွဲတွင် အာဆီယံ စီးပွားရေးအကြံပေးကောင်စီ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံမှ Mr. Neak Oknha Kith Meng နှင့် နိုင်ငံအလိုက် အဖွဲ့ဝင်များက ၂၀၂၂ ခုနှစ်အတွင်း ဆောင်ရွက်မည့် ဦးစားပေးလုပ်ငန်းများနှင့် အာဆီယံစီးပွားရေး ပေါင်းစည်းမှု ပိုမိုခိုင်မာစေရေးအတွက် အကြံပြုချက်များကို  ရှင်းလင်းတင်ပြကြသည်။

ဒုတိယဝန်ကြီးက လက်ရှိဖြစ်ပေါ်နေသည့် စီးပွားရေး စိန်ခေါ်မှုများကို အာဆီယံ၏ အချက်အချာကျမှု၊ ဒေသတွင်း စည်းလုံးညီညွတ်မှုတို့ဖြင့် ကျော်လွှားရေး၊ ကိုဗစ်-၁၉ အလွန် စီးပွားရေး ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးသည်။

ဝန်ကြီးများက အာဆီယံ စီးပွားရေးအသိုက်အဝန်း အကောင်အထည်ဖော်ရာတွင် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးကြောင်း၊ ဒေသတွင်း ကိုဗစ်-၁၉ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ပုဂ္ဂလိကကဏ္ဍမှ ပူးပေါင်းဆောင်ရွက်မှုများကို ကြိုဆိုကြောင်းနှင့် ဒေသတွင်း စီးပွားရေးစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့ကြ ကြောင်း သိရသည်။ 

(သတင်းစဉ်)

HOT NEWS
January 4,