ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ လုပ်ငန်းဆောင်ရွက်ချက်များရှင်းလင်း

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ လုပ်ငန်းဆောင်ရွက်ချက်များရှင်းလင်း


Ministry of Information/ ​နေပြည်တော် / December 13, 2019


နေပြည်တော် ဒီဇင်ဘာ ၁၂

တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လုပ်ငန်း များကို တာဝန်ယူဆောင်ရွက်နေသည့်ဝန်ကြီးများအား လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းခြင်း အခမ်းအနားကို ဒီဇင်ဘာ ၁၀ ရက် မွန်းလွဲ ၂ နာရီတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မိမိတို့ဝန်ကြီးဌာနသည်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ လုပ်ငန်းများကိုဆောင်ရွက်ရာတွင် လုပ်ငန်းသဘော သဘာဝအရ ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ဆောင်ရွက်ရသည့်ဌာနတစ်ခုဖြစ်သည်နှင့်အညီ လုပ်ငန်းများ ဖော်ဆောင်ရာတွင်လည်း ပြည်သူများအတွက် အမှန်တကယ် အကျိုး ဖြစ်ထွန်းစေမည့် လိုအပ်ချက်များကို သုံးသပ်ကာ လက်ရှိနိုင်ငံတော်အစိုးရ စတင်တာဝန်ယူချိန်မှစ၍ သစ္စာစီမံချက် ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ပြည်ဝင်ဗီဇာကိစ္စများ၊ ပြည်တွင်း / ပြည်ပ ဝင်ထွက်သွားလာမှုနှင့် ပတ်သက်သည့် လူဝင်မှုစစ်ဆေးရေးလုပ်ငန်းများ၊ နိုင်ငံခြားသား ထိန်းသိမ်းရေးလုပ်ငန်းများကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းဆောင်ရွက်နိုင်ရန် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ အမျိုးသားမှတ်ပုံတင်ရေး နှင့် နိုင်ငံသားမှတ်ပုံတင်လုပ်ငန်းကိုဆောင်ရွက်ရာတွင် ၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံသားဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး စိစစ် ထုတ်ပေးခြင်း၊ အခြေခံပညာကျောင်းများမှ အသက်(၁၈)နှစ်ပြည့်ကျောင်းသား ကျောင်းသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် ကိုင်ဆောင်သင့်သော မှတ်ပုံတင် တစ်မျိုးမျိုးထုတ်ပေးခြင်း၊ မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ် စိစစ် ခြင်း၊ နိုင်ငံသားစိစစ်ခံရမည့် သူ၏ သက်သေခံကဒ်ပြား (NV Card) ထုတ်ပေးခြင်း၊ ရွှေ့ ပြောင်းနေထိုင်သူများနှင့် အလုပ်သမားများကို အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ကိုင်ဆောင်သင့်သော မှတ်ပုံတင် တစ်မျိုးမျိုးထုတ်ပေးခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။

ပြည်သူ့အင်အားစာရင်း ကောက်ယူထိန်းသိမ်းရေးလုပ်ငန်းကို ဆောင်ရွက်ရာတွင် ၂၀၁၄ ခုနှစ်၌ ပြည်လုံးကျွတ် ကောက်ယူနိုင်ခဲ့သည့် လူဦးရေနှင့် အိမ်အကြောင်းအရာ စာရင်းအင်း အချက်အလက်များကို အခြေခံအသုံးပြု၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးအတွက် စီမံကိန်းများ ရေးဆွဲချမှတ် ဆောင် ရွက်လျက်ရှိရာ ယခုအခါ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူရန်စီစဉ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေ ဖြင့် ယခုလက်ရှိ အဓိကဆောင်ရွက် လျက်ရှိသော လုပ်ငန်းများဖြစ်သည့် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း၊ ၂၀၂၀ ပြည့် နှစ်တွင် ဆောင်ရွက်မည့် အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ အားလုံးမဲပေးခွင့်ရရှိရေးအတွက် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်း လုပ်ငန်းနှင့် e-ID စနစ် အကောင် အထည်ဖော်ရေးလုပ်ငန်း စသည့် လုပ်ငန်းများသည် နိုင်ငံတော်အတွက် အလွန်အရေးပါသည့် လုပ်ငန်းများ ဖြစ်ပါကြောင်း။

ယင်းလုပ်ငန်းစဉ် များသည်တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်ပြီး ကြီးမားကျယ်ပြန့်၍ ခက်ခဲနက်နဲသည့် လုပ်ငန်းများဖြစ်ပါကြောင်း၊ မိမိတို့ဌာနသာမက အခြားသော ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ် များ စသည့် ဒေသအာဏာပိုင် အဖွဲ့အစည်းများ အားလုံးက ပံ့ပိုးကူညီမှုဖြင့် ပြည်သူ အားလုံး ပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မည့် လုပ်ငန်းစဉ်များ ဖြစ်ပါကြောင်း၊ တက်ရောက်လာကြသည့် ဝန်ကြီးများအနေဖြင့် ယင်းလုပ်ငန်းစဉ်များ၏ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို လုပ်ငန်း အောင်မြင် ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ပေးကြစေလိုပါကြောင်း၊ ယင်း လုပ်ငန်းစဉ် များသည် နိုင်ငံတော်အဆင့် လုပ်ငန်းစဉ်များဖြစ်ပြီး နိုင်ငံနှင့်ပြည်သူအတွက် များစွာအကျိုး ဖြစ်ထွန်းစေမည့် လုပ်ငန်း များ ဖြစ်သည်နှင့်အညီ နိုင်ငံအတွက် သမိုင်းမှတ်တိုင် စိုက်ထူနိုင်မည့် လုပ်ငန်းစဉ်များလည်း ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ရပြီး ပြည်သူအားလုံးနှင့် တိုက်ရိုက် ထိတွေ့ ဆက်ဆံ ဆောင်ရွက်ရသကဲ့ သို့ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် နိုင်ငံခြားသား များနှင့်ပါ ထိတွေ့ဆက်ဆံ ဆောင်ရွက် ရခြင်းကြောင့် ဝန်ထမ်းအားလုံးသည် ဆက်ဆံရေးပြေပြစ်ပြီး လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားနေရန် လိုအပ်ပါကြောင်း၊ တက်ရောက်လာကြသည့် ဝန်ကြီးများအနေဖြင့် လည်း ဌာန၏ ရည်မှန်းချက် တာဝန်များကို သိရှိနားလည်ပြီး တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက် ရန်ရှိသည့် လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက်ကြပ်မတ် ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဌာန၏ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း အလိုက် အသေးစိတ်ကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်လက် ရှင်းလင်းတင်ပြကြမည် ဖြစ်သည့် အတွက် မရှင်းလင်းသည့် အချက်အလက်များ၊ သိရှိလိုသည်များကို ပွင့်ပွင့်လင်းလင်း မေးမြန်းဆွေးနွေး၍ အကြံကောင်း၊ ဉာဏ်ကောင်းများ ပေးကြရန် တိုက်တွန်းပါကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးအေးလွင်နှင့် တာဝန်ရှိသူများကဌာန၏ လုပ်ငန်း ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက် နေမှုများ၊ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာလုပ်ငန်းစဉ်၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစု ရာတွင် ဌာနနှင့် ပတ်သက်သည့် လုပ်ငန်းများဆောင်ရွက်မှု၊ e-ID စနစ်လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ တက်ရောက်လာကြသည့် ဝန်ကြီးများ က သိရှိလိုသည်များကို မေးမြန်း ဆွေးနွေး အကြံပြုကြသည်။

ယင်းနောက် ပြည်ထောင်စု ဝန်ကြီးကမေးမြန်းဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်း ပြောကြား ပြီးဝန်ကြီးများ၏ သုံးသပ်အကြံပြုချက် များအပေါ် အလေးထားဆောင်ရွက် သွားမည် ဖြစ်ပြီး မိမိဌာန၏ ရည်မှန်း ချက်တာဝန်များ အောင်မြင်ရေးအတွက် ပူးပေါင်းကူညီကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ပြောကြားသည်။

သတင်းစဉ်

 

HOT NEWS
January 4,