ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးနှင့် ဆုံဆို့ - မေးခိုင် ပါဝင်သော ငါးမျိုးစပ် ကာကွယ်ဆေးများကို ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ထည့်သွင်းတိုက်ကျွေးထိုးနှံပေးသွားမည်

ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးနှင့် ဆုံဆို့ - မေးခိုင် ပါဝင်သော ငါးမျိုးစပ် ကာကွယ်ဆေးများကို ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ထည့်သွင်းတိုက်ကျွေးထိုးနှံပေးသွားမည်


Ministry of Information/ ​ရန်ကုန် / January 20, 2020


ရန်ကုန် ဇန်နဝါရီ ၁၉

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပုံမှန် ကာကွယ်ဆေးထိုး ဆေးတိုက်အစီအစဉ်တွင် ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးနှင့် ဆုံဆို့ - မေးခိုင် ပါဝင်သော ငါးမျိုးစပ် ကာကွယ်ဆေးများ (စတုတ္ထအကြိမ်) ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ထည့်သွင်း တိုက်ကျွေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၄ ရက် နံနက် ပိုင်းတွင် ရန်ကုန်မြို့ရှိ ချက်ထရီယမ်ဟိုတယ်၌ ကျင်းပသော စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။

အဆိုပါအစီအစဉ်ကို မြန်မာနိုင်ငံတွင် ရိုတာဗိုင်းရပ်(စ်) ကြောင့် ဖြစ်သည့် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ဆုံဆို့ - မေးခိုင် ရောဂါဖြစ်ပွားမှုများကို ထိရောက်စွာ လျှော့ချနိုင်ရန်နှင့် ငါးနှစ်အောက် ကလေးသေဆုံးမှုများကို ပိုမိုလျှော့ချနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ယခုတိုက်ကျွေးမည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်ပေးသည့် ရိုတာ ဗိုင်းရပ်(စ်) ကာကွယ်ဆေးကို နိုင်ငံပေါင်း ၉၈ နိုင်ငံက သုံးစွဲလျက်ရှိပြီး အရည်အသွေးမြင့်မားသော ကာကွယ်ဆေးဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ အသက် ၅ နှစ်အောက်ကလေးများ သေဆုံးမှု အကြောင်းရင်းများတွင် ဝမ်းပျက် ဝမ်းလျှောရောဂါသည် တတိယအများဆုံးဖြစ်ပြီး ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံကြီးများ၌ တက်ရောက်ခဲ့သော အသက် ၅ နှစ်အောက် ကလေးလူနာများတွင် ရိုတာဗိုင်းရပ်(စ်)ပိုး တွေ့ရှိမှုနှုန်းမှာ ၃၈ ရာခိုင်နှုန်းမှ ၅၆ ရာခိုင်နှုန်းအထိ တွေ့ရှိရပြီး မြန်မာနိုင်ငံသည် အာရှဒေသတွင် ရိုတာဗိုင်းရပ်(စ်)ကြောင့် ဖြစ်ပွားသော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှု အများဆုံးဖြစ်ပွားသည့် နိုင်ငံများတွင် ပါဝင် ကြောင်း သိရသည်။

ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးနှင့် ဆုံဆို့ - မေးခိုင် ပါဝင်သော ငါးမျိုးစပ်ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံခြင်းနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများကို မြန်မာ့ သတင်းစဉ်က တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည် -

▲ ဒေါက်တာသာထွန်းကျော် ▲

(ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန)

ဒီရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့မှာ မွေးဖွားပြီး ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁ ရက်မှာ နှစ်လပြည့်တဲ့ကလေးတွေကို ပြင်းထန်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဖို့အတွက် ပါးစပ်ကနေ တိုက်ကျွေးမယ့် ကာကွယ်ဆေး ဖြစ်ပါတယ်။ ကလေး နှစ်လအရွယ်မှာ ပထမအကြိမ်နဲ့ လေးလအရွယ်မှာ ဒုတိယအကြိမ် နှစ်ကြိမ် တိုက်ကျွေးသွားမှာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရတဲ့ ရောဂါ ၁၃ မျိုး ရှိပါတယ်။ ဒါ့အပြင် ၂၀၂၀ ပြည့်နှစ် ဩဂုတ်လဝန်းကျင်မှာ အမျိုးသမီးတွေ အဖြစ်များတဲ့ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို အမျိုးသမီးငယ်တွေအတွက် ထိုးပေးဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။

 

▲ ဒေါက်တာထားထားလင်း (ဒုတိယညွှန်ကြားရေးမှူး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန) ▲

တစ်နှစ်လုံးမှာ ကာကွယ်ဆေးကို တစ်နှစ်အောက်ကလေးငယ် တစ်သန်းခန့်ကို တိုက်ကျွေးသွားမယ်လို့ ခန့်မှန်းထားပါတယ်။ ဆေးရုံကိုရောက်လာတဲ့ အသက် ၅ နှစ် အောက် ကလေးတွေ ဝမ်းပျက်ဝမ်းလျှောတယ်၊ ရေဓာတ်တွေ ခန်းခြောက်နေရင် ၆၀ ရာခိုင်နှုန်းက ရိုတာ ဗိုင်းရပ်(စ်) ပိုးကို တွေ့ရပါတယ်။ အဲဒါကို ကာကွယ်ဆေးနဲ့ပဲ ကာကွယ်နိုင်တာကြောင့် ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးကို တိုက်ကျွေးတာဖြစ်ပါတယ်။ ရိုတာဗိုင်းရပ်(စ်)ပိုးကြောင့် မဟုတ်ဘဲ တခြားဖြစ်နိုင်တဲ့ ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ရောဂါတွေအတွက် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ တစ်ကိုယ်ရေ သန့်ရှင်းရေး၊ လက်ဆေးတာနဲ့ ယင်လုံအိမ်သာ သုံးစွဲတာတွေကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

▲ ပါမောက္ခဒေါက်တာရဲမြင့်ကျော် (ပါမောက္ခဌာနမှူး၊ ရန်ကုန်ကလေးဆေးရုံကြီး) ▲

ဒီရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးက ကလေးနှစ်လအရွယ်ကျမှ တိုက်လို့ရမှာပါ။ ကလေးတွေကို နှစ်လထက် စောပြီး တိုက်လို့မရပါဘူး။ ဒီစီမံချက်က ဖေဖော်ဝါရီ ၁ ရက် မှာ စတဲ့အတွက် ၂၀၁၉ ဒီဇင်ဘာ ၁ ရက်မှာ မွေးတဲ့ကလေးတွေပဲ စီမံချက်ထဲမှာ အကျုံးဝင်ပါတယ်။ ကာကွယ်ဆေးရဲ့ ထူးခြားချက်က ကောင်းနေတဲ့ ကလေးတွေကိုသာ ဆေးတိုက်ဆေးထိုး လုပ်ပေးလို့ရပါတယ်။ ဒါကြောင့် သူက ရိုးရိုးဆေးထက် အများကြီး ပိုဘေးကင်းပါတယ်။ ဒီဆေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထောက်ခံချက်အရ ကလေးတွေကို တိုက်ကျွေးသွားမှာ ဖြစ်ပါတယ်။ မိဘတွေအနေနဲ့ ကလေးတွေကို ကာကွယ်ဆေးတိုက်ရမှာကို ကြောက်လို့ မတိုက်ဘဲထားတာက အများကြီးပို ကြောက်စရာ ကောင်းပါတယ်။

▲ Mr. Dirk Gehl (Senior Country Manager of Gavi the vaccine alliance) ▲

Gavi အနေနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကို ၂၀၁၂ ခုနှစ်ကတည်းက ကာကွယ်ဆေးအသစ်တွေ၊ ငါးမျိုးစပ်ကာကွယ်ဆေးတွေဖြစ်တဲ့ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ)ပိုးနဲ့ ပြင်းထန် ဦးနှောက်အမြှေးရောင်ရောဂါတွေကို ကာကွယ်ပေးတဲ့ ဆေးတွေကစပြီး နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ ဂျပန် ဦးနှောက်ရောင်ရောဂါ၊ ဝက်သက်ဂျိုက်သိုးကာကွယ်ဆေးတွေကို ဆက်တိုက် ပံ့ပိုးပေးပါတယ်။ အခု ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးကို ပံ့ပိုးပေးပါတယ်။ ဒီနှစ်ထဲမှာ နောက်ထပ် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကိုပံ့ပိုးပေးဖို့ ရှိပါတယ်။ ဒီရိုတာဗိုင်း ရပ်(စ်) ကာကွယ်ဆေးက ဘေးကင်း ယုံကြည်စိတ်ချရပါတယ်။ ဘေးထွက်ဆိုးကျိုးတွေ မရှိပါဘူး။ အလွန်ထိရောက်ပါတယ်။ ရိုတာဗိုင်းရပ်(စ်)ပိုးကြောင့်ဖြစ်တဲ့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါတွေနဲ့ ပတ်သက်ပြီး ကလေးငယ်တွေမှာ ဖြစ်ပွားမှုနှုန်း ဘယ်လောက်ထိ လျော့ကျသွားသလဲ၊ ဘယ်လောက် ကျဆင်းသွားသလဲဆိုတာကို လေ့လာသုံးသပ်ခြင်းဖြင့် ဒီစီမံချက်ရဲ့ ထိရောက်မှုကို သိရှိနိုင်မှာ ဖြစ်ပါတယ်။

 

တွေ့ဆုံမေးမြန်း - ရီရီမြင့်၊ ဓာတ်ပုံ - ဇော်မင်းလတ်

HOT NEWS
January 4,