ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မန္တလေးတိုင်းဒေသကြီးအတွင်း နို့စားနွားမွေးမြူရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မန္တလေးတိုင်းဒေသကြီးအတွင်း နို့စားနွားမွေးမြူရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


Ministry of Information/ Naypyitaw / July 26, 2024
image_latest


နေပြည်တော် ဇူလိုင် ၂၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ခင်လူးကျေးရွာရှိ ရွှေညောင်ပင် နို့စားနွားမွေးမြူရေး သမဝါယမအသင်းသို့ သွားရောက်ပြီး နို့စားနွားမွေးမြူသူအသင်းသားများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် သက်ဆိုင်ရာတာဝန်ရှိသူများက မိတ္ထီလာခရိုင်အတွင်း သမဝါယမအသင်းများမှ နို့စားနွားနှင့် ဒေသနွားမွေးမြူထားရှိမှု၊ မျိုးကောင်းမျိုးသန့်၊ တိရစ္ဆာန်အစာနှင့် ခြံများတည်ဆောက်နိုင်ရေးအတွက် ထောက်ပံ့ပေးအပ်မည့် အစီအမံများ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ ကျောက်ဆည်ခရိုင်၊ တံတားဦးခရိုင်တို့အတွင်း နို့စားနွားနှင့် ဒေသနွားမကောင်ရေ ၅၃၀ တိုးချဲ့ မွေးမြူနိုင်ရေး စီမံဆောင်ရွက်ထားရှိမှုနှင့် မိတ္ထီလာမြို့နယ်အတွင်း သမဝါယမအသင်း ခုနစ်သင်းမှ နို့စားနွား ၄၁၂ ကောင်၊ ဒေသနွားမ ၄၂၁ ကောင် တိုးချဲ့မွေးမြူမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မွေးမြူရေးလုပ်ငန်းများအတွက် သမဝါယမအသင်း ရန်ပုံငွေများ၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများဖြင့် လိုအပ်သည့် မျိုး၊ အစာနှင့် ခြံတည်ဆောက်ခြင်းများအတွက် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားပြီး နို့စားနွားမွေးမြူသူ အသင်းသားများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ရွှေညောင်ပင် နို့စားနွားမွေးမြူရေး သမဝါယမအသင်းမှ နို့စားနွားမွေးမြူသူ အသင်းသားများကို နို့စားနွားမွေးမြူရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် အစာစရိတ်နှင့် နွားခြံဆောက်လုပ်ရန် သမဝါယမအသင်းချေးငွေများ ပေးအပ်ပြီး နို့စားနွား မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာမြို့နယ် ကောင်းထက်စံ နို့စားနွားမွေးမြူရေး လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နို့နှင့် နို့ထွက်ပစ္စည်းများ တန်ဖိုးမြှင့် စားသောက်ကုန်အဖြစ် ထုတ်လုပ်ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်နှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး သမဝါယမအသင်းစုအနေဖြင့် လိုအပ်သောအရင်းအနှီးများ ပံ့ပိုးဆောင်ရွက်ပေးသွားရန် ဆွေးနွေးမှာကြား၍ အသင်းသားတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာမြို့နယ် လိန်တောကျေးရွာ၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ဖွင့်လှစ်ပို့ချလျက်ရှိသော စက်ချုပ်သင်တန်းမှ သင်တန်းသူများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်းကောင်း၊ လိန်တောကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်းခွဲရှိ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်လည်းကောင်း၊ မိတ္ထီလာမြို့နယ် တောမကျေးရွာရှိ ရပ်မိရပ်ဖများ၊ ကျေးရွာသူ ကျေးရွာသားများနှင့်လည်းကောင်း၊ မိတ္ထီလာမြို့ရှိ သမဝါယမဦးစီးဌာနရုံး၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်လည်းကောင်း တွေ့ဆုံပြီး ဆရာ ဆရာမများ၊ ဒေသခံတောင်သူများနှင့် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရမည်းသင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ကျေးရွာငါးရွာ၊ အိမ်ခြေ ၇၇၉ အိမ်၊ လူဦးရေ ၃၀၀၀ တို့ကို အကျိုးပြုပေးနိုင်မည့် အင်ကြင်းကန်-အုတ်ဖို-ကြံပင်-ထန်းတော ကျေးရွာချင်းဆက်လမ်း ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဇီးဖြူကုန်းကျေးရွာ ကုန်ထုတ်လမ်းဖောက်နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ ဆောလျင်စွာ ပြီးစီးရေးသတ်မှတ်စံချိန်စံညွှန်း အရည်အသွေးပြည့်မီစေရေး အလေးထားကြပ်မတ်ဆောင်ရွက်ကြရန်နှင့် ကျေးရွာလမ်းကော်မတီဝင်များနှင့် ဒေသခံပြည်သူအားလုံးက လမ်းရေရှည်ကောင်းမွန်စေရေးနှင့် ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,