ရန်ကုန်မြို့ သံဈေးတွင် မီးလောင်မှုဖြစ်ပွားကာ ဆိုင်ခန်း ၄၂ ခန်းမီးလောင်ဆုံးရှုံး၊ နိုင်ငံခြားသားများအပါအဝင် ပိတ်မိနေသူ ၈၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့

ရန်ကုန်မြို့ သံဈေးတွင် မီးလောင်မှုဖြစ်ပွားကာ ဆိုင်ခန်း ၄၂ ခန်းမီးလောင်ဆုံးရှုံး၊ နိုင်ငံခြားသားများအပါအဝင် ပိတ်မိနေသူ ၈၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့


Ministry of Information/ ​နေပြည်တော် / February 21, 2020


ရန်ကုန် ဖေဖော်ဝါရီ ၂၀

ရန်ကုန်မြို့ လသာမြို့နယ် အမှတ်(၂) ရပ်ကွက် လမ်းမတော်လမ်းရှိ သံဈေးတွင် ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၆ နာရီ ၁၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားရာ ဈေးဆိုင်ခန်း ၄၂ ခန်း မီးလောင်ဆုံးရှုံးခဲ့ကာ အဆိုပါ အဆောက်အအုံအတွင်း ပိတ်မိနေသူများကို မီးသတ် တပ်ဖွဲ့က ဘေးအန္တရာယ်ကင်းစွာ ကယ်ထုတ်နိုင်ခဲ့ ကြောင်း သိရသည်။

မီးလောင်မှုအား မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းသူ၊ ရန်ကုန်တိုင်း ဒေသကြီး မီးသတ်တပ်ဖွဲ့မှူး ဦးမျိုးဝင်းတို့၏ အနီးကပ် ကြီးကြပ်ကွပ်ကဲမှုဖြင့် မြို့နယ်များမှ မီးငြှိမ်းသတ်ရေးယာဉ်များနှင့်အတူ သန္ဓေတပ်ဖွဲ့ဝင် ၇၀၀ ကျော်၊ အရန်မီးသတ် ၂၀၀ ခန့်၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများက Level 5 ယာဉ်အုပ်စုဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ကြရာ နံနက် ၉ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းသွားသည်။

အဆိုပါဈေးအတွင်း ဆိုင်ခန်း ၂၃၂ ခန်းရှိသည့်အနက် ဆိုင်ခန်း ၄၂ ခန်း မီးလောင်ဆုံးရှုံးခဲ့ပြီး ဆိုင်ခန်း ၁၈ ခန်း မီးဟပ်ခံခဲ့ရသည့်အပြင် အမျိုးသား ၁၂ ဦး ၊ အမျိုးသမီး ခြောက်ဦးမှာ ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သဖြင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူခဲ့ရ ကြောင်း သိရသည်။

မီးလောင်သည့် အဆောက်အအုံမှာ ၁၂ ထပ်ခွဲရှိပြီး အောက်ဆုံးမြေညီထပ်တွင် ဈေးဆိုင်တန်းများ၊ ငါးလွှာ အထိ ရုံးခန်းများ၊ ပစ္စည်းသိုလှောင်ခန်းများ၊ စားသောက် ဆိုင်ကြီးများ ရှိနေသည်။ အထပ်မြင့်ခြောက်လွှာမှ စတင် ၍ လူနေတိုက်ခန်းများဖြစ်ကြောင်း ဈေးအနီးဝန်းကျင် နေသူတစ်ဦးထံမှ သိရသည်။

အဆောက်အအုံအပေါ်ထပ်တိုက်ခန်းများမှ ပိတ်မိ နေသူများကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည့် ရှာဖွေကယ်ဆယ်ရေးအထူးအဖွဲ့က ပိုလန်နိုင်ငံထုတ် အဆင့်မြင့်ကယ်ဆယ်ရေးလှေကားများ ဖြင့် လည်းကောင်း၊ တစ်ဖက်တိုက်ခေါင်မိုးပေါ်မှ တက်၍လည်းကောင်း မီးလောင်နေသည့် ခေါင်မိုးအား ဖောက်ကာ နိုင်ငံခြားသားများအပါအဝင် အမျိုးသား ၃၄ ဦး၊ အမျိုးသမီးကြီး ၄၈ ဦး၊ ကလေးငယ် သုံးဦး စုစု ပေါင်း ၈၅ ဦးကို အန္တရာယ်ကင်းစွာဖြင့် ကယ်ဆယ် ပေးနိုင်ခဲ့သည်။

တိုက်ခေါင်မိုးပေါ်အထိ တက်ရောက်ကယ်ဆယ် ခဲ့သူ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ညွှန်ကြား ရေးမှူး (ဦးစီး) ဦးသိန်းထွန်းဦးက “အထပ်မြင့်တိုက် တွေမှာနေတဲ့ ပြည်သူတွေအနေနဲ့ မိမိတိုက်ခန်းမှာ လိုအပ်တဲ့ ထွက်ပေါက် ထွက်လမ်း၊ အရေးပေါ်လှေကား ရှိနေဖို့ အထူးပဲလိုအပ်ပါတယ်။ ဒါမှ ရှေ့ဘက်က မီးလောင်ရင် နောက်ဘက်အပေါက်က ထွက်နိုင်မှာဖြစ်ပါ တယ်။ အခု အခြေအနေအရ အပေါ်ထပ်က လူတွေက အောက်ကို ဆင်းဖို့ အပေါက်၊ လှေကားတွေမရှိတဲ့အတွက် သက်စွန့်ဆံဖျား ကယ်ဆယ်မှုတွေ ပြုလုပ်ရပါတယ်။ အားလုံး ကံကောင်းကြပါတယ်။ အသေအပျောက်လုံးဝ မရှိခဲ့ပါဘူး။ သင်ခန်းစာတစ်ရပ်က မင်္ဂလာတောင်ညွန့်မှာ အဆောက်အအုံက ထွက်ပေါက်မရှိတဲ့အတွက် လူသေဆုံးရတာပါ” ဟု ပြောကြားသည်။

မီးလောင်ရာသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုပြီး လိုအပ်သည်များကို ပံ့ပိုးကူညီ ပေးခဲ့သည့်အပြင် နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးယူ စောင့်ရှောက်ပေးခဲ့ကာ မီးလောင်မှုအကြောင်းရင်းအား စုံစမ်းစစ်ဆေးလျက်ရှိ ကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ - ကိုကြီးတင်

HOT NEWS
January 4,