ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာများအား ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာများအား ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်


Ministry of Information/ ကယားပြည်နယ် / June 05, 2020
image_latest


လွိုင်ကော် ဇွန် ၅

ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများအား ထိရောက်အောင်မြင်စွာ ဆောင်ရွက်လျက်ရှိပြီး စေတနာရှင်၊ အလှူရှင်များ၊ အဖွဲ့အစည်းအသီးသီးမှ လှူဒါန်းမှုများအား မြို့နယ်/ကျေးရွာ အသီးသီးသို့ ဖြန့်ဝေဆောင်ရွက်လျက်ရှိရာ ကယား ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်မှုကို ခံယူ၍ Save the Children မှ ဖရူဆိုမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ (၃၀) သို့ ကိုဗစ်ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းအား ယမန်နေ့ ညနေ (၃)နာရီအချိန် တွင် ဖရူဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ယနေ့အခမ်းအနားတွင် ကိုဗစ်-၁၉ နှင့် ပတ်သက်သည့် ကာကွယ်ရေးပစ္စည်းများကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပြီး ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ လိုအပ်လျက်ရှိသည့် မြို့နယ်များကို အချိန်နှင့် တစ်ပြေးညီ ဖြန့်ဝေပေးလျက်ရှိကြောင်း၊ ယခုအခါ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာများအားလုံးသို့ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း၊ ထောက်ပံ့ပစ္စည်းများတွင် ကျန်းမာရေးညွှန်ကြားချက်ဆိုင်ရာ အသိပညာပေး Vinyl၊ ဆပ်ပြာခဲ၊ လက်ကိုင်အသံချဲ့စက်၊ Mask၊ Hand Gel များကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါကို ယခုအချိန်ထိ မတွေ့ရှိရသေးပါကြောင်း၊ ယင်းအတွက် ကျန်းမာရေးဌာန၏ ညွှန်ကြားချက်များကို ပြည်သူများအားလုံးက တိတိကျကျ လိုက်နာ၍ ဆက်လက်လိုက်နာသွားကြရမည် ဖြစ်ပါကြောင်း၊ အလားတူ လက်ဆေးခြင်းကိုလည်း အခါ အားလျော်စွာ သတိဖြင့် ဆေးကြောကြစေလိုကြောင်း၊ သို့မှသာ မိမိတို့အားလုံးမှ ကိုဗစ်-၁၉ ကပ်ရောဂါကို ကျော်လွှားနိုင်မည်ဖြစ်ရာ အားလုံးမှ ပူးပေါင်း ဆောင်ရွက်ကြ စေလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာ(၃၀) အတွက် တစ်ရွာလျှင် ဆပ်ပြာခဲ (၂၀၀)၊ လက်ကိုင်အသံချဲ့စက် (၁) လုံး၊ Vinyl (၃) ခု အား လည်းကောင်း၊ စေတနာ့ဝန်ထမ်းများအတွက် Mask အခု (၂၀) နှင့် Hand Gel (၁) ဘူးအားလည်းကောင်း ထောက်ပံ့ ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ ကျေးရွာအလိုက် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ကယားပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးနှင့်လျှပ်စစ်ဝန်ကြီး၊ စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူး၊ လွှတ်တော်(၃)ရပ်မှ ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ Save the Children မှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ကျေးရွာများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ထွန်းလေး

HOT NEWS
January 4,