ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း အိန္ဒိယ - မြန်မာ ကုန်သည်ကြီးများအသင်းမှ လုပ်ငန်းရှင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေး

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း အိန္ဒိယ - မြန်မာ ကုန်သည်ကြီးများအသင်းမှ လုပ်ငန်းရှင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေး


Ministry of Information/ Naypyitaw / January 30, 2023
image_latest


နေပြည်တော် ဇန်နဝါရီ ၂၉

ရန်ကုန်မြို့ရှိ အိန္ဒိယ - မြန်မာကုန်သည်ကြီးများ အသင်း (India - Myanmar Chamber of Commerce - IMCC)၏ ဖိတ်ကြားချက်အရ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့အိန္ဒိယစင်တာ၌ ကျင်းပသည့် တွေ့ဆုံဆွေးနွေးပွဲသို့ ဂုဏ်ထူးဆောင် ဧည့်သည်တော်အဖြစ် တက်ရောက်သည်။

ရှင်းလင်းပြောကြား

တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Vinay Kumar က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား၍ အိန္ဒိယ-မြန်မာနှစ်နိုင်ငံအကြား နယ်ပယ်ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်နေမှုကို ရှင်းလင်းပြောကြားသည်။

အဓိကသွင်းကုန်ပစ္စည်းဖြစ်

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအခြေအနေများ ပိုမို တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ အိန္ဒိယ - မြန်မာ ကုန်သည်ကြီးများအသင်းသည် အရေးပါသော အဖွဲ့အစည်းတစ်ခု ဖြစ်ပါကြောင်း၊ အိန္ဒိယ-မြန်မာနှစ်နိုင်ငံ ဆက်သွယ်ဆောင်ရွက်မှုများသည် ရှေးယခင် ကာလကတည်းကပင်တည်ရှိ၍ နှစ်နိုင်ငံ နယ်နိမိတ်နီးကပ် လျက်ရှိခြင်းကြောင့် ဆက်သွယ်ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ခဲ့ပါကြောင်း၊ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်မှုမိတ်ဖက်နိုင်ငံဖြစ်ပြီး (၂၀၂၁-၂၀၂၂)ခုနှစ်တွင် ကုန်သွယ်မှုတန်ဖိုး အမေရိ ကန်ဒေါ်လာ ၁ ဒသမ ၈၉ ဘီလီယံခန့်ရှိပြီးဆက်လက် တိုးတက်ရန် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ဆေးဝါးပစ္စည်းများသည် အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ အဓိကသွင်းကုန်ပစ္စည်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရှိ ပြည်သူများ အရည်အသွေးပြည့်ဝသော ဆေးဝါးများ လက်လှမ်းမီရရှိစေရန် အိန္ဒိယနိုင်ငံထုတ် ဆေးဝါးများကို ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးရုံများတွင် အသုံးပြုနိုင်ရေး နိုင်ငံတော်ဘတ်ဂျက်ဖြင့် နှစ်စဉ်ဝယ်ယူဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှလည်း တင်သွင်းလာသည့် ဆေးနှင့်ဆေးပစ္စည်းများ သွင်းကုန်လိုင်စင် လျင်မြန်စွာရရှိရေး၊ ပြည်သူများ ဘေးကင်းလုံခြုံစိတ်ချစွာဖြင့် အသုံးပြုနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ရင်းနှီးမြှုပ်နှံရန် တိုက်တွန်း

အိန္ဒိယနိုင်ငံသည် ဆေးပညာရပ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်သောနိုင်ငံဖြစ်ပြီး အိန္ဒိယနိုင်ငံမှ ဆေးပညာရှင်များ မြန်မာနိုင်ငံသို့ လာရောက်၍ မြန်မာဆေးပညာရှင်များနှင့် ပူးပေါင်းကာ ဆေးကုသမှုများ ဆောင်ရွက်ရန်နှင့် ဆေးဝါးစက်ရုံများ တည်ထောင်၍ ရင်းနှီးမြှုပ်နှံရန် တိုက်တွန်းပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း မြန်မာနိုင်ငံအတွက် လိုအပ်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများ၊ oxygen plantများ၊ ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်းမှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ နယ်ပယ်အသီးသီးတွင် တွေ့ကြုံရသော အခက်အခဲ များကို ပူးပေါင်းဖြေရှင်း၍ နှစ်နိုင်ငံကျန်းမာရေးကဏ္ဍ ဆိုင်ရာ စီးပွားဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ကြ စေလိုပါကြောင်း ဆွေးနွေးပြောကြားသည်။

အမှတ်တရလက်ဆောင်ပေးအပ်

ထို့နောက် အိန္ဒိယ-မြန်မာ ကုန်သည်ကြီးများ အသင်းဥက္ကဋ္ဌ Mr. Naresh Kumar Dinodiya နှင့် အတွင်းရေးမှူးတို့က အိန္ဒိယ-မြန်မာ ကုန်သည်ကြီး များအသင်း၏ ဆောင်ရွက်မှုကို ရှင်းလင်းပြောကြား ပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာကြသော အိန္ဒိယ လုပ်ငန်းရှင်များ၏ မေးမြန်းမှုများကို ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အသေးစိတ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ယင်းနောက် အိန္ဒိယသံအမတ်ကြီး H.E. Mr. Vinay Kumar က ပြည်ထောင်စုဝန်ကြီးအား အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ကျန်းမာရေး ဝန်ကြီးဌာန ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦစီးဌာနမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရ သည်။

 သတင်းစဉ်

HOT NEWS
January 4,