ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲဆန္ဒရှင်စာရင်း မှန်ကန်ရေး စစ်ဆေးဆောင်ရွက်မှု ကြည့်ရှုအားပေး
ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲဆန္ဒရှင်စာရင်း မှန်ကန်ရေး စစ်ဆေးဆောင်ရွက်မှု ကြည့်ရှုအားပေး
Ministry of Information/ Naypyitaw / July 03, 2022
နေပြည်တော် ဇူလိုင် ၃
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန သင်တန်းကျောင်း၌ နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင် မှန်ကန်ရေးအတွက် မဲပေးပိုင်ခွင့်ရှိသူစာရင်းများ ပြုစုခြင်းနှင့် နိုင်ငံသားကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်းများ မှန်ကန်မှုရှိစေရေးအတွက် မြေပြင်စာရင်းများနှင့် တိုက်ဆိုင်စစ်ဆေးကာ ကွန်ပျူတာများဖြင့် ဖြည့်သွင်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု အားပေးရာ အထွေထွေရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားရေးမှူး ဦးသိန်းဦးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုနှင့် လုပ်ငန်းလိုအပ်ချက်များကို လိုက်လံရှင်းလင်း တင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာ ပစ္စည်းများကို တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်သည်။ ယခုလုပ်ငန်းစဉ်တွင် လူအင်အား (၁၅၀)ကျော်က ကွန်ပျူတာ (၁) လုံးလျှင် တစ်ရက်ပျမ်းမျှ လူဦးရေ (၆၆၀)နှုန်းခန့်ဖြင့် ကွန်ပျူတာ (၉၂)လုံး အသုံးပြုကာ တစ်ရက်လျှင် ပျမ်းမျှလူဦးရေ စုစုပေါင်း (၄၅၀၀၀) ကျော်ကို အချက်အလက်များ မှန်ကန်ရေး တိုက်ဆိုင်စစ်ဆေး ဖြည့်သွင်းပြုစု ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းကျောင်းခန်းမ၌ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင်/မြို့နယ် ဦးစီးမှူးများနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင်္ဂလာဒုံမြို့နယ် ဦးစီးမှူးရုံးသို့ သွားရောက်၍ နိုင်-၄ မှတ်တမ်းပါ အချက်အလက်များနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ကွန်ပျူတာဖြင့် ဖြည့်သွင်းကာ ရုံးချုပ် Server သို့ ပေးပို့ဆောင်ရွက်ပြီးစီးမှု၊ မှတ်တမ်းပစာရင်းများ မှန်ကန်ရေးအတွက် မြေပြင်ရှိ ကိုယ်ရေးအချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးမှု၊ ယခင်မဲစာရင်းများတွင် ကတ်ပြားအမှတ်များ ဖြည့်သွင်းရန် ကျန်ရှိမှုများအပေါ် ပြန်လည်စိစစ် ဖြည့်သွင်းနေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြကြသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လှိုင်သာယာ (အရှေ့)မြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ ဝန်ထမ်းများက မြို့နယ်အတွင်း ထုတ်ပေးပြီးဖြစ်သည့် နိုင်ငံသားကတ်ထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ် (နိုင်-၄)ပါ အချက်အလက်များနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကို ကွန်ပျူတာများအတွင်း ဖြည့်သွင်းပြီးစီးမှုနှင့် နေပြည်တော်(ရုံးချုပ်)ရှိ Server သို့ ပေးပို့ဆောင်ရွက်မှု၊ နိုင်ငံသားကတ်အမှတ်များ ထပ်နေမှုနှင့် ဖြည့်သွင်းရန် ကျန်ရှိနေသည့် နိုင်-၄ မှတ်တမ်း အချက်အလက်များ ပြည့်စုံမှန်ကန်စွာ စိစစ်ဖြည့်သွင်းနေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်