ရပ်ရွာအကျိုးအစဉ်သယ်ပိုး ပြည်သူ့အကျိုးဆောင်

ရပ်ရွာအကျိုးအစဉ်သယ်ပိုး ပြည်သူ့အကျိုးဆောင်


Ministry of Information/ ​နေပြည်တော် / June 06, 2020
image_latest


အိမ်ထောင်စုများ စုပေါင်းနေထိုင်ကြသဖြင့် ရပ်ကွက်၊ ကျေးရွာများဖြစ်ပေါ် လာသည်။ ရပ်ကွက်၊ ကျေးရွာတို့ စုပေါင်းဖွဲ့စည်းထားသဖြင့် မြို့၊ ခရိုင်၊ တိုင်း၊ ပြည်နယ်၊ နိုင်ငံတော်တို့ ပေါ်ပေါက် လာရသည်။ ထို့ကြောင့် နိုင်ငံ တစ်နိုင်ငံအတွက် အခြေခံအကျဆုံးမှာ ရပ်ကွက်၊ ကျေးရွာများ ဖြစ်သည်။ မိမိတို့ရပ်ရွာဖွံ့ဖြိုးတိုးတက် သာယာအေးချမ်းရေး တွင် ရပ်ရွရွာနေပြည်သူ များမှာ အဓိကကျ၍ ရပ်ရွရွာအတွင်း ပြည်သူများ စည်းလုံးညီညာစွာဖြင့် တက်ကြွစွာပူးပေါင်းပါဝင် လာကြစေရန် အသင်းအဖွဲ့များ၏ စည်းရုံး လှုံ့ဆော်ခြင်းသည် အလွန်ကျေးဇူးများသည့်လုပ်ငန်း ဖြစ်သည်။ ။

မျက်မှောက်ကာလတွင်ရပ်ရွာဖွံ့ဖြိုးရေး၊ အေးချမ်းသာယာရေးလုပ်ငန်း များကို လုပ်ကိုင်နိုင်ရန် အဓိကတာဝန်ရှိကြသူများမှာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်သူများနှင့် ရပ်မိရပ်ဖများဖြစ်ကြသည်။ ယခုအခါတွင် ရပ်ရွာဒေသ များ၌ လူဦးရေ တစ်နေ့တခြားတိုးပွားနေသဖြင့် များပြားလာသော လူဦးရေ နှင့်ရပ်ရေး၊ ရွာရေးတို့ကို ဖိဖိစီးစီးလုပ်ကိုင်နိုင်ရန်မှာ လွယ်ကူလှသည်မဟုတ် ပေ။ ထို့ကြောင့် ရပ်ရွာအကျိုးကို သယ်ပိုးထမ်းဆောင်နိုင်ရန်အတွက် ရပ်ရွာ အတွင်းမှ လူမှုရေး အသင်းအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းအင်အားများ လိုအပ်လာသည်။ ။

အရေးကြုံလျှင် လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများမှာ ရှေ့တန်းမှနေ၍ တက်တက်ကြွကြွ ပါဝင် လုပ်ကိုင် ကြသည်ကိုဝမ်းမြောက်ဖွယ် တွေ့ရသည်။ ရပ်ရွာအေးချမ်း သာယာရေးနှင့် ယခုကဲ့သို့ ကပ်ရောဂါဘေးနှင့် ကြုံတွေ့နေရစဉ် ကာလတွင် ရပ်ရွာအုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် စေတနာ ဝန်ထမ်းများ၏ အခန်းကဏ္ဍသည် ပြည်သူလူထုနှင့် ထိတွေ့ ဆက်ဆံရသည့် လုပ်ငန်းများတွင် အလွန်အရေးပါသည်။ ရပ်ရွာအေးချမ်းရေးအတွက် မိမိတို့ ရပ်ရွာကို ကာကွယ် စောင့်ရှောက်ပေးရန်နှင့် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက်ရပ်ရွာနေ ပြည်သူ များ ပူးပေါင်းပါဝင်လာရန် ဦးဆောင် ဦးရွက်ပြုကြရသည်။

မျက်မှောက်ကာလကပ်ရောဂါဘေးနှင့်ကြုံတွေ့နေရစဉ်တွင် ရပ်ရွာ နေပြည်သူများ ကူးစက် ရောဂါ မဖြစ်ပွားစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့် အညီ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်နေကြသည်ကို တွေ့ရသည်။ ကိုဗစ်-၁၉ ရောဂါဘေးကိုကာကွယ်ဆောင်ရွက်နေစဉ်တွင် ရာသီကာလအလိုက် အထူးသဖြင့် ကလေး ငယ်များတွင် ဖြစ်ပေါ်တတ်သောရောဂါများ ကာကွယ်ရေးအတွက် ပုံမှန် ဆေးထိုးခြင်း လုပ်ငန်းများကို စတင်ဆောင် ရွက်နေပြီဖြစ်ရာ ဒေသန္တရ အုပ်ချုပ်ရေး၊ ရပ်ရွာအုပ်ချုပ်ရေးနှင့် အတူစေတနာ့ဝန်ထမ်းများက ထုတ်ပြန် ထားသော လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင် အောင် စီစဉ်ဆောင်ရွက်နေကြပြီ ဖြစ်သည်။

ကာကွယ်ဆေးထိုးကြမည့် ဒေသအလိုက်၊ နေ့အလိုက်စုရပ်များတွင် ကလေးစာရင်းပြုစုရေး၊ ကာကွယ်ဆေးမထိုးခဲ့ရသော ကလေး တစ်ယောက် မကျန်နှင့် ပြင်ပမှရောက်ရှိလာသော ကလေးများလည်းပါဝင်စေရန် ကူညီစာရင်းကောက်ခြင်း၊ ပြုစုခြင်းတို့ကို ပါဝင်ဆောင် ရွက်ကြရမည်ဖြစ်သည်။ ဆေးထိုးစုရပ်များတွင် ကလေးငယ်များနှင့် မိဘအုပ်ထိန်းသူများ စနစ်တကျ၊ စည်းကမ်းတကျပါဝင်ဆောင်ရွက်ရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးကာလ အတွင်း ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများ အဟန့်အတားမဖြစ်စေရေး ပါဝင်ကူညီရမည် ဖြစ်သည်။ အသိပညာပေးနှိုးဆော်ချက်များကို အများ မြင်သာရာတွင် အသိပေးစေခြင်း၊ ကာကွယ်ဆေးထိုးရန်အတွက်လာရောက် ရမည့်အချိန်နှင့်နေရာတို့ကို ကြိုတင် အသိပေးခြင်း စသည်တို့အား ဆောင်ရွက်ရမည်ဖြစ်သည်။

ကာကွယ်ဆေးနှင့်ပတ်သက်၍လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍လည်းကောင်း ကောလာဟလ မမှန်သတင်းများရှိပါက သက်ဆိုင်ရာသို့ ချက်ချင်းအသိပေးကြရမည် ဖြစ်သည်။ ကာကွယ်ဆေးထိုး စုရပ်တစ်ခုတွင် အုပ်ချုပ်သူတစ်ဦး၊ စေတနာ့ဝန်ထမ်းတစ်ဦးရှိရမည်ဖြစ်ပြီး ကလေး ၅၀ ပြည့်လျှင် နေနောက်ရက်သို့ချိန်းဆိုခြင်း၊ လူစုလူဝေးမဖြစ်အောင် သတိပြုလိုက်နာ ဆောင်ရွက်စေခြင်း၊ မိဘအုပ်ထိန်းသူများ သိရှိလိုက်နာ စေရန် အသိပညာပေးခြင်း၊ နှာခေါင်း စည်းများ တပ်ဆင်စေခြင်း၊ လက်ဆေးခြင်း စသည့်ကျန်းမာရေးဆိုင်ရာလိုက်နာရမည့်အချက်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရမည် ဖြစ်သည်။

သို့ဖြစ်ရာ ရပ်ရေး၊ ရွာရေးတို့ကိုဆောင်ရွက်ရာတွင် ရပ်ရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် ရပ်ရွာအတွင်းမှ စေတနာ့ဝန်ထမ်းများက ရပ်ရွာနေပြည်သူများအတွက် တက်တက်ကြွကြွ အလေးအနက်ထားဆောင်ရွက်ပေးနိုင်ရန် အထူး လိုအပ် သည်ဖြစ်ရာ အစိုးရ၊ ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့တို့နှင့် သက်ဆိုင်ရာဝန်ကြီးဌာနအဖွဲ့အစည်းများ၏ လမ်းညွှန်ချက်နှင့် အညီရပ်အကျိုး၊ ရွာအကျိုး၊ ပြည်သူလူထုအကျိုးများတိုးပွားစေရေးအတွက် တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ ။