ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အမျိုးသားမြေ အသုံးချမှု ကောင်စီ၏ ပထမအကြိမ် အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အမျိုးသားမြေ အသုံးချမှု ကောင်စီ၏ ပထမအကြိမ် အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား


Ministry of Information/ နေပြည်တော် / April 06, 2018


အမျိုးသားမြေအသုံးချမှု ကောင်စီ၏ ပထမအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီ တွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန အင်ကြင်း ခန်းမ၌ကျင်းပရာ ကောင်စီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်၍ အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် ကောင်စီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ယနေ့ အစည်းအဝေးသည် ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် အတည်ပြုကြေညာခဲ့သည့် အမျိုးသားမြေအသုံးချမှု မူဝါဒပါ ရည်ရွယ်ချက်များ၊ လမ်းညွှန်မှုများနှင့် အခြေခံမူများကို အကောင်အထည် ဖော်ဆောင်ရွက်ရေး၊ မြေအသုံးချမှု မူဝါဒဆိုင်ရာ ဥပဒေများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ရည်ရွယ်ချက်များနှင့် ဖွဲ့စည်းခဲ့သည့် “အမျိုးသားမြေ အသုံးချမှု ကောင်စီ”၏ ပထမဆုံး ခေါ်ယူ ကျင်းပသော ညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း။

ပြည်သူလူထု၏ လိုအပ်ချက်များဖြစ်သည့် စားနပ်ရိက္ခာဖူလုံမှု၊ ရေအရင်းအမြစ်ကြွယ်ဝမှု၊ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်မှု၊ မြို့ပြနှင့် လူမှုပတ်ဝန်းကျင် အေးချမ်းသာယာမှု၊ စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုး တိုးတက်မှု၊ သဘာဝပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းမှုတို့အတွက် မြေသယံဇာတများကို မျက်မှောက်ကာလအတွက် သာမက အနာဂတ် မျိုးဆက်သစ်များ အတွက်ပါ ထည့်သွင်းစဉ်းစား စီမံခန့်ခွဲ ဆောင်ရွက်ရမည် ဖြစ်သည့်အတွက်ကြောင့် မြေသယံဇာတများ စီမံခန့်ခွဲရေး လုပ်ငန်းနယ်ပယ်သည် အလွန် ကြီးမားကျယ်ပြန့်ပါကြောင်း။

မြေသယံဇာတများသည် နိုင်ငံသားများ၏ စားဝတ်နေရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ရေရှည်ရည်မှန်းချက်ချမှတ်ပြီး အထူးအလေးထားစီမံ အုပ်ချုပ်အသုံးချရမည့် အရင်းအမြစ်များ ဖြစ်ပါကြောင်း၊ မြေအရင်းအမြစ်များကို စနစ်တကျ အသုံးချ စီမံခန့်ခွဲနိုင်သည်နှင့်အမျှ ပြည်သူများ၏ အခြေခံလိုအပ်ချက်များ ပြည့်ဝလာရန်၊ လူမှုစီးပွားဘဝ မြင့်မားလာရန်နှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်လာရန် ဟန်ချက်ညီစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း။

မြေသယံဇာတများ စီမံခန့်ခွဲရာတွင် စီးပွားရေး၊ နိုင်ငံရေး၊ ဥပဒေရေးရာနှင့် လူမှုရေး ဆိုင်ရာ ရှုထောင့်စုံမှ သုံးသပ်ပြီး မှန်ကန်ပြည့်စုံသည့် မူဝါဒ၊ ခိုင်မာသည့် ဥပဒေမူဘောင်နှင့် စွမ်းရည်ရှိသော မြေစီမံအုပ်ချုပ်ရေး စနစ်များကို ချမှတ်ကျင့်သုံး အကောင်အထည်ဖော်ရန် ကိစ္စ မှာ လွန်စွာအရေးကြီးပါကြောင်း။

မြန်မာနိုင်ငံတွင် ယခင်က တိကျစွာပြဌာန်းထားသော မြေအသုံးချမှု မူဝါဒမရှိခဲ့မှု အပါအဝင် ခေတ်အဆက်ဆက် မြေယာစီမံခန့်ခွဲမှု အားနည်းခဲ့သည့်အတွက် အစိုးရ၊ ပြည်သူနှင့် ရင်းနှီးမြှုပ်နှံသူများအကြား မြေယာအသုံးပြုမှု ပြဿနာများ ပေါ်ပေါက်ခြင်း၊ စက်မှု၊ သတ္တုတူးဖော်ရေး၊ ခရီးသွားလာရေး၊ စိုက်ပျိုးရေး၊ သစ်တော၊ မြို့ပြများ စသည့် ကဏ္ဍများအကြား မြေယာအငြင်းပွားမှုများ ပေါ်ပေါက်ခြင်း၊ စနစ်တကျ စီစဉ်မထားသည့် ဖွံ့ဖြိုးရေး လုပ်ငန်း စီမံကိန်းများကြောင့် ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အတွက် လုံလောက်သည့် မြေဧရိယာအကျယ်အဝန်းကို တစ်ဆက်တစ်စပ် တည်းရရှိရန်ခက်ခဲခြင်း၊ မြေဈေးများ အဆမတန်မြင့်တက်လာခြင်း တို့ကြောင့် အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များအတွက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရန် အခွင့်အလမ်းနည်းပါးလာပါ ကြောင်း။

မြေအသုံးချမှုဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ၊ မြေပုံများ တိကျပြည့်စုံမှုမရှိခြင်း တို့ကြောင့် စီမံခန့်ခွဲ သူများနှင့် ပြည်သူများအကြား လုပ်ကိုင်ခွင့်၊ ပိုင်ဆိုင်ခွင့် အငြင်းပွားခြင်း၊ မြေမဲ့ယာမဲ့နှင့် မြေကျူးကျော်မှုများ ဖြစ်ပွားခြင်းစသည့် မြေယာပြဿနာများကိုလည်း ရင်ဆိုင်ခဲ့ရပါကြောင်း။

ထို့အပြင် မြေယာနှင့် ဆက်စပ်သော အစိုးရဌာနများ၊ အဖွဲ့အစည်းများကြား၌ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်နိုင်မှု အားနည်းခဲ့ပြီး မိမိတို့၏ သက်ဆိုင်ရာကဏ္ဍအလိုက် ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်နေကြမှု များနှင့် ကဏ္ဍနှင့် ဒေသ ပေါင်းစပ်ညှိနှိုင်းမှု မရှိကြသည့်အတွက် မြေယာစီမံအုပ်ချုပ်မှုဆိုင်ရာ အခက်အခဲများ၊ အငြင်းပွားမှုများ များစွာ ပေါ်ပေါက်ခဲ့ရပါကြောင်း၊ မြေယာသိမ်းဆည်းမှုများ၊ အငြင်းပွားမှုများ၊ တိုင်တန်းမှုများ မှာလည်း များပြားလာခဲ့ပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ဖြေရှင်းရမည့် နည်းလမ်းများသည်လည်း ရှုပ်ထွေး များပြားမှုရှိသည့်အတွက် မြေယာစီမံ အုပ်ချုပ်မှုတွင် အခက်အခဲများ ဖြစ်ပေါ်ခဲ့ပြီး အကျိုးဆက်အနေဖြင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုများကို အဟန့်အတားဖြစ်ခဲ့ပါကြောင်း။

မြေနှင့် သယံဇာတ သဘာဝအရင်းအမြစ်များကို ရေရှည်တည်တံ့ရန်၊ ရာသီဥတု ဖောက်ပြန်မှုများကြောင့် ဖြစ်ပေါ်လာသည့် သဘာ၀ဘေးအန္တရာယ်များ လျော့ချရန်၊ တစ်ချိန်ထဲမှာပင် အမျိုးသားစီးပွားရေး ဖွံ့ဖြိုးမှု တိုးတက်ရန် ယခုထက်ပိုပြီး စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရန်၊ ဒေသခံပြည်သူများ၏ မြေရယူသုံးစွဲမှု ခိုင်မာမှုရှိရန် မြေယာမှတ်ပုံတင်မှုများ အမှားကင်းကင်းနှင့် ထိရောက်မြန်ဆန်မှု ရှိလာစေရန် အတွက် မြေယာမူဝါဒ၊ မြေယာဥပဒေများ ယခုထက် ပိုမိုထိရောက် အားကောင်းစေရန်နှင့် ထိရောက်သော မူဝါဒဥပဒေ အကောင်အထည် ဖော်မှုများ ဖြစ်ပေါ်လာစေရန်၊ မြေယာ သတင်းအချက်အလက် စီမံခန့်ခွဲသောစနစ် အားကောင်းပြီး မြေယာ သတင်းအချက်အလက်များနှင့် အမျိုးသားမြေပုံစနစ် တည်ထောင်အသုံးချခြင်းအားဖြင့် တိကျမှန်ကန်သည့် မြေယာ သတင်းအချက်အလက်များကို အလွယ်တကူ ရယူအသုံးပြုနိုင်ရေး ဆောင်ရွက်ရန်၊ ဆက်စပ်ဝန်ကြီးဌာနများအကြား တစ်ဖွဲ့ချင်းနှင့် အစုအဖွဲ့အလိုက် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမို အားကောင်းလာစေရန်၊ မြေယာနှင့် သယံဇာတ အရင်းအမြစ်များ နှင့်ပတ် သက်သော ဆုံးဖြတ်ချက်များ ယခုထက်ပိုပြီး မဟာဗျူဟာကျမှု လက်တွေ့ကျကျ ပိုမိုထိ ရောက်စွာ ချမှတ်ဆောင်ရွက်နိုင်ရန် အထူး လိုအပ်လျက်ရှိပါကြောင်း၊ ရေရှည်တည်တံ့သည့် ထောင်စုနှစ် ဖွံ့ဖြိုးမှုရည်မှန်းချက်များ ပြည့်မီရန်အတွက် ယခုအချက်များ အားလုံးဟန်ချက် ညီညီ တိုးတက်ဖြစ်ထွန်းရန် လိုအပ်ပါကြောင်း။

မြေအသုံးချမှု မူဝါဒသည် မြေယာနှင့် အရင်းအမြစ်များကို ရေရှည်တည်တံ့စွာ အသုံးပြု နိုင်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ မြေယာလုပ်ပိုင်ခွင့် ခိုင်မာရေး၊ တိုင်းရင်းသားလူမျိုးတို့၏ ဓလေ့ထုံးတမ်း မြေယာလုပ်ပိုင်ခွင့်နှင့် လုပ်ထုံးလုပ်နည်းများကို အသိအမှတ်ပြု အကာအကွယ်ပေးရေး၊ ပွင့်လင်းမြင်သာမှု၊ တရားမျှတမှု၊ ငွေကြေး အကုန်အကျ သက်သာမှုနှင့် လွတ်လပ်မှု ရှိသည့် မြေယာအမှုအခင်းများ ဖြေရှင်းဆုံးဖြတ်သည့် လုပ်ငန်းစဉ်များ ထူထောင်ရေး၊ တာဝန်ခံမှု၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုနှင့် မြေအသုံးချမှု စီမံခန့်ခွဲမှုတို့ ဖွံ့ဖြိုး တိုးတက်စေရေး၊ အမျိုးသားမြေဥပဒေ ရေးဆွဲပြီး တည်ဆဲမြေယာ ဥပဒေများကို သဟဇာတ ဖြစ်အောင် ဆောင်ရွက်ရေးတို့ကို ရည်ရွယ်ထားပြီး မူဝါဒလမ်းညွှန်ချက် အသေးစိတ်များ ပြဋ္ဌာန်းထားပြီး ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံတွင် မြေနှင့်ဆက်စပ်ပြီး စီမံခန့်ခွဲလုပ်ကိုင် ဆောင်ရွက်နေသည့် အစိုးရဌာန၊ အဖွဲ့အစည်းများရှိပြီး အဆိုပါ ဌာနအဖွဲ့အစည်းများက ပြဋ္ဌာန်းကျင့်သုံးနေသည့် မြေနှင့် ဆက်စပ်သည့် ဥပဒေများ သဟဇာတ ဖြစ်ရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ကျင့်သုံးနေသည့် မြေအရင်းအမြစ် ဥပဒေများနှင့် စီမံခန့်ခွဲပုံအချို့မှာ သက်တမ်း နှစ်ပေါင်းရာချီရှိခဲ့ပြီ ဖြစ်၍ ယနေ့ခေတ်၏ အခြေအနေများနှင့် ကိုက်ညီဆီလျော်မှု၊ လူထုအကျိုးစီးပွား သယ်ပိုးနိုင်မှု၊ တရားမျှတမှု၊ ရှုထောင့်များမှနေ အလေးထားဆန်းစစ်ရန် လိုအပ်နေပြီဖြစ်ပါကြောင်း။

ယင်းစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းပြီး ပြည်သူ့အကျိုးပြုနိုင်မည့် လက်တွေ့ကျသော မူဝါဒ၊ တရားမျှတသော ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ စီမံခန့်ခွဲမှုပုံစံများ ဖြစ်လာအောင် ပြောင်းလဲပြုပြင်သွားရမည်ဖြစ်ပါကြောင်း။ မြေယာစီမံခန့်ခွဲမှု နှင့်ဆက်စပ်နေသည့် လက်ရှိဥပဒေ များကို လေ့လာဆန်းစစ်ပြီး အဆိုပါဥပဒေများကို လွှမ်းခြုံသည့် သဟဇာတဖြစ်မည့် အမျိုးသား မြေဥပဒေတစ်ရပ်ကို ရေးဆွဲပြဋ္ဌာန်းပေးရမည် ဖြစ်ပါကြောင်း။

နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေအသုံးချမှုဆိုင်ရာ စီမံကိန်းများ၊ မြို့ပြကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများနှင့် ရင်းနှီးမြုပ်နှံမှုစီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ရာတွင် တိကျသည့် မူဝါဒ၊ စီမံကိန်း၊ စီမံချက်နှင့် လုပ်ငန်းစဉ်များ ချမှတ်ပြီး၊ မြေယာစီမံခန့်ခွဲမှုနှင့် သက်ဆိုင်သော ပြည်ထောင်စုဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့တို့ ပေါင်းစပ်ညှိနှိုင်းကြီးကြပ်ဆောင်ရွက်မှသာ မြေယာအငြင်းပွားမှုများ လျော့နည်းလာပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြှပ်နှံမှုများလည်း တိုးတက်များပြားလာမည် ဖြစ်ပါကြောင်း။

မြေယာစီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုကောင်းမွန်ရေးအတွက် အချက်(၃)ချက် လိုအပ်ပါ ကြောင်း၊ ပထမအချက်မှာ လူထုအတွင်း မြေစီမံခန့်ခွဲမှုဆိုင်ရာ အသိအမြင် မြင့်မားလာရေး အတွက် လုပ်ပိုင်ခွင့်များ စနစ်တကျ အပ်နှင်းခြင်းနှင့် စွမ်းရည်မြှင့်တင်ခြင်း ဖြစ်ပါကြောင်း၊ ဒုတိယ အချက်မှာ တာဝန်ယူခြင်းနှင့် တာဝန်ခံမှုများ ဖြစ်ပေါ်ခြင်း ဖြစ်ပါကြောင်း၊ တတိယအချက်မှာ ဓမ္မဓိဋ္ဌာန် ကျသည့် ဥပဒေရေးရာမူဘောင် ဖြစ်ပါကြောင်း။

ထို့အပြင် ထိရောက်သော မြေယာစီမံခန့်ခွဲမှုတစ်ရပ် ပေါ်ထွန်းလာရေးအတွက် အမျိုးသား မြေအသုံးချမှု ကောင်စီအနေဖြင့် ရေတိုရေရှည် လုပ်ငန်းစဉ်များပါဝင်မည့် မြေအသုံးချမှုဆိုင်ရာ မဟာဗျူဟာတစ်ရပ်ကိုလည်း တတ်ကျွမ်းသည့်ပညာရှင်များ၏ အကူအညီနှင့် ပွင့်လင်းမြင်သာပြီး အကျိုးသက်ဆိုင်သူများ၏ လိုလားချက်များ၊ ယင်းတို့၏ ပါဝင်မှုများနှင့် ရေးဆွဲရန်လိုအပ်ပါကြောင်း၊ သို့မှသာ တစ်ဖက်ကလည်း တစ်နိုင်ငံလုံးတွင် ဖြစ်ပေါ်နေသည့် မြေယာအမှုအခင်းများကို ချက်ချင်းဖြေရှင်းဆောင်ရွက် နေချိန်၌ တစ်ဖက်ကလည်း မြေယာ စီမံခန့်ခွဲမှု အားကောင်းလာစေမည့် ပြုပြင်ပြောင်းလဲမှုများကို စနစ်တကျ ချဉ်းကပ်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း။

လက်ရှိအစိုးရကာလ၌ လယ်ယာမြေဥပဒေ ပြင်ဆင်သည့်ဥပဒေ၊ မြေလွတ်မြေလပ် မြေရိုင်း စီမံခန့်ခွဲသည့်ဥပဒေ ပြင်ဆင်သည့်ဥပဒေ၊ မြေသိမ်းဥပဒေအသစ်၊ သစ်တောဥပဒေ အသစ် တို့ကို ပြင်ဆင်ရေးဆွဲသည့်နေရာတွင် အချင်းချင်း သဟဇာတဖြစ်မှု အားကောင်းရန် လိုနေသည်ကိုတွေ့ရပါကြောင်း၊ ဥပဒေများကို ပိုပြီးသဟဇာတ ဖြစ်လာရန် မြေအသုံးချမှု ကောင်စီ၏ လမ်းညွှန်မှုနှင့် အမျိုးသားမြေအသုံးချမှု မူဝါဒက လမ်းညွှန်ထားသည့် အတိုင်း ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံတွင် ကောင်းမွန်သည့် မြေယာအုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုစနစ် ဖြစ်ပေါ်လာနိုင်ရန် အတွက် ကမ္ဘာ့ဘဏ် အဖွဲ့အစည်းနှင့် ပူးပေါင်းကာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခဲ့ပြီး မြန်မာ နိုင်ငံ၏ မြေယာကဏ္ဍ လိုအပ်ချက်များ အပေါ် စိစစ်အကဲဖြတ်မှုများ ပြုလုပ်လျက်ရှိပါကြောင်း။

အဆိုပါ စိစစ်အကဲဖြတ်ခြင်းများမှာ မြေယာမူဝါဒနှင့် စီမံခန့်ခွဲမှုဆိုင်ရာ မူဘောင်များ၊ သစ်တောမြေစီမံ ခန့်ခွဲခြင်းနှင့် အုပ်ချုပ်ခြင်း၊ မြေယာစီမံခန့်ခွဲခြင်း၊ ပထဝီ သတင်းအချက်အလက်ဆိုင်ရာ အခြေခံအဆောက် အအုံနှင့် ဝန်ဆောင်မှုများနှင့် မြေ/အဆောက်အအုံ တန်ဖိုးသတ်မှတ်ခြင်းနှင့် အခွန်စည်းကြပ်ကောက်ခံခြင်း ဆိုသည့် ကဏ္ဍများကို အခြေခံပြီး ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း။

ယခုအစည်းအဝေးတွင် မြေယာ စီမံခန့်ခွဲမှုနှင့် ဆက်စပ်နေသည့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များအနေဖြင့် မိမိတို့ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသည့် မြေအသုံးချမှု မူဝါဒဆိုင်ရာ လုပ်ငန်းများ၊ စီမံကိန်းများနှင့် ဒေသအလိုက် ကြုံတွေ့နေရသည့် အခြေအနေများကို ရှင်းလင်းတင်ပြ ဆွေးနွေးရန်နှင့် အဆိုပါ ဆွေးနွေးမှုများကို အခြေခံပြီးဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဖော်ထုတ်ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားမြေအသုံးချမှု ကောင်စီ အတွင်းရေးမှူး သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက အမျိုးသားမြေ အသုံးချမှု ကောင်စီ၏ လုပ်ငန်းတာဝန်များ၊ အမျိုးသားမြေအသုံးချမှုဆိုင်ရာ အကောင်အထည် ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အမျိုးသားမြေအသုံးချမှု ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသော ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်၊ ဦးဟန်ဇော်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးဆက်အောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် အမျိုးသားမြေအသုံးချမှု ဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြ သည်။

ယင်းနောက် အမျိုးသားမြေအသုံးချမှုကောင်စီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က တင်ပြချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

(သတင်းစဉ်)

HOT NEWS
January 4,