မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေး စီမံချက်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီပထမအကြိမ်အစည်း အဝေးကျင်းပ

မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေး စီမံချက်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီပထမအကြိမ်အစည်း အဝေးကျင်းပ


Ministry of Information/ Naypyitaw / November 25, 2020


နေပြည်တော် နိုဝင်ဘာ ၂၅

မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ဘေးထွက် ဆိုးကျိုးနည်းပြီး စွမ်းရည်ထက်မြက်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရရှိလာပါက မိမိတို့နိုင်ငံ ပြည်သူ များအား ဦးစားပေး အစီအစဉ်အလိုက် စနစ်တကျ ထိုးနှံနိုင်ရေးအတွက် လုပ်ငန်းများကို စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း။

ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှု ကော်မတီ (COVAX National Coordinating Committee – CNCC) နှင့် မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ် ဆေးလုပ်ငန်းအဖွဲ့ (COVAX National Technical Working Group-CTWG) တို့ကို အောက်တိုဘာလအတွင်း ဖွဲ့စည်းခဲ့ပြီး အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ (National Immunization Technical Advisory Group - NITAG) ကို ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့ကာ လုပ်ငန်းများ တစ်ပြိုင် နက်တည်း ဆောင်ရွက်လျက်ရှိပါကြောင်း။

မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းအဖွဲ့ခွဲများမှ ဆွေးနွေးအတည်ပြုချက် များအား အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ထံသို့ တင်ပြခဲ့ ပါကြောင်း ၊အဆိုပါ အချက်များကို ယနေ့အစည်းအဝေးတွင် သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့ခွဲများမှ တင်ပြသွား မည်ဖြစ်ပြီး တက်ရောက် လာကြသူများက ကာကွယ်ဆေးဖြန့်ဝေထိုးနှံမည့်အစီအစဉ်ဆိုင်ရာ ကိစ္စရပ်များ အား ဝိုင်းဝန်းဆွေးနွေး အကြံပြုကြရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အရည် အသွေးပြည့်ဝသော ကာကွယ်ဆေးများ ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံနိုင်ရေးအတွက် ရန်ပုံငွေများ အဓိက ထောက်ပံ့ပေးနေသည် Gavi, The Vaccine Alliance အဖွဲ့အနေဖြင့် COVAX Facility မှတစ်ဆင့် မိမိတို့နိုင်ငံလူဦးရေ၏ (၂၀) ရာခိုင်နှုန်းအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးအား အထူးသက်သာသောနှုန်းထား (သို့မဟုတ်) အခမဲ့ရနိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း။

မိမိအနေဖြင့် မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရရှိနိုင်ရေးအတွက် Gavi, The Vaccine Alliance အဖွဲ့၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့နှင့် အချိန်နှင့် တစ်ပြေးညီ ဆွေးနွေးညှိနှိုင်း လျက်ရှိပါ ကြောင်း၊ ပြည်သူများအနေဖြင့် သတိပြုအလေးထားရမည်မှာ ကမ္ဘာ့နိုင်ငံအားလုံးမှ ကိုဗစ်-၁၉ ကာကွယ် ဆေးကို လိုအပ်နေသဖြင့် အပြိုင်အဆိုင်ဝယ်ယူ ရန်ကြိုးစားလျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်လည်း နိုင်ငံတစ်ဝန်းလုံး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း လွှမ်းခြုံမှုမှာ ကာကွယ်ဆေးရရှိမှုပမာဏအပေါ် မူတည်၍ ဆောင်ရွက်ရမည်ဖြစ်သဖြင့် လူထုအတွင်း ရောဂါခုခံကာကွယ်နိုင်မှု ပမာဏအင်အားကို အချိန်တို အတွင်း ရရှိနိုင်မည်မှာ ခက်ခဲပါကြောင်း။

သို့ဖြစ်၍ ပြည်သူလူထုအနေဖြင့် လက်ရှိရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစည်းကမ်းများကို လပေါင်းများစွာ မဖြစ်မနေ ဆက်လက်၍ လုပ်ဆောင်ရမည့်အပြင် အရှိန်အဟုန်ကိုလည်း တိုးမြှင့်၍ ဆောင်ရွက်စေလိုပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ပိုမိုရရှိထိုးနှံနိုင်ရန် နိုင်ငံတော် ဘဏ္ဍာငွေ၊ Gavi, the vaccine alliance မှ ထောက်ပံ့ငွေ နှင့် ကမ္ဘာ့ဘဏ်ချေးငွေ တို့ကို အသုံးပြုကာ ဝယ်ယူမည် ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ဆေးခန်းများက ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံနိုင်ရန်အတွက် ကိုလည်း စနစ်တကျလမ်းညွှန်ချက်များ အမြန်ဆုံးချမှတ်ကာ ခွင့်ပြုပေးသွားမည်ဖြစ်ပါကြောင်း။

ထိုသို့ ခွင့်ပြုရာတွင် အာနိသင်မပြည့်ဝသည့် ကာကွယ်ဆေးများမဖြစ်စေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည်  ပြည်ထဲရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနတို့ အပါအဝင် နှီးနွှယ်ဌာန ဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ထိုးနှံ အသုံးပြုရန် ကိုဗစ်-၁၉ ကာကွယ်ဆေးမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အသိအမှတ်ပြုသော (သို့မဟုတ်) သက်ဆိုင်ရာနိုင်ငံ၏ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့အစည်း (FDA) များ မှ တရားဝင် အသိ အမှတ်ပြုထားသော (သို့မဟုတ်) သက်ဆိုင်ရာ ကာကွယ်ဆေးထုတ်လုပ်သည့်နိုင်ငံများမှ အရေးပေါ်သုံးစွဲခွင့် ရရှိထားသော ကာကွယ်ဆေးများကိုသာ အသုံးပြုခွင့်ပေးမည်ဖြစ်ပြီး အခြားသော အရည်အသွေးနှင့် အာနိသင် အာမခံချက်မရှိသော ကာကွယ်ဆေးများကို လုံးဝအသုံးပြုခွင့် ပေးမည်မဟုတ်ပါကြောင်း။

ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရွေးချယ်ရာတွင် ကာကွယ်ဆေးထိုးနှံပြီး နောက်ဆက်တွဲဖြစ်ရပ်များ (Adverse event following immunization (AEFI)) အနည်းဆုံးဖြစ်ခြင်း၊ သယ်ယူပို့ဆောင်ရာတွင် မိမိတို့နိုင်ငံအခြေအနေနှင့် ကိုက်ညီခြင်း၊ ဓာတ်ခွဲခန်းနှင့် သုတေသနလေ့လာ စမ်းသပ်ရာတွင် စွမ်းရည်ထက်မြက် ရုံသာမက လက်တွေ့ ပြင်ပတွင်လည်း စွမ်းရည်ထက်မြက် ခြင်း (effectiveness) ထိုးနှံရမည့် အကြိမ်အရေအတွက်၊ ရောဂါကာကွယ်နိုင်စွမ်းရှိသည့် အတိုင်းအတာ စသည့် အချက်များနှင့် တိုက်ဆိုင်သုံးသပ်ကာ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာ အကြံပေးအဖွဲ့၏ အကြံပြုချက်များနှင့် အညီ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့တင်ပြကာ ကာကွယ်ဆေးများကို ရွေးချယ်အသုံးပြု သွားမည် ဖြစ်ပါကြောင်း။

လက်ရှိတွင် ကမ္ဘာ့ နိုင်ငံများနှင့် ကုမ္ပဏီအများအပြားမှ လက်တွေ့ စမ်းသပ် သုတေသနပြုမှု ပြုလုပ် လျက်ရှိသော ကိုဗစ်-၁၉ ကာကွယ်ဆေးများအနက် အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုလမ်းစများ တွေ့ရှိ နေသာ ကာကွယ်ဆေးအချို့သည် အလွန်အမင်းအေးသော အအေးလမ်းကြောင်းသိုလှောင်မှု (အနုတ် ၇၀ ဒီဂရီစင်တီဂရိတ်) (ultra-cold storage) ဖြင့် ထားရှိရမည်ဖြစ်ရာ ဝန်ကြီးဌာနအနေဖြင့် အဆိုပါကာကွယ် ဆေးအား ဝယ်ယူမည်ဆိုပါက အလွန်အမင်းအေးသော အအေးလမ်းကြောင်း သိုလှောင်မှုစနစ်ကို ရရှိနိုင်ရေး အတွက် လိုအပ်သည်များကိုလည်း ဝယ်ယူရန် စီစဉ်ဆွေးနွေးလျက် ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်မှ လက်ရှိအသုံးပြုနေသော အအေးလမ်းကြောင်းစနစ်နှင့် ကိုက်ညီသည့် ကမ္ဘာတွင် သုတေသနပြုအတိုင်းအတာတစ်ခုအထိ အောင်မြင်မှု လမ်းစများ တွေ့ရှိနေသော ကိုဗစ်-၁၉ ကာကွယ်ဆေးအမျိုးအစားများလည်း ရှိနေပါကြောင်း။

ကာကွယ်ဆေးထိုးနှံမှုနှင့် ပတ်သက်၍ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းစီမံချက်သည် နှစ်ပေါင်း များစွာ အတွေ့အကြုံရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ စတင်ရရှိလာ သည့်အခါ လူနာများကို ကိုင်တွယ်ကုသပေးနေရသည့် ကျန်းမာရေး ဝန်ထမ်းများကဲ့သို့ ရောဂါ ကူးစက်နိုင်ချေ များပြားသူများ၊ အသက်အရွယ်ကြီးပြီး ရောဂါအခံရှိသူများ၊ နေရာဒေသအလိုက် ရောဂါ ကူးစက်ပျံ့နှံ့မှု အခြေအနေအပါအဝင် အခြေအနေအရပ်ရပ်ကို ဘက်စုံခြုံငုံစဉ်းစားကာ ဦးစားပေးထိုးနှံမည့် အုပ်စုများ သတ်မှတ်ထိုးနှံသွားမည်ဖြစ်ပြီး ကာကွယ်ဆေးအရေအတွက် ပိုမိုရရှိလာပါက အဆင့်ဆင့်တိုးချဲ့ ထိုးနှံသွား မည်ဖြစ်ပါကြောင်း။

ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိနိုင်ရေး အဆိုပြုလွှာကို Gavi, The Vaccine Alliance ထံသို့ ယခုနှစ် ဒီဇင်ဘာလ () ရက်နေ့အရောက်ပေးပို့နိုင်ရန်အတွက် ပြင်ဆင်ထားပြီး အချိန်မီ ပို့မည်ဖြစ်ပါကြောင်း၊ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့နှင့် တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းစီမံချက်တို့အနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ Gavi, The Vaccine Alliance အဖွဲ့တို့နှင့် အမြဲတမ်း ဆက်သွယ်ချိတ်ဆက်ပြောဆို နေရမည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ Gavi, The Vaccine Alliance အဖွဲ့နှင့် COVAX facility တို့မှ ကိုဗစ်-၁၉ ကာကွယ်ဆေးဆိုင်ရာ သတင်းများကို အမြဲမပြတ်သိရှိနိုင်ရန် အတွက် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက်တွင် စောင့်ကြပ်ကြည့်ရှုရေး အဖွဲ့တစ်ခုတာဝန်ပေး ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအတွက် အရေးကြီးသည့် လုပ်ငန်းစဉ်ကြီး ဖြစ်သဖြင့် ယနေ့အစည်းအဝေးသို့ တက်ရောက် လာကြသူများက ဝိုင်းဝန်းဆွေးနွေးအကြံပြုခြင်းနှင့် လုပ်ငန်း များ အကောင်အထည်ဖော်ခြင်းတို့ကို လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာ သန္တာလွင်၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်မှ ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်း နှင့် နည်းပညာပိုင်းဆိုင်ရာ၊ ဘဏ္ဍာငွေစီမံခန့်ခွဲမှုဆိုင်ရာ၊ ကာကွယ်ဆေး အရည်အသွေးဆန်းစစ်မှုဆိုင်ရာ၊ အလှူရှင်များနှင့် ချိတ်ဆက်ခြင်းဆိုင်ရာ၊ စီမံခန့်ခွဲမှုနှင့် သတင်းအချက်အလက်ဆိုင်ရာ၊ ကာကွယ်ဆေးပံ့ပိုး ဖြန့်ဝေမှုဆိုင်ရာ၊ ကပ်ရောဂါဗေဒနှင့် အခြေအနေအရပ်ရပ်ကို ဆန်းစစ်သုံးသပ်ခြင်းဆိုင်ရာနှင့် ဆက်သွယ် ဆောင်ရွက်ခြင်းဆိုင်ရာ လုပ်ငန်းအဖွဲ့ခွဲများမှ ဒေါက်တာအောင်နိုင်ဦး၊ ဒေါက်တာအေးမြချမ်းသာ၊ ဒေါက်တာ နှင်းအိဖြူ၊ ဒေါက်တာနှင်းနွယ်နီအေးနှင့် ဒေါက်တာငြိမ်းငြိမ်းချစ်တို့ က ကိုဗစ်-၁၉ ကာကွယ်ဆေး ပေါ်ပေါက် ရရှိပါကစနစ်တကျ ထိုးနှံပေးနိုင်ရေးအတွက် အစီအစဉ်များနှင့် ပတ်သက်၍ တင်ပြကြရာတွင်  ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်ရန် ကြိုးပမ်းနေသည့် နိုင်ငံများ၊ ကျန်းမာရေး အဖွဲ့အစည်းများနှင့် ကုမ္ပဏီများမှ သတင်းအချက်အလက်များကို အမြဲမပြတ်စောင့်ကြပ်ကြည့်ရှုနေမှု၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့၊ Gavi, The Vaccine Alliance အဖွဲ့နှင့် COVAX facility တို့နှင့် ချိတ်ဆက်ဆောင်ရွက်နေမှုနှင့် အစည်းအဝေးများတွင် တက်ရောက်ဆွေးနွေးနေမှုများ၊ ပြည်တွင်း၌လည်း ပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်မှုများပြုလုပ်ခြင်းနှင့် အကြံပြုချက်များ ရယူခြင်းများ၊ နှီးနွှယ်ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းထားရှိမှုများ၊ ဝန်ကြီးဌာန၏ ကာကွယ်ဆေးသိုလှောင်ထိန်းသိမ်းမှု အအေးလမ်းကြောင်း စနစ်များအခြေအနေ ဆန်းစစ်ထားရှိမှု၊ ကာကွယ် ဆေးထိုးနှံရန်အတွက် လိုအပ်သည့်ပြင်ဆင်မှုများ အသင့်ဖြစ်မှု အခြေအနေ ဆန်းစစ်ထားရှိမှု၊ လက်ရှိတွင် ကမ္ဘာ့နိုင်ငံများ၌ လေ့လာသုတေသနပြုနေသည့် အလားအလာရှိသော ကိုဗစ်-၁၉ ကာကွယ်ဆေးများနှင့် ပတ်သက်၍ ၎င်းတို့၏ ခန့်မှန်းဈေးနှုန်းများ၊ ခန့်မှန်းထုတ်လုပ်နိုင်မှု၊ ကာကွယ် ဆေးအမျိုးအစား အလိုက် ထားသိုရမည့် အပူချိန် နှင့် အအေးလမ်းကြောင်းစနစ်များ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိနိုင်ရေး အဆိုပြုလွှာ ကို ယခုနှစ် ဒီဇင်ဘာ () ရက် အရောက် ပေးပို့ နိုင်ရန်အတွက် ပြင်ဆင်ထားရှိမှု၊ COVAX Facility မှ Gavi, The Vaccine Alliance ၏ပံ့ပိုးမှုဖြင့် ကာကွယ် ဆေးရရှိနိုင်မှု၊ နှစ်နိုင်ငံသဘောတူညီချက်ဖြင့် ဝယ်ယူရရှိ နိုင်မှုနှင့် ပုဂ္ဂလိက ကာကွယ်ဆေး ထုတ်လုပ်သူများ ထံမှ တိုက်ရိုက်ဝယ်ယူနိုင်မည့် အခြေအနေများကို ဆန်းစစ်သုံးသပ်ထားမှု၊ ဝန်ကြီးဌာန၏ ကာကွယ်ဆေး ဖြန့်ဝေထိုးနှံနိုင်ရန် လူ့စွမ်းအားအရင်းအမြစ် အခြေအနေဆန်းစစ်ထားရှိမှု၊ ကာကွယ်ဆေးထိုးနှံပေးမည့် သူများအား မွမ်းမံသင်တန်းပြုလုပ်မည့်အစီအစဉ်၊ ကာကွယ်ဆေး၏ အရည်အသွေးကို ဆန်းစစ်နိုင်ရန်၊ ကာကွယ်ဆေးကို မြန်မာနိုင်ငံသို့ သယ်ယူပို့ ဆောင်ရန်နှင့် နိုင်ငံတွင်းရောက်ရှိပြီးနောက် ဖြန့်ဖြူးရန် အစီအစဉ်များ၊ ပုဂ္ဂလိက ကဏ္ဍကို ပိုမိုပူးပေါင်း ပါဝင်စေရေးကိစ္စရပ်များ၊ နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှု အခြေအနေနှင့် ရောဂါ ကူးစက်နိုင်ချေ များပြားသူများအုပ်စု တို့နှင့်ပတ်သက်သည့် ကိစ္စရပ်များ၊ ကာကွယ်ဆေးရရှိမှု အပေါ်မူတည်၍ ဦးစားပေး ထိုးနှံပေးသင့်သည့် လူအုပ်စုများ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများအတွက် ဘဏ္ဍာရေးဆိုင်ရာ ခန့်မှန်းတွက်ချက်မှုများ၊  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် အသုံးပြုရမည့် ပစ္စည်းကိရိယာများနှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ ကာကွယ် ဆေးထိုးနှံပြီး နောက်ဆက်တွဲဖြစ်ရပ်များ စောင့်ကြပ် ကြည့်ရှုရေး အတွက် ဒစ်ဂျစ်တယ်စနစ်ဖြင့် မှတ်ပုံတင်ခြင်း၊ သတင်းအချက် အလက်စုဆောင်းပေးပို့ခြင်းတို့ကို ဆောင်ရွက်သွားမည့် အစီအစဉ်၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများ ပြင်ဆင်ချိန်၊ စတင်ထိုးနှံ ချိန်တို့တွင် ဆက်သွယ်ဆောင်ရွက်မှုများ ပြုလုပ်သွားမည့် အစီအစဉ် နှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြ ကြသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း နှင့် အမျိုးသားအဆင့် ကာကွယ်ဆေးထိုး လုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ (National Immunization Technical Advisory Group) ဥက္ကဋ္ဌ ဒေါက်တာစိုးလွင်ငြိမ်း တို့က  အလွန်အမင်းအေးသော အအေးလမ်းကြောင်းသိုလှောင်မှု စနစ် လိုအပ်ကောင်း လိုအပ်မည်ဖြစ်သဖြင့် ကြိုတင်ပြင်ဆင်နိုင်ရေး၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ဒစ်ဂျစ်တယ်မှတ်တမ်းစနစ် အသုံးပြုရန်အတွက် အသေးစိတ်ဆွေး နွေးမှုများ ပြုလုပ်ရေး၊ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရရှိတော့မည့် အချိန်၌ ကာကွယ်ဆေးထိုးနှံရန် ဦးစားပေးအုပ်စုများ သတ်မှတ်မှု၊ ထိုးနှံမည့် အစီအစဉ်များကို မီဒီယာအမျိုးမျိုးမှတစ်ဆင့် ကျယ်ကျယ် ပြန့်ပြန့်ကြိုတင် အသိပေးထားရေး အပါအဝင် ဆောင်ရွက်ရမည့် ကိစ္စရပ်များအား အကြံပြုဆွေးနွေး ကြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက အထွေထွေဆွေးနွေး အကြံပြုမှုများ ဆောင်ရွက်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမည့် လုပ်ငန်းများတွင် ဒစ်ဂျစ်တယ်စနစ်ကို အသုံးပြုသွားမည်မှာ ကောင်းမွန်ပါကြောင်း၊ ဝန်ကြီးဌာန၏ ကျန်းမာရေးစီမံချက်အားလုံးတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ၊ ဒစ်ဂျစ်တယ် နည်းပညာများကို ယခုထက်ပိုမို၍ ကျယ်ကျယ်ပြန့်ပြန့် အသုံးချဆောင်ရွက်သွားစေလိုပါကြောင်း၊ ကာကွယ် ဆေးဘာသာရပ် ဒီပလိုမာသင်တန်းများနှင့် စွမ်းဆောင်ရည်မြှင့် အွန်လိုင်း သင်တန်းများ အမြန်ဆုံးဖွင့်လှစ်စေ လိုပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးအလိုက် ထိုးနှံရမည့် အကြိမ်ရေ၊ ထိုးနှံသည့် အကြိမ်အလိုက် ရောဂါကာကွယ်နိုင်သည့် အတိုင်းအတာ ကာလ၊ ရောဂါကာကွယ်နိုင်စွမ်းသည် အသက်အရွယ်အပေါ်မူတည် ပြောင်းလဲနိုင်မှုအနေအထားတို့ကိုလည်း ဆန်းစစ်လေ့လာကြစေလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့၏ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အကြံပြုမှုများအပေါ် သုံးသပ်ခြင်းများပြုလုပ်ကာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့တင်ပြကာ ဆုံးဖြတ်ချက်များ ရယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောကြားသည်။

 (သတင်းစဉ်)

HOT NEWS
January 4,