ဖားကန့်ရတနာမြေအတွင်း မြေပြိုကျမှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ စုံစမ်းဖော်ထုတ်ခြင်းနှင့် ပံ့ပိုးကူညီမှုပေးခြင်းများ ဆက်လက်ဆောင်ရွက်

ဖားကန့်ရတနာမြေအတွင်း မြေပြိုကျမှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ စုံစမ်းဖော်ထုတ်ခြင်းနှင့် ပံ့ပိုးကူညီမှုပေးခြင်းများ ဆက်လက်ဆောင်ရွက်


Ministry of Information/ ကချင် / July 05, 2020


ဖားကန့် ဇူလိုင် ၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံခင်း၊ ဖားကန့်ရတနာမြေ၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၌ (၂-၇-၂၀၂၀)နေ့၊ နံနက်ပိုင်း၌ မြေပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူများ သေဆုံး/ထိခိုက်ဒဏ်ရာရမှုဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းဖော် ထုတ်ခြင်းနှင့် ပံ့ပိုးကူညီမှုပေးခြင်း များ ဆက်လက်ဆောင်ရွက်ရန်အတွက် “လုံခင်း၊ ဖားကန့်ရတနာမြေ အတွင်း မြေပြိုကျမှု ဖြစ်စဉ်နှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့” ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ အဖွဲ့ဝင်များ ဖြစ်ကြသော ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင် တို့သည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဖားကန့်မြို့မှ မြေပြိုမှုဖြစ်ပွားသည့် ဝှေခါကျေးရွာသို့ မော်တော်ယာဉ်များဖြင့် သွားရောက်ခဲ့ကြသည်။

ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးရန်နှင့် ကူညီပံ့ပိုးမှုများပေးရန် ဝှေခါကျေးရွာရှိ မြေပြိုကျမှုဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နေရာသို့ သွားရောက်ခဲ့ကြ ရာ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း၊ ဖားကန့်တာဝန်ခံ အထွေထွေမန်နေဂျာ ဦးတင့်ဆန်းအောင် က မြေပြိုမှုဖြစ်ပွား ရခြင်းအကြောင်းအရင်းများနှင့် အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးများသည် မြေပြိုမှုဖြစ်စဉ်ကြောင့် အသက်ဆုံးရှုံးခဲ့ကြရသည့် သူများ၏ ကျန်ရစ်သူမိသားစုဝင်များအနက် လတ်တလောတွေ့ဆုံခဲ့သည့် မိသားစုဝင်(၁၆)ဦးကို နှစ်သိမ့် အားပေးစကားများပြောကြားခဲ့ပြီး အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့်  ကချင်ပြည်နယ် အစိုးရအဖွဲ့၊ မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာသူရကျောက်မျက်ရတနာ ကုမ္ပဏီ တို့ကထောက်ပံ့ငွေများ အသီးသီး ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ဝှေခါတိုက်နယ် ဆေးရုံတွင် မြေပြိုကျမှုဖြစ်စဉ် ကြောင့်  တက်ရောက်ဆေးကု သမှုခံယူလျက်ရှိသော ဒဏ်ရာရ လူနာ (၁၂)ဦးအား နှစ်သိမ့်အားပေး စကားများပြောကြားခဲ့ကြပြီး အမျိုးသားသဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့်  ကချင်ပြည်နယ်အစိုးရ အဖွဲ့က ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြပါသည်။ ထို့ပြင် မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင် များအသင်းချုပ်နှင့် မြန်မာသူရကျောက်မျက်ရတနာကုမ္ပဏီတို့မှ တာဝန်ရှိ သူများကလည်း ဒဏ်ရာရ လူနာများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြသည်။

ထို့နောက်တွင် ဥက္ကဌ၊ အဖွဲ့ဝင်များသည် စပေါ့မှော်၊ မော်ဝမ်းကြီး၊ မော်ဝမ်းလေးနှင့် မှော်စာစီမှော်များသို့သွားရောက်ခဲ့ကြပြီး ယင်းမှော်လုပ်ကွက်များတွင် မြေပြိုမှု အန္တရာယ်ဖြစ်ပွား နိုင်ချေရှိသော နေရာများ၊ အန္တရာယ်ကျရောက်နိုင်သည့်ကြားမှ ရေမဆေးကျောက် ရှာဖွေနေမှုများကို ကြည့်ရှုလေ့လာခဲ့ကြပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍  စုံစမ်းစစ်ဆေးရေးအဖွဲ့သည် တာဝန်ရှိသူများနှင့် အတူ ဖားကန့်မြို့ရှိ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းရုံးသို့သွားရောက်ခဲ့ကြပြီး ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ၊ မြို့ခံရပ်မိ ရပ်ဖများနှင့် တွေ့ဆုံခဲ့ပြီး “လုံခင်း၊ ဖားကန့်ရတနာမြေအတွင်း မြေပြို ကျမှုဖြစ်စဉ်နှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့” ဆောင်ရွက်မည့် လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

ဖားကန့်ရတနာမြေအတွင်း ဝှေခါကျေးရွာ၊ မြေပြိုကျမှုဖြစ်စဉ်ကြောင့် သေဆုံးသူစုစုပေါင်း (၁၇၂)ဦး၊ ထိခိုက်ဒဏ်ရာရသူ (၅၄)ဦးရှိပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန တို့က ဒဏ်ရာရသူ တစ်ဦးလျှင် ငွေကျပ် (၂) သိန်းနှုန်း၊ သေဆုံးသူများ၏ ကျန်ရစ်သူမိသားစုဝင်များကို ငွေကျပ် (၅) သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၉၆၈)သိန်းကိုထောက်ပံ့ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ကချင်ပြည်နယ်အစိုးရအဖွဲ့က ဒဏ်ရာရသူများနှင့် သေဆုံးသူများ၏ မိသားစုဝင်များကို တစ်ဦးလျှင် (၁) သိန်းနှုန်းဖြင့် (၂၂၆)သိန်း၊ မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာသူရ ကျောက်မျက် ကုမ္ပဏီတို့က သေဆုံးသူများ၏ မိသားစုဝင်များကို ငွေကျပ် (၇ ဒသမ ၅) သိန်းနှုန်း၊ ဒဏ်ရာရသူများကို တစ်ဦးလျှင် (၃ ဒသမ ၇၅)သိန်းနှုန်းဖြင့် ထောက်ပံ့ဆောင်ရွက်လျက်ရှိ ပါသည်။

ထို့နောက် ဖားကန့်ရတနာမြေအတွင်း မြေပြိုကျမှုဖြစ်စဉ်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များ ဆောင်ရွက်ခဲ့ကြသော ကြက်ခြေနီတပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့နှင့် ဒေသခံ လူမှုကယ်ဆယ်ရေး အသင်းများကို အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက သိန်း (၁၁၀) ထောက်ပံ့ကူညီပေးခဲ့ရာ လူမှုကူညီရေးအဖွဲ့များကိုယ်စား သင်ခါလူမှုကူ ညီရေးအသင်း၊ ဝှေခါလူမှု ကူညီရေးအသင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အရန်မီးသတ်တပ်ဖွဲ့တို့မှ တာဝန်ခံများက လက်ခံရ ယူခဲ့သည်။ထို့နောက် “လုံခင်း၊ ဖားကန့်ရတနာမြေ အတွင်း မြေပြိုကျမှုဖြစ်စဉ်နှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့” ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ညအိပ်တည်းခိုမည့် Sky Hotel အစည်း အဝေးခန်းမတွင် အဖွဲ့က ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံ မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)

 

HOT NEWS
January 4,