ရန်ကုန်မြို့တော် ရုပ်သံလိုင်း(City Channel)ထုတ်လွှင့်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်မြို့တော် ရုပ်သံလိုင်း(City Channel)ထုတ်လွှင့်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ


Ministry of Information/ ​နေပြည်တော် / February 23, 2020
image_latest


ရန်ကုန် ဖေဖော်ဝါရီ ၂၃

ရန်ကုန်မြို့တော် ရုပ်သံလိုင်း (City Channel) ထုတ်လွှင့်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့၊ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ တက်ရောက်ဆွေးနွေးကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က   ပြန်ကြားရေးဝန်ကြီး ဌာနအနေဖြင့် ရုပ်သံထုတ်လွှင့်မှုကဏ္ဍတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV)ကို အရည် အသွေးတိုးတက်စေရန် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ MRTV အနေ ဖြင့် ယခင်က Forever Group နှင့် ရွှေသံလွင် မီဒီယာတို့နှင့်သာ ဖက်စပ်ဆောင်ရွက်ခဲ့ရာမှ ယခုအခါ Content Provider (၅)ခုဖြစ်သည့် Mizzima, DVB, Channel K , YTV , Fortune TV တို့မှလည်း ထုတ်လွှင့်/ပြသလျက် ရှိပါကြောင်း၊ ပြန်ကြားရေး ဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ရုပ်မြင်သံကြားနှင့် သတင်းစာ များတွင် လည်း ရန်ကုန်မြို့ တော်ဆိုင်ရာ သတင်းများကို အများဆုံး ထုတ်လွှင့် ဖော်ပြလျက် ရှိပါကြောင်း၊ ရန်ကုန်မြို့တော်ဆိုင်ရာ သတင်းများသည် အများပြည်သူ စိတ်ဝင်စားဖွယ် သတင်းများဖြစ်သောကြောင့် တန်ဖိုးရှိမည့် ရုပ်သံလိုင်းတစ်ခုအဖြစ် ပေါ်ထွန်းလာမည်ဟု မျှော်လင့်ပါကြောင်း ဆွေးနွေး ပြောကြားသည်။

ထို့နောက် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက  ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ပြည်သူလူထုနှင့် ဆက်သွယ်ပြန်ကြားခြင်းလုပ်ငန်းကို City FM နှင့် မြို့တော် သတင်းစာ တို့ဖြင့် ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ ပုံနှိပ်မီဒီယာဖြစ်သည့် မြို့တော်သတင်းစာကို အွန်လိုင်း မီဒီယာဖြစ်သည့် ဒစ်ဂျစ်တယ်သတင်းစာအဖြစ် ပြောင်းလဲနိုင်ရန်နှင့် တစ်ဖက်တွင် ရုပ်မြင်သံကြား အစီအစဉ် တစ်ခုကို ပေါင်းစည်းဆောင်ရွက်နိုင်ရန် လုပ်ဆောင်သွားလိုပါကြောင်း၊ ထိုသို့ ပေါင်းစည်း ဆောင်ရွက်နိုင်ပါက ပြည်သူလူထုအတွက် အသိပညာပေးခြင်း လုပ်ငန်းမှာ ပိုမိုခရီးပေါက် မည်ဟု မျှော်လင့်ပါကြောင်း၊ ထိုသို့ စီစဉ်ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးစိုးလွင် က Yangon City ရုပ်သံလိုင်း တိုးချဲ့ထုတ်လွှင့်လိုမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က Yangon City ရုပ်သံလိုင်း ထုတ်လွှင့်လိုမှုနှင့်ပတ်သက်၍ ဆောင်ရွက်နိုင်မည့်ပုံစံ နှင့် လုပ်ငန်းစဉ်၊ MRTV နှင့် ဖက်စပ်ဆောင်ရွက်လျက်ရှိသည့် ရုပ်သံလိုင်းများ၊ Content Provider များ၏ ဆောင်ရွက်မှုအခြေအနေ တို့ကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသူများက Yangon City ရုပ်သံလိုင်း ထုတ်လွှင့်နိုင် ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြသည်။

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် Yangon City Channel ဖြစ်မြောက်ရေးဆောင်ရွက်ရာ၌ ပြန်ကြားရေးဝန်ကြီးဌာနမှ လိုအပ်သလို ကူညီဆောင်ရွက်ပေးနိုင်ရန် နှင့်  Yangon City Channel ဖြစ်မြောက်ရေးကို  ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်း လုပ်ငန်းအဖွဲ့ဖြင့် ဖွဲ့စည်းဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများသည်    စတူဒီယို ၁ နှင့် သတင်းခန်းတို့ကို လှည့်လည်ကြည့်ရှုကြသည်။

(သတင်းစဉ်)

HOT NEWS
January 4,