ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစု ပင်လုံကျင်းပရေး ဗဟိုကော်မတီ အစည်းအဝေး ကျင်းပ

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစု ပင်လုံကျင်းပရေး ဗဟိုကော်မတီ အစည်းအဝေး ကျင်းပ


Ministry of Information/ ​နေပြည်တော် / July 14, 2020
image_latest


နေပြည်တော် ဇူလိုင် ၁၄

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရေးဗဟိုကော်မတီ အစည်းအဝေး ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် ဦးကျော်တင်၊ ဒေါက်တာဖေမြင့်၊ ဒေါက်တာမြင့်ထွေးနှင့် ဦးအုန်းမောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ဦးမောင်မောင်ဝင်းနှင့် ဦးကျော်မျိုး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ယခု အစည်းအဝေးသည် ဩဂုတ်လ ဒုတိယပတ်အတွင်း ကျင်းပရန် သတ်မှတ်လျာထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် အဓိကတာဝန်ရှိကြသည့် ညီလာခံအကြို ပြင်ဆင်ရေးလုပ်ငန်း ကော်မတီများ၏ ညှိနှိုင်းအစည်းအဝေး ဖြစ်ပါကြောင်း။

၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၁ ရက်မှ ၁၆ ရက်အထိ ပြည်‌ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ တတိယအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီးသည့်နောက်ပိုင်း အကြောင်း အမျိုးမျိုးကြောင့် တရားဝင်အစည်းအဝေးများ ရပ်ဆိုင်းသွားခဲ့ရပါကြောင်း၊ ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် (၂)နှစ်တာကာလအတွင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ ပြန်လည်ကျင်းပနိုင်ရေးအတွက် အစိုးရအစုအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များ အစုအဖွဲ့များအကြား တရားဝင်အစည်းအဝေးများနှင့် အလွတ်သဘော တွေ့ဆုံမှု ပေါင်းများစွာကို အရှိန်အဟုန်မြှင့်ပြီး ဆွေးနွေးညှိနှိုင်းခဲ့ရခြင်းဖြစ်ပါကြောင်း။

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၈ ရက်က နေပြည်တော် NRPC ၌ ကျင်းပပြုလုပ်ခဲ့သည့်  (၈)ကြိမ် မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် ပူးတွဲအကောင်အထည် ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM)မှ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ စတုတ္ထအစည်းအ‌ဝေးကို ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်း ပထမ(၄)လတာ ကာလအတွင်း ကျင်းပသွားရန်ဆိုသည်ကို သဘောတူဆုံးဖြတ်ခဲ့ပါကြောင်း။

(၈)ကြိမ်မြောက် JICM အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်ဧပြီလဆန်းပိုင်း မဟာသင်္ကြန် ပွဲတော် မတိုင်မီကာလကို နောက်ဆုံးထားရှိပြီး ကျင်းပနိုင်ရန်လည်း နိုင်ငံတော် အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ ညီလာခံကျင်းပရာတွင် အဓိက အရေးကြီးဆုံးဖြစ်သည့် ပြည်ထောင်စုသဘောတူစာချုပ်၊ အစိတ်အပိုင်း(၃)မှာ ပါဝင်မည့် အချက်များကို သဘောတူညီမှု ရရှိရန်လည်း တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများ ဆက်တိုက်ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတော် အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အကြား ဆွေးနွေးညှိနှိုင်းမှုများ အရှိန်အဟုန် ကောင်းကောင်းဖြင့် ဆောင်ရွက်နေချိန်တွင် မမျှော်လင့်ဘဲ ၂၀၂၀ ပြည့်နှစ် မတ်လအတွင်း၌ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ COVID-19 ကူးစက်ပျံ့နှံ့မှုများ ကမ္ဘာနှင့်အဝန်း ဖြစ်ပွား လာခဲ့သည့်အတွက် ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ခရီးသွားလာမှု၊ လူစုဝေးမှု အစရှိသည့် ကျန်းမာရေးဆိုင်ရာ ကန့်သတ် ပိတ်ပင်မှု စည်းမျဉ်းစည်းကမ်းများ ချမှတ်ခဲ့ရပါကြောင်း။

ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် စည်းမျဉ်း ကန့်သတ်ချက်များ မဖြစ်မနေ ဆောင်ရွက်ရချိန်တွင် အရှိန်အဟုန် ကောင်းစွာ ရရှိနေပြီဖြစ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှာလည်း အရှိန်အဟုန် လျော့ကျခဲ့ရပါကြောင်း၊ သို့သော် ဆွေးနွေး ညှိနှိုင်းမှုများတွင် ပါဝင်နေကြသည့် ကိုယ်စားလှယ်များ၏ စိတ်ရင်းစေတနာ၊ ကြိုးပမ်းအားထုတ် မှုများကြောင့် အခက်အခဲအမျိုးမျိုးကြားမှ ဆွေးနွေးညှိနှိုင်းမှုများ ပြန်လည်စတင်နိုင်ခဲ့ပါ ကြောင်း။

COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလမှာပင် နှစ်ဖက်အလုပ်အဖွဲ့များ၏ အခက်အခဲကြားက ကြိုးပမ်းအားထုတ်မှုများကြောင့် ပြီးခဲ့သည့် ဇူလိုင် ၂ ရက်နှင့် ၄ ရက်တို့က ရန်ကုန်မြို့ NRPC ၌ ကျင်းပခဲ့သည့် နိုင်ငံတော်အစိုးရနှင့် NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ နှစ်ဖက်အလုပ်အဖွဲ့ အစည်းအဝေးတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို လာမည့် ဩဂုတ်လ ဒုတိယပတ်အတွင်း ကျင်းပရန် အချိန်ဇယားကို လျာထား သတ်မှတ်ခဲ့ပါကြောင်း၊ နှစ်ဦးနှစ်ဖက် သက်ဆိုင်ရာ ခေါင်းဆောင်များထံ ပြန်လည်တင်ပြပြီး အတည်ပြုကြရန် သဘောတူညီခဲ့ကြပါကြောင်း၊ မူလက ဇူလိုင်လအတွင်း ညီလာခံကျင်းပရန် အစိုးရဘက်က အဆိုပြုခဲ့ခြင်း ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ဘက်က အစုအဖွဲ့အတွင်း ပြန်လည်ဆွေးနွေးညှိနှိုင်းပြီး ဩဂုတ်လ ဒုတိယပတ် ၁၂၊ ၁၃၊ ၁၄ ရက်ကို ပြန်လည် အဆိုပြုခဲ့ခြင်း ဖြစ်ပါကြောင်း။

ညီလာခံကျင်းပမည့် အချိန်ဇယားနှင့်ပတ်သက်၍ ဇူလိုင် ၁၀ ရက်က ကျင်းပပြုလုပ်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးတွင် သဘောတူညီချက် ရယူနိုင်ခဲ့ခြင်းအား အစိုးရဘက်ကို တရားဝင် အသိပေး ပြန်ကြားထားပြီးဖြစ်ပါကြောင်း၊ အစိုးရအစုအဖွဲ့တွင် ပါဝင်သော အစိုးရနှင့် လွှတ်တော်အစုအဖွဲ့အနေဖြင့်လည်း ညီလာခံကျင်းပမည့်ရက် လျာထားချက်ကို သဘောတူထားပြီး ဖြစ်ပါကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီ အစုအဖွဲ့ဝင်များကို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ UPDJC အတွင်းရေးမှူးအဖွဲ့ဝင်များက ညီလာခံကျင်းပရန် ကြိုးပမ်း ဆောင်ရွက်နေသည့် အခြေအနေများကို အလွတ်သဘော တွေ့ဆုံရှင်းလင်းမှုများ ဆောင်ရွက် ခဲ့ရာတွင် အများစု ယေဘုယျအားဖြင့် အပြုသဘောထားများ ထုတ်ဖော်ပြသထားကြပြီးလည်း ဖြစ်ပါကြောင်း။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံကို ကျင်းပရာတွင် အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်တို့ပါဝင်သည့် အစိုးရအစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့၊ နိုင်ငံရေးပါတီများအစုအဖွဲ့တို့က သုံးပွင့်ဆိုင် ဖော်ဆောင်ကြရခြင်း ဖြစ်သည့်အတွက် လာမည့် စတုတ္ထအစည်းအဝေးကို သတ်မှတ်လျာထားချက်အတိုင်း ကျင်းပနိုင်ရေး ကျန်ရှိနေသော သက်ဆိုင်ရာ အစုအဖွဲ့များကလည်း အချိန်မီ သဘော တူညီကြရန် နိုင်ငံတော် အစိုးရအနေဖြင့် မျှော်လင့်ထားပါကြောင်း၊ လာမည့် မကြာမီ ကျင်းပမည့် (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးသည် ငြိမ်းချမ်းရေးညီလာခံ သက်သက် မဟုတ်ဘဲ နိုင်ငံရေးပြဿနာ များကို နိုင်ငံရေးနည်းဖြင့် ဆွေးနွေးညှိနှိုင်း အဖြေရှာနိုင်သည် ဆိုသည်ကို လက်တွေ့ မှတ်ကျောက်တင် သက်သေပြမည့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်သည့် အတွက် ဖြစ်ပါကြောင်း၊ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခတွင် တိုက်ရိုက်ပါဝင် ရင်ဆိုင် နေကြရသည့် တပ်မတော် ခေါင်းဆောင်များနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များကလည်း “ငြိမ်းချမ်းရေးကို အလိုချင်ဆုံးဟာ လက်တွေ့တိုက်ပွဲတွေမှာ ကိုယ်တိုင်ပါဝင်တိုက်ခိုက် နေကြရတဲ့ နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်တယ်” ဟု ကြိမ်ဖန်များစွာ ပြောကြား ထားခဲ့ကြပြီး ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေး၏ အနှစ်သာရကို လက်နက်ကိုင်တပ်ဖွဲ့ဝင်များက ပိုပြီးသိရှိ ခံစားနားလည်ကြသည်၊ တန်ဖိုးထားကြသည်မှာ ယုံမှားသံသယဖြစ်ဖွယ်ရာ မရှိပါကြောင်း။

ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းမှု စားပွဲဝိုင်းများတွင် လက်နက်ကိုင်ပဋိပက္ခ၏ ဇစ်မြစ် ဖြစ်သည့် နိုင်ငံရေးပြဿနာများကို ညှိနှိုင်းဖြေရှင်းကြသည့်အခါ အနိမ့်-အမြင့်၊ အတက်-အကျများ များပြားတတ်ပါကြောင်း၊ ငြိမ်းချမ်းရေးရရှိရန် တစ်ရက်တာ နောက်ကျသွားသည်နှင့်အမျှ လက်နက်ကိုင် ပဋိပက္ခကြောင့် ထိခိုက်ခံစားရမည့် ဆိုးကျိုးများက မနည်းပါကြောင်း၊ ပဋိပက္ခဒေသများတွင် ခက်ခက်ခဲခဲ ရှင်သန်နေထိုင်နေကြရသည့် တိုင်းရင်းသားပြည်သူများက (၂၁)ရာစုပင်လုံညီလာခံအပေါ် မျှော်လင့်တကြီး စောင့်စားနေ ကြသည်ကို ပြည်ထောင်စု အကျိုး မျှော်တွေးပြီး အလေးအနက်ထားစေချင်ပါကြောင်း၊ ယခုကဲ့သို့ ညီလာခံကျင်းပနိုင်သည့် အခြေအနေ ရောက်ရှိလာအောင် ပြည်ထောင်စု ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ်များကို လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်ရရှိနိုင်အောင် အခက်အခဲ အမျိုးမျိုးကြားမှ သက်ဆိုင် ပါဝင်သူ အားလုံးက ကြိုးစားပမ်းစား၊ စေတနာထားပြီး ဆောင်ရွက် ခဲ့ကြသည့်အတွက် “ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ” (UPDJC)၏ (၁၈)ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် မတ်လ ၁၂ ရက်က နေပြည်တော်၌ ကျင်းပနိုင်ခဲ့ခြင်းပင် ဖြစ်ပါကြောင်း၊ တစ်ချိန်တည်းမှာပင် (၂)နှစ်နီးပါး ရပ်ဆိုင်းထားခဲ့ရသည့် “ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ” (JMC)၏ (၁၉)ကြိမ်မြောက် အစည်းအဝေးကို ဇူလိုင်လ ၇ ရက်နှင့် ၈ ရက်တို့တွင် နေပြည်တော် ၌ ကျင်းပနိုင်ခဲ့ပါကြောင်း။

နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်အစိုးရက ဖွဲ့စည်းထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရေးလုပ်ငန်းကော်မတီများအနေဖြင့် လာမည့် ဩဂုတ်လ ဒုတိယပတ် ၁၂၊ ၁၃၊ ၁၄ ရက်တို့တွင် ညီလာခံ ကျင်းပသွားမည်ဆိုသည့် လျာထားချက်နှင့်အညီ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလဖြစ်သည်နှင့်အညီ ကျန်းမာရေး ဆိုင်ရာ စည်းမျဉ်း သတ်မှတ်ချက်များနှင့်အညီ  လုပ်ငန်းကော်မတီအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက် ဖွယ်ရာရှိသည်များကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ဆောင်ရွက်ထားကြရန် မေတ္တာရပ်ခံ လိုပါကြောင်း၊ လုပ်ငန်းကော်မတီများအနေဖြင့် ပြီးခဲ့သည့် ညီလာခံ(၃)ကြိမ်နှင့် NCA လက်မှတ်ရေးထိုးခြင်း နှစ်ပတ်လည်အခမ်းအနားများကို တာဝန်ယူဆောင်ရွက်ခဲ့ကြသည့် အတွေ့အကြုံများ ရှိပြီးဖြစ်သည့်အတွက် COVID-19 ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဖြစ်စေရန် ထပ်ဆောင်းပြင်ဆင်နိုင်ကြမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ဖိတ်ကြားရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက် နေမှုများနှင့်စပ်လျဉ်း၍လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦးက ကြိုဆိုနေရာချထားရေး၊ တည်းခိုနေထိုင်ရေး လုပ်ငန်းများနှင့် ခန်းမအတွင်း နေရာချထားရေးလုပ်ငန်းအတွက် ကြိုတင်ဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးက သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က အခမ်းအနား ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နေ မှုနှင့်စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ဧည့်ခံကျွေးမွေးရေး အတွက် ပြင်ဆင်ဆောင်ရွက် နေမှုများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးက လုံခြုံရေး ဆိုင်ရာလုပ်ငန်းများ ကြိုတင်ဆောင်ရွက် နေမှုနှင့်  လုံခြုံရေးဆောင်ရွက်ရန် ပစ္စည်းလိုအပ်ချက်များကိုလည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က အခမ်းအနားအား တိုက်ရိုက်ထုတ်လွှင့်နိုင်ရေး၊ သတင်းပြန်ကြား ရေးနှင့် မှတ်တမ်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်က ပူးပေါင်းညှိနှိုင်းရေးဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌက လိုအပ်ချက်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် တက်ရောက်လာကြသူများက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အကြံပြုဆွေးနွေးကြသည်။

ထို့နောက် ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌက လုပ်ငန်းကော်မတီများအနေဖြင့် ညီလာခံကျင်းပနိုင်ရေးအတွက် စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ကြသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ လုပ်ငန်း လိုအပ်ချက်များရှိပါက ပူးပေါင်းညှိနှိုင်းရေးလုပ်ငန်း ကော်မတီနှင့် ညှိနှိုင်း ဆောင်ရွက်၍ရပါကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ရပ်ထား၍မရပါကြောင်း၊ ထို့အတွက် ကိုဗစ် ဖြစ်နေသည့်ကာလ၌ပင် ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ယခုအခါ ကိုဗစ်နှင့် စပ်လျဉ်း၍ ဖြေလျော့မှုများ လုပ်ဆောင်လျက်ရှိပါကြောင်း၊ မကြာမီ စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်မည် ဖြစ်ပါကြောင်း၊ ကိုဗစ်၏ frist wave အား အောင်အောင်မြင်မြင်ဖြင့် ကျော်လွှား နိုင်ခဲ့ပြီး second wave ကိုလည်း ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ကိုဗစ်သည် မည်သည့်အချိန်တွင် ပြီးဆုံးမည်ဟု ခန့်မှန်း၍ မရပါကြောင်း၊ အနာဂတ် ကာလတွင် ကိုဗစ်နှင့်အတူ ယှဉ်တွဲနေထိုင် သွားရမည်ဟု သုံးသပ်ရပါကြောင်း၊ ကိုဗစ်ကာလပြီးမှ ငြိမ်းချမ်းရေးညီလာခံ ဆောင်ရွက်ရမည်ဆိုပါက မဖြစ်နိုင်ပါကြောင်း၊ ငြိမ်းချမ်းရေး ဆိုသည်မှာ ပြည်သူများတောင့်တနေသည့် ကိစ္စဖြစ်ပါကြောင်း၊ ဆွေးနွေးညှိနှိုင်းမှုတွင် နားလည်မှုများ ရရှိပြီး အရှိန်ရနေပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုအချိန်တွင် ငြိမ်းချမ်းရေး ညီလာခံ မဖြစ်မနေ ကျင်းပရခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

(သတင်းစဉ်)

HOT NEWS
January 4,