ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ထံ World Bank အဖွဲ့က ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရန်၊ သယ်ယူပို့ဆောင်ရန်နှင့် ဖြန့်ဖြူးထိုးနှံရန် ကိစ္စရပ်များအတွက် ချေးငွေထောက်ပံ့ပေးရန် စီစဉ်ထားမှုနှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေး

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ထံ World Bank အဖွဲ့က ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရန်၊ သယ်ယူပို့ဆောင်ရန်နှင့် ဖြန့်ဖြူးထိုးနှံရန် ကိစ္စရပ်များအတွက် ချေးငွေထောက်ပံ့ပေးရန် စီစဉ်ထားမှုနှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေး


Ministry of Information/ Naypyitaw / December 03, 2020


နေပြည်တော် ဒီဇင်ဘာ ၃

ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရန်နှင့် ဖြန့်ဖြူးထိုးနှံရန် ကိစ္စရပ်များအတွက် ချေးငွေထောက်ပံ့ပေးရန် စီစဉ်ထားမှုနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ထံ World Bank အဖွဲ့က ဗီဒီယိုကွန်ဖရင့်စနစ် တင်ပြဆွေးနွေးသည်။

ရှေးဦးစွာ World Bank အဖွဲ့မှ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံဆိုင်ရာ Country Director Ms. Mariam Sherman က World Bank အဖွဲ့အနေဖြင့် မြန်မာနိုင်ငံ၏ ကျန်းမာရေး ကဏ္ဍလုပ်ငန်းများတွင် ပါဝင်ပံ့ပိုးပေးလျက်ရှိပြီး ကိုဗစ်-၁၉ တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းများအတွက်လည်း ချေးငွေများ ပေးအပ်ခဲ့ပါကြောင်း၊ လက်ရှိတွင် မည်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အသုံးပြုရမည်ဆိုသည်ကို မသိရှိနိုင် သေးသော်လည်း မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရန်၊ သယ်ယူပို့ဆောင်ရန်နှင့် ဖြန့်ဖြူးထိုးနှံရန်အတွက် ချေးငွေများ ထောက်ပံ့ပေးရန် စီစဉ်ထားမှုနှင့် ပတ်သက်၍ တင်ပြသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် Senior Health Specialist ဖြစ်သူ Mr. Paul Jacob Robyn က World Bank အဖွဲ့က မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရန်၊ သယ်ယူပို့ဆောင်ရန်နှင့် ဖြန့်ဖြူးထိုးနှံရန် အတွက် ချေးငွေထောက်ပံ့ပေးရန် လက်ရှိ မြန်မာနိုင်ငံအတွက်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ ရန်ပုံငွေ (IDA 19) အောက်မှ ထပ်တိုးရန်ပုံငွေ အမေရိကန်ဒေါ်လာသန်း(၆၀) လျာထားပါကြောင်း၊ မြန်မာနိုင်ငံသည် COVAX Facility ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးပေါ်ပေါက်လာပါက သက်သာသော ဈေးနှုန်းဖြင့် အချိုးကျဝယ်ယူနိုင်မည့် နိုင်ငံများအကြုံးဝင်သော နိုင်ငံဖြစ်၍ World Bank မှ ချေးငွေရယူနိုင်မည့် နိုင်ငံတစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံက ကိုဗစ်-၁၉ ကာကွယ်ဆေးအား COVAX Facility မှ တစ်ဆင့် ဝယ်ယူရာတွင် ရန်ပုံငွေ မျှဝေထည့်ဝင်၍ ဝယ်ယူရန် လိုအပ်လျှင် (သို့မဟုတ်) မြန်မာနိုင်ငံလူဦးရေ (၂၀) ရာခိုင်နှုန်းထက် ပိုမိုသောကာကွယ်ဆေးကို ဝယ်ယူလိုလျှင်သော် World Bank မှ ချေးငွေ လျှောက်ထားနိုင်ပါကြောင်း၊ World Bank ထံမှ ကာကွယ်ဆေးဝယ်ယူရေးအတွက် သာမက ကာကွယ်ဆေးသယ်ယူပို့ဆောင်ရေး၊ ကာကွယ်ဆေးများ အအေးလမ်းကြောင်းမပျက် ထိန်းသိမ်းထားနိုင်ရေး၊ ကာကွယ်ဆေးများ လက်တွေ့ ထိုးနှံရေးအတွက် အထွေထွေကုန်ကျ စရိတ်များအတွက်ပါ ချေးငွေများ ရယူနိုင်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အသိအမှတ်ပြု အမျိုးသားဆေးဝါး ကြီးကြပ်ရေးအာဏာပိုင်အဖွဲ့  (၃) ခုမှ အသိအမှတ်ပြုထားသော (သို့မဟုတ်) ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ အသိအမှတ်ပြုထောက်ခံသည့်အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အသိအမှတ်ပြု အမျိုးသားဆေးဝါး ကြီးကြပ်ရေးအာဏာပိုင်အဖွဲ့  (၁) ခုမှ အသိအမှတ်ပြုထားသော ကာကွယ်ဆေးကိုသာ ဝယ်ယူရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် COVAX Facility မှ ဖြစ်စေ၊ ကာကွယ်ဆေးထုတ်လုပ်သော ကုမ္ပဏီများမှ တစ်ဆင့်ဖြစ်စေ၊ အခြားသော နိုင်ငံတစ်ခုမှ ဖြစ်စေ ကိုဗစ်-၁၉ အတွက် ဆေးများကို ဝယ်ယူနိုင်ပါကြောင်း၊ ကာကွယ်ဆေးဖြန့်ဝေ ထိုးနှံမည့်အစီအစဉ်၊ ကာကွယ်ဆေးထိုးနှံရန်အတွက် လိုအပ်သည့် ပြင်ဆင်မှုများ အသင့်ဖြစ်မှုအခြေအနေ ဆန်းစစ်ထားရှိမှု (readiness assessment)၊ ဦးစားပေးထိုးနှံ ပေးသင့်သည့် လူအုပ်စုများ သတ်မှတ်မှု စသည်တို့ကို ကြိုတင်ပြင်ဆင် ထားရန် လိုအပ်ပါကြောင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူထိုးနှံပေးရန် အတွက် ဆောင်ရွက် ရမည့် အချက်များနှင့် သတ်မှတ်ချက်များအား ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက  World Bank အဖွဲ့၏ မြန်မာ နိုင်ငံ ကျန်းမာရေး ကဏ္ဍအတွက် ပံ့ပိုးပေးနေမှုများနှင့် ကိုဗစ်-၁၉ တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်း များတွင် ပံ့ပိုးပေးနေမှုများအား ကျေးဇူးတင်ရှိပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေဖြင့် နိုင်ငံတကာမှ ချေးငွေများ ရယူခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ စီမံကိန်း၊ ဘဏ္ဍာရေး နှင့်စက်မှုဝန်ကြီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန တို့နှင့် ဆွေးနွေးညှိနှိုင်းကာ ဆောင်ရွက်လျက်ရှိပြီး ယခု ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများအတွက် နိုင်ငံတကာချေးငွေများရယူရန် ကိစ္စရပ်များအား ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ဆုံးဖြတ်ချက်ပေးအပ်မည်ဖြစ်ပါကြောင်း၊ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဝယ်ယူထိုးနှံရန် ပြင်ဆင်ခြင်း လုပ်ငန်းများကို ဝန်ကြီးဌာန၏ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်အနေဖြင့် ကြိုတင်ပြင်ဆင် မှုများပြုလုပ်ထားရှိပြီး Gavi, the Vaccine Alliance အဖွဲ့၊ COVAX facility တို့နှင့် လည်း အမြဲချိတ်ဆက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ COVAX Facility မှ Gavi, the Vaccine Alliance ၏ပံ့ပိုးမှုဖြင့် ရရှိနိုင်မှု၊ နှစ်နိုင်ငံသဘောတူညီချက်ဖြင့် ဝယ်ယူရရှိနိုင်မှုနှင့် ပုဂ္ဂလိက ကာကွယ်ဆေး ထုတ်လုပ်သူများထံမှ တိုက်ရိုက်ဝယ်ယူနိုင်မည့် အခြေအနေများကို ဆန်းစစ်သုံးသပ်ထားရှိပါကြောင်း။

မိမိတို့နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို World Bank မှ ချေးငွေများဖြင့် ဝယ်ယူပါက အထူးဈေးနှုန်းဖြင့် သက်သာစွာ ဝယ်ယူနိုင်ရန် Gavi, the Vaccine Alliance အဖွဲ့နှင့် ဆက်သွယ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၉၂) နိုင်ငံသည် COVAX အစီအစဉ်၌ အကြုံးဝင်သဖြင့် အခမဲ့ (သို့မဟုတ်) အထူးသက်သာသော ဈေးနှုန်းဖြင့် နိုင်ငံအလိုက် လူဦးရေ၏ (၂၀) ရာခိုင်နှုန်းအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ရရှိမည်ဖြစ်ပါကြောင်း၊ ထိုသို့ရရှိရန် အတွက် မိမိတို့နိုင်ငံအနေဖြင့် လိုအပ်သည့် အချက်အလက်များ အားလုံးကို ဒီဇင်ဘာလ (၇) ရက်နေ့အမီ Gavi, the Vaccine Alliance သို့ ပေးပို့ရန် စီစဉ်ပြီးဖြစ်ပါကြောင်း၊ COVAX အစီအစဉ်ဖြင့် COVID-19 ကာကွယ်ဆေးရရှိမည့် အရေအတွက်မှာ နိုင်ငံများနှင့် အချိုးကျ မျှဝေရမည်ဖြစ်သဖြင့် လည်းကောင်း၊ လူဦးရေ၏ (၂၀) ရာခိုင်နှုန်းအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးအသုတ်လိုက်ခွဲရမည် ဖြစ်ရာ မည်သည့် ပမာဏကို ပထမအသုတ်၌ စတင်ရရှိမည်ကို အတိအကျမသိရှိရသေးသည့်အတွက် လည်းကောင်း မိမိတို့အနေဖြင့် World Bank ချေးငွေမှ သုံး၍ ထပ်ဆောင်း ဝယ်ယူရန်ကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် World Bank တို့ ဆွေးနွေးပြီးဖြစ်သဖြင့် လိုအပ်သည့် လုပ်ငန်းအဆင့်ဆင့်ကို အမြန်ဆုံး ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက်မှာတာဝန်ရှိသူများအား World Bank တာဝန်ရှိသူများနှင့် အချိန်နှင့် တစ်ပြေးညီချိတ်ဆက် ဆောင်ရွက်စေမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆွေးနွေးပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး) ဒေါက်တာထွန်းတင်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာ သီတာလှ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်တွင်း ပြည်ပ ဆက်ဆံရေး) ဒေါက်တာကျော်ခိုင်၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက် မန်နေဂျာ ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းနှင့် တာဝန်ရှိသူများ၊ World Bank အဖွဲ့မှ Human Development Program Coordinator Ms. Hnin Hnin Pyne၊ Senior Health Specialist Ms. Tomo Morimoto၊ Senior Health Specialist Dr. Nang Mo Kham၊ Liaison Officer/ Head of Nay Pyi Taw Office Dr. Sithu Pe Thein နှင့် Consultant Mr. Min Thu တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

HOT NEWS
January 4,