အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး ကြိုတင် ပြင်ဆင်မှုများဆိုင်ရာ ဗဟိုအဆင့်ညှိနှိုင်းမှု အစည်းအဝေးကျင်းပ

အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး ကြိုတင် ပြင်ဆင်မှုများဆိုင်ရာ ဗဟိုအဆင့်ညှိနှိုင်းမှု အစည်းအဝေးကျင်းပ


Ministry of Information/ ​နေပြည်တော် / July 14, 2020
image_latest


နေပြည်တော်  ဇူလိုင် ၁၄

အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး ကြိုတင် ပြင်ဆင်မှုများဆိုင်ရာ ဗဟိုအဆင့်ညှိနှိုင်းမှု အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ရုံးအမှတ် (၄) ၌ ကျင်းပသည်။

အစည်းအဝေး၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက မိမိတို့နိုင်ငံတွင် ယနေ့အထိ ကိုဗစ်-၁၉ ဖြစ်ပွားသူလူနာ (၃၃၆) ဦးရှိပြီး လူနာများ၏ (၇၉) ရာခိုင်နှုန်းဖြစ်သော (၂၆၁) ဦးသည် ရောဂါပိုးကင်းစင်သွားခဲ့ပြီး ယခုလက်ရှိတွင် ဆေးရုံ အသီးသီး၌ ကုသမှုခံယူနေသော ကိုဗစ်-၁၉ လူနာများ၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး အထူးကြပ်မတ်ကုသမှု ခံယူနေရသူ တစ်ဦးမျှ မရှိပါကြောင်း၊ ယခုအချိန်၌ ကိုဗစ်-၁၉ ဖြစ်ပွားမှု များကို ဆန်းစစ်ကြည့်ပါက ကူးစက်သူများ၏ (၅၂) ရာခိုင်နှုန်းသည် ပြည်ပမှဝင်ရောက်လာသူများ ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်မှစ၍ အထူးကြပ်မတ် ကုသမှုခံယူခဲ့ရသူ (၁၉) ဦးရှိပြီး၊ အသက်ရှုစက် (ventilator) အသုံးပြုခဲ့ရသော လူနာမှာ (၅) ဦးသာရှိပါကြောင်း။

အခြေခံပညာအထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်၌ မိမိတို့သတိပြုရမည်မှာ လူနာအားလုံး၏ (၆၀) ရာခိုင်နှုန်းသည် မည်သည့် ရောဂါလက္ခဏာမျှမပြသဘဲ ရောဂါပိုး ရှိနေသည် ဆိုသည့်အချက် ဖြစ်ပါကြောင်း၊ ဤအချက်ကိုနောက်ခံထား၍ မိမိတို့ဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ အခြေခံပညာကျောင်းများဖွင့်ရာ၌ ရောဂါကူးစက်မှု မရှိရန်အတွက် ယခုကဲ့သို့  ထပ်မံတွေ့ဆုံဆွေးနွေးခြင်း ဖြစ်ပါကြောင်း၊ ထိုသို့ ရောဂါပြန့်ပွား ကူးစက်ခြင်းများမရှိစေ ရန်အတွက် အခြေခံပညာကျောင်းများ ပြန်လည်မဖွင့်လှစ်မီတွင် ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်း များကို ဖြန့်ဝေထားရှိမှု၊ ကျောင်းအုပ်ကြီး၊ ဆရာ/ ဆရာမများ၊ မိဘများနှင့် ကျောင်းသား/သူများက အဆိုပါ လမ်းညွှန်ချက်များကို သိရှိလိုက်နာ ဆောင်ရွက်မှု နှင့် ကျောင်းအလိုက် ရောဂါကာကွယ်ရေး အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ သည် အဆင်သင့်ဖြစ်နေရန် အရေးကြီးပါကြောင်း။

အခြေခံပညာကျောင်းများ၌ ရောဂါကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေ များကို ကျောင်းများ မဖွင့်လှစ်မီတွင် ဝန်ကြီးဌာနနှစ်ခုမှ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်တာဝန်ရှိသူများ ပူးပေါင်းကာ ဆန်းစစ်မှုပုံစံများအသုံးပြု၍ ကွင်းဆင်းစစ်ဆေး မှုများ ပြုလုပ်ရမည်ဖြစ်ပါကြောင်း၊ ထိုသို့စစ်ဆေးရာတွင် ကြိုတင်ပြင် ဆင်မှုများပြည့်စုံရန် အတွက် ပံ့ပိုးရန်လိုအပ်နေသေးသည့် ကျောင်းများအား အမြန်ဆုံးပံ့ပိုးဖြည့် ဆည်းကာ ကျောင်းပြန်လည် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အခြေခံပညာကျောင်း များ ပြန်လည်ဖွင့်လှစ်ချိန် တစ်လျှောက်လုံးတွင်လည်း ရောဂါကာကွယ်ရေးလုပ်ငန်းများနှင့် စည်းကမ်းလိုက်နာ ဆောင်ရွက်မှု အခြေအနေများကို ပုံမှန်နှင့် ရှောင်တခင် စစ်ဆေးခြင်းနှင့် စောင့်ကြည့်ဆန်းစစ်အကဲဖြတ်ခြင်းအား ဆန်းစစ်ခြင်းစာရင်းပုံစံများ အသုံးပြု၍ ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း။

ကျောင်းများပြန်လည်ဖွင့်လှစ်ပြီးနောက် ကိုဗစ်-၁၉ သံသယလက္ခဏာများရှိသူတစ်ဦးကို အတန်းတစ်ခုတွင် တွေ့ရှိပါက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကိုလည်း တာဝန်ရှိသူများ အားလုံးက သိရှိထားရမည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းကာ ရေးဆွဲထားသည့် ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ အသီးသီးတို့အတွက် နေအိမ်မှ ကျောင်းသို့လာချိန်၊ ကျောင်းစာသင်ခန်းသို့ သွားချိန်၊ စာသင်ကြားချိန်၊ နားနေချိန်နှင့် ကျောင်းဆင်းချိန်တို့တွင် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များနှင့် လမ်းညွှန်ချက်များအား အတိအကျလိုက်နာ ဆောင်ရွက်ရန်အတွက် ဆရာ၊ ဆရာမများသာမက မိဘများ၏ ပူးပေါင်းဆောင်ရွက်မှုအခန်းကဏ္ဍသည်လည်း အရေးကြီးပါကြောင်း၊ သက်ဆိုင်ရာ အခြေခံပညာ ကျောင်းအလိုက် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် မိဘ ဆရာအသင်းဝင်များသည် မြို့နယ်ပညာရေးနှင့် ကျန်းမာရေးတာဝန်ရှိသူများ ပုံမှန်တွေ့ဆုံညှိနှိုင်းပြီး  ဆက်လက်ဆောင်ရွက် ကြစေလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက  ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် အခြေခံပညာအထက်တန်းအဆင့်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် သင်ယူမှုမဆုံးရှုံးရေး၊ ထိတွေ့မှုလျော့ချခြင်း၊ လူအုပ်စု မဖြစ်ပေါ်ရေး အဓိက စီစဉ်ထား ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် အခြေခံပညာအထက်တန်း အဆင့် ကျောင်း စုစုပေါင်း (၅,၆၃၃)ကျောင်း ရှိပါကြောင်း၊ ပုံမှန်ဖွင့်နိုင်မည့် အထက်တန်းကျောင်း(၆၁၇) ကျောင်း၊ တစ်ပတ်ခြား အထက်တန်းကျောင်း (၂,၄၇၁)ကျောင်း၊ တစ်ပတ်ခြား နှစ်သုတ်တက် အထက်တန်းကျောင်း (၂,၄၀၁)ကျောင်း၊ တစ်ပတ်ခြားနှစ်သုတ် (၃)ရက်ခြားတက် အထက်တန်း ကျောင်း (၁၄၄)ကျောင်း စီစဉ်ထားရှိပါကြောင်း၊ ဘုန်းတော်ကြီးသင်အထက် တန်းကျောင်း(၃) ကျောင်း၊ ကိုယ်ပိုင် အထက်တန်းကျောင်း (၁၀၀၀) ကျောင်းရှိပါကြောင်း၊ အထက်တန်း ကျောင်းသား စုစုပေါင်း (၁ ဒသမ ၂) သန်း ဝန်းကျင်ရှိပါကြောင်း၊  သို့သော် ကိုဗစ်-၁၉ ကပ်ရောဂါ ကာလတွင် ကျန်းမာရေးနှင့် ညီညွတ်သော ဝန်းကျင်ဖြစ်ရန်အတွက် စုစုပေါင်း မူ/ လယ်/ ထက် ကျောင်းသား ဦးရေနှင့် စာသင်ခန်း၊ စာသင်ခုံ၊ ဆရာဦးရေတို့အရ လည်းကောင်း၊ ကျောင်းသားတစ်ဦးလျှင် (၃၆) စတုရန်းပေအရလည်းကောင်း စာသင်ခန်းတစ်ခန်းတွင် (၂၀)ဦး အတွက်သာ ခုံစီထားပါသဖြင့် အများဆုံးပုံမှန်ဖွင့်သော ကျောင်းများ၊ တစ်ပတ်ခြားကျောင်းများ၊ တစ်ပတ်ခြား နှစ်သုတ်တက် ကျောင်းများ၊ တစ်ပတ်ခြား နှစ်သုတ် (၃) ရက်တက်ကျောင်းများ စီစဉ်ထားရှိပါကြောင်း။

မူလတန်းပြ၊ အလယ်တန်းပြ၊ အထက်တန်းပြ ဆရာ ဆရာမများ အားလုံး (၄၀၀,၄၄၄)ဦးရှိ၍ သင်ရိုးသစ် သင်ကြားသင်ယူမှုနည်းလမ်းသင်တန်းများတွင် အွန်လိုင်းသင်တန်း၊ ကာလတို အရည်အသွေးမြှင့် မွမ်းမံသင်တန်းများ တက်ရောက်ခဲ့ကြသလို ကျန်းမာရေးအသိပညာပေး သင်တန်းများကိုလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင် ရွက်ခဲ့ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းပြုစုထား သော ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေး ဆရာ ဆရာမများ၊ မိဘများနှင့် ကျောင်းသားကျောင်းသူများ လိုက်နာရမည့်အချက်များ၊ ကျောင်းအပ်နှံရေးနှင့် ကျောင်းများ ပြန်လည်ဖွင့်လှစ်ရေး စီမံချက်တို့ကို လည်း တိကျစွာလိုက်နာ ဆောင်ရွက်ရန်အတွက် ဖြန့်ဝေခြင်း၊ အင်တာနက်ဝက်ဆိုက်ဒ်တွင် အသိပေးထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်ထားရှိပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ထား ရှိသော အကြံပြုချက်များ၊ လမ်းညွှန်ချက်များနှင့်အညီ တာဝန်ခွဲဝေ ဆောင်ရွက်ရန်နှင့်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဦးဆောင်၍ နည်းပညာပိုင်း ဆိုင်ရာ SOP/Guideline များ ထုတ်ပြန်ခြင်းနှင့် အဆင့်ဆင့်လမ်းညွှန်ခြင်း၊ ပြည်သူ့ကျန်း မာရေးဦးစီးဌာန (ကျောင်းကျန်းမာ)နှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့အတွက်လည်း စီစဉ်ထားရှိပါကြောင်း၊ ကျောင်းသား၊ ဆရာများအားလုံးတို့ကိုလည်း ပြန်လည်အသုံးပြု၍ရသည့် အဝတ်ဖြင့် ပြုလုပ်ထားသော ပါးစပ်နှင့်နှာခေါင်းစည်း (၂)ခုနှင့် မျက်နှာကာ(၁)ခုစီ အခမဲ့ဖြန့်ဝေပေးရန် စီစဉ်ထားရှိပါကြောင်း။

အသက်ကြီးသူများ ကျောင်းပို့ကြိုမပြုလုပ်ရန်၊ ကျောင်းပို့ကြိုသူ တစ်ဦးသာသတ်မှတ်၍ ကျောင်းပို့ ကြိုသူ၊ ကျောင်းကြိုပို့ယာဉ် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်သူ တို့၏ နေရပ်လိပ်စာ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်များ မှတ်တမ်းတင်ထားရှိရန်၊ ကျောင်းသို့ရောက်ရှိပါက (၆)ပေခြား တန်းစီ၍ ကိုယ်ပူချိန် တိုင်းတာရန် စီစဉ်ထားရှိပါကြောင်း၊ ကိုယ်ပူချိန်မြင့်သူ ရှိပါကလည်း အရန်ခန်းတွင် ခေတ္တထားရှိ၍ ကိုယ်ပူချိန်ပြန်လည်တိုင်းမည် ဖြစ်ပါကြောင်း၊ ကိုယ်ပူချိန် မြင့်မားသူ၊ ဖျားနာသူများကိုလည်း ခွင့်တိုင်ကြားရန် နှင့် ဆေးရုံတွင် ဆေးကုမှုခံယူရန်လည်း စီစဉ်ထား ရှိပါကြောင်း၊ ဆေးရုံ၊ ဆရာဝန်၊ သူနာပြုများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များလည်း စီစဉ်ထားရှိမည်ဖြစ်ပါကြောင်း၊ တစ်ဦးနှင့်တစ်ဦး (၆)ပေစီခြား၍ စနစ်တကျ ရေနှင့်ဆပ်ပြာဖြင့် လက်ဆေးခြင်း သို့မဟုတ် လက်ဆေးဂျယ်ဖြင့် လက်ဆေးခြင်း၊ တစ်ဦးနှင့် တစ်ဦး (၆)ပေစီခြား၍ စာသင်ခန်းအတွင်းသို့ ဝင်ရောက်၍ သတ်မှတ်နေရာယူခြင်းတို့ကိုလည်း စီစဉ်ထားရှိပါကြောင်း၊ ကျောင်းမုန့်ဆိုင်ခန်းများ ဖွင့်ခွင့်မပြုထားပါကြောင်း၊ ကျောင်းတွင် ခဲတံ၊ ပေတံ၊ ခဲဖျက်၊ စာအုပ် စသည့် ပစ္စည်းများ လဲလှယ်ခွင့်မပြုပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်မှု စိစစ်ခဲ့သော်လည်း ကျောင်းအလိုက် အသေးစိတ် ပြန်လည် သုံးသပ်ခြင်းတို့ကို စိစစ်မှုမရှိသေးသော်လည်း ပူးပေါင်းဆောင်ရွက်သွား လိုပါကြောင်း ပြောကြားသည်။

ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းက စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ကျန်းမာ ရေးကဏ္ဍမှ ဆောင်ရွက်ထားရှိမှု အခြေအနေများကိုတင်ပြသည်။

ယင်းနောက် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်ဝင်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းတို့က ကိုဗစ်-၁၉ အန္တရာယ်ကင်း ရှင်းစွာဖြင့် စာသင်ကျောင်းများဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချူပ် ဒေါက်တာသာထွန်းကျော်၊ ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးတို့က ကိုဗစ်-၁၉ အန္တရာယ် ကင်းရှင်းစွာဖြင့် စာသင်ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်သည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေး နည်းပညာပံ့ပိုးမှုကော်မတီဝင်များက အထွေထွေ ဆွေးနွေးခြင်းနှင့် အကြံပြုခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ် နိုင်ငံသံအမတ်ကြီး မစ္စတာ ခရစ္စတီယန် လရှရဗီက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို ရှေ့တန်းမှ ကြိုးပမ်းဆောင်ရွက်သော ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုသောအားဖြင့် ပြင်သစ်နိုင်ငံအမျိုးသားနေ့တွင် ဂုဏ်ပြုနေ့လယ်စာ တည်ခင်းခြင်း အခမ်းအနားသို့ တက်ရောက်သည်။

(သတင်းစဉ်)

HOT NEWS
January 4,