ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မြန်မာ့ခရီးသွားလုပ်ငန်းကွန်ဖရင့်-၂၀၁၈ သို့ တက်ရောက်

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မြန်မာ့ခရီးသွားလုပ်ငန်းကွန်ဖရင့်-၂၀၁၈ သို့ တက်ရောက်


Ministry of Information/ နေပြည်တော် / June 18, 2018


နေပြည်တော် ဇွန် ၁၂

မြန်မာ့ခရီးသွားလုပ်ငန်းကွန်ဖရင့်-၂၀၁၈ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပရာ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်၍ အမှာစကားပြောကြားသည်။   

အခမ်းအနားသို့ နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်နှင့် ဇနီးဒေါ်စုစုလွင်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ရေးရာကော်မတီဥက္ကဋ္ဌ များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သံတမန်များ၊ ခရီးသွားလုပ်ငန်း အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က ယနေ့ကျင်းပသည့် အမျိုးသားအဆင့်အစည်းအဝေးသည် နိုင်ငံတော်၏ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်သည့်နေရာတွင် များစွာအထောက်အကူပြုမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၏ ညှိနှိုင်းအစည်းအဝေး များကို ယမန်နှစ်က (၂)ကြိမ်ကျင်းပခဲ့ပြီး အဆိုပါ အစည်းအဝေးများကျင်းပစဉ်က ဆွေးနွေးတင်ပြချက်များ အပေါ် သက်ဆိုင်ရာဌာနများအလိုက် ဆောင်ရွက်နိုင်သည်များကို ဆောင်ရွက်ပြီးစီးမည်ဟုယုံကြည်ပါကြောင်း။

ယခုကွန်ဖရင့်၌ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုနှင့် ခရီးသွားထုတ်ကုန်များဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသည့်အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်း ဈေးကွက် မဟာဗျူဟာများနှင့် အခွန်ကိစ္စရပ်များ၊ ခရီးသွားလုပ်ငန်းနည်းပညာပိုင်းဆိုင်ရာနှင့် အသက်မွေးဝမ်းကျောင်း အရည်အသွေးမြင့်မားစေရန်အတွက် လေ့ကျင့်သင်ကြားပေးရေးတို့တွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့် ရှေ့လာမည့် အနာဂတ်အလားအလာများကို သက်ဆိုင်ရာစာတမ်းရှင်များက ရှင်းလင်းတင်ပြပေးမည်ဖြစ်ပါ ကြောင်း၊ ထို့ပြင် သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် မည်သို့ပိုမိုတိုးတက်အောင်လုပ်ဆောင်သွားမည်ကို Round Table ဆွေးနွေးပွဲနှင့် ညှိနှိုင်းတိုင်ပင် ဆွေးနွေးအဖြေရှာသွားမည်ဟု သိရှိရပါကြောင်း၊ ဆွေးနွေး ရရှိချက်များ အပေါ်အခြေခံပြီး ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များအတွက် ကြေငြာချက် ထုတ်ပြန်မည် ဟုသိရှိရပါကြောင်း။

ထို့ကြောင့် ယနေ့ရနိုင်သော အချိန်တိုလေးအတွင်းမှ မိမိတို့၏အသိပညာ၊ အတတ်ပညာ နှင့်အတွေ့ အကြုံများကို အကောင်းဆုံးနှင့် ထိထိမိမိရှင်းရှင်းလင်းလင်းပြောဆိုဆွေးနွေးကြပြီး ခရီးသွားလုပ်ငန်းကဏ္ဍကို မည်ကဲ့သို့ အကောင်းဆုံးဖြစ်အောင် ဖန်တီးကြမည်ဆိုသည့်အမြင်နှင့် ဆွေးနွေးအဖြေရှာသွားကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း။

ခရီးသွားလုပ်ငန်းတစ်ခု စနစ်တကျဖွံ့ဖြိုးတိုးတက်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲရန် အတွက် သက်ဆိုင်ရာ ခရီးစဉ်ဒေသအလိုက် Feasibility Study၊ Project Proposal၊ Brainstorming Workshop များကို ပြည်တွင်းပြည်ပမှ ကျွမ်းကျင်ပညာရှင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ညှိနှိုင်း ဆွေးနွေးပြီး ရေတိုရေရှည်စီမံချက်များကိုချမှတ်ကာ စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။

အာဆီယံဒေသ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကိုကြည့်ပါက အာဆီယံဒေသကို နိုင်ငံတကာခရီးသွား ဧည့်သည်ရောက်ရှိမှု ဦးရေသည် ၂၀၁၆ ခုနှစ်တွင် ၁၁၅သန်းနှင့် ၂၀၁၇ ခုနှစ်တွင် ၁၂၅သန်းရှိပါကြောင်း၊ ၂၀၁၆ ခုနှစ်နှင့် နှိုင်းယှဉ်ကြည့်ပါက ၂၀၁၇ခုနှစ်တွင် ၈ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်ခဲ့သည်ကိုတွေ့ရပါကြောင်း၊ လာရောက်ကြသည့် ခရီးသွားဧည့်သည်များကိုကြည့်ပါက အာဆီယံဒေသအတွင်းအပြန်အလှန် လည်ပတ်သော ခရီးသွားဧည့်သည် (Intra ASEAN Travel) က ၄၂ရာခိုင်နှုန်းအထိရှိနေပါကြောင်း၊ ထို့ကြောင့် အာဆီယံဒေသ တွင်းနိုင်ငံများမှ ခရီးသွားဧည့်သည်များကို မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဆွဲဆောင်မှုများ ပိုမိုပြုလုပ် သင့်သည်ဟုပြောကြားလိုပါကြောင်း။

မြန်မာနိုင်ငံသို့ ခရီးသည်အများဆုံးလာရောက်သော နိုင်ငံများကိုကြည့်ပါက အရှေ့တိုင်းနိုင်ငံများ၌ တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ အများဆုံးဖြစ်ပြီး အနောက် နိုင်ငံများအနေဖြင့် အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီအစရှိသည့် နိုင်ငံများဖြစ်သည်ကို တွေ့ရပါကြောင်း၊ မိမိ်တို့အနေဖြင့် ယခုလိုခရီးသွားဧည့်သည် အများဆုံးလာရောက်ကြသည့် နိုင်ငံများအား အထူး Target ထားပြီး ဧည့်သည်ပိုမိုလာရောက်ရန် ယခုထက်ပိုမိုကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ် နေပြီဖြစ်ပါကြောင်း။

ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတကာခရီးသွားပြပွဲများတွင် ပိုမိုဝင်ရောက်ပြသနိုင်ရေးသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ ယင်းသို့ပါဝင်ပြသနိုင်ရန် လုံလောက်သော ရန်ပုံငွေများ ရရှိရေးသည် လိုအပ်ချက်တစ်ရပ်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် ကဏ္ဍစုံဖွံ့ဖြိုး တိုးတက် ရေးကိုဆောင်ရွက်နေရ၍ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ဘဏ္ဍာငွေ ခွဲဝေချထားမှုအပိုင်းတွင် လုံလောက်စွာခွဲဝေပေးရန် အခက်အခဲရှိနိုင်ပါကြောင်း၊ ထို့ကြောင့် ပုဂ္ဂလိကပိုင်းကလည်း မိမိတို့ခရီးသွားလုပ်ငန်းတိုးတက်ရန် အချင်းချင်းပူးပေါင်း ညှိနှိုင်းအဖြေရှာကြရန်ကိုလည်း တိုက်တွန်း လိုပါကြောင်း။

ကမ္ဘာ့နိုင်ငံအသီးသီးသည် ခရီးသွားဧည့်သည်များဝင်ရောက်မှုလွယ်ကူစေရန် နည်းအမျိုးမျိုးဖြင့် ကြံဆ ဆောင်ရွက်လျက်ရှိပြီး အပြည်ပြည်ဆိုင်ရာရေဆိပ်နှင့်လေဆိပ်များ၊ နယ်စပ်ဝင်ထွက်ပေါက် ဂိတ်များ တိုးချဲ့ ဖွင့်လှစ်ဆောင်ရွက်သကဲ့သို့ ဗီဇာစနစ်များပြင်ဆင်ခြင်း၊ ဗီဇာ ကြေးများ လျှော့ချခြင်းနှင့် ဗီဇာကင်းလွတ် ခွင့်ပေးခြင်းစသည့် ဆွဲဆောင်မှုများဖြင့် ခရီးသွားဧည့်သည်တိုးမြင့်လာအောင် ဆောင်ရွက်နေကြပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လတ်တလောတွင် ဥရောပနိုင်ငံသားများဝင်ရောက်မှုနည်းသော်လည်း အာဆီယံ+၃ နိုင်ငံများဖြစ်သည့် ဂျပန်၊ တရုတ်နှင့်တောင်ကိုရီးယားနိုင်ငံများမှ ဧည့်သည်ဝင်ရောက်မှု ပိုမိုတိုးတက် စေရန်အတွက် မျှော်မှန်းပြီး ၎င်း(၃)နိုင်ငံကို ဗီဇာစနစ်များဖြေလျှော့ရန် စီစဉ်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံကိုကမ္ဘာလှည့်ခရီးသည်များ ပိုမိုလာရောက်ရန်အတွက် နိုင်ငံအတွင်း လည်ပတ်ချင်စရာကောင်းသော ခရီးစဉ်ဒေသတစ်ခုဖြစ်သည်ကို ကမ္ဘာက ပိုမိုထဲထဲဝင်ဝင် သိရှိလာအောင် ဈေးကွက်မြှင့်တင်မှု အများ အပြားပြုလုပ်ပြီး နိုင်ငံတကာကိုပိုမိုကြော်ငြာသွားရန် လိုအပ်ပါကြောင်း၊ အခြားတစ်ဖက်တွင်လည်း မိမိတို့နိုင်ငံ၏ ဟိုတယ်အခန်းခများနှင့် သယ်ယူပို့ဆောင်ရေး ဈေးနှုန်းများသည် နိုင်ငံတကာဈေးနှုန်းများထက် မပိုစေဘဲ လိုက်လျောညီထွေ ဖြစ်ရမည်ဖြစ်ပြီး ဧည့်သည်များပေးရသော တန်ကြေးနှင့် မိမိဘက်က ပြန်ပေးသည့် ဝန်ဆောင်မှုများသည် အမှန်တကယ်ထိုက်တန်ရန် (Value for Money)အရေးကြီးပါကြောင်း။

ပုံမှန်ဧည့်သည်ရှိပြီး ခရီးစဉ်ဒေသများကိုလည်း အရည်အသွေးပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နိုင်ငံတကာ အဆင့်မီဖြစ်လာအောင်ကြိုးပမ်းဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း၊ ခရီးစဉ်အသစ်များ ဖော်ထုတ်သည့် နေရာတွင် မိမိတို့၏ ယဉ်ကျေးမှုနှင့် သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းရမည်ဖြစ်ပါကြောင်း၊ ကမ္ဘာလှည့် ခရီးသည်များအတွက် လည်ပတ်စရာများ၊ ဆွဲဆောင်မှုများနှင့်လေ့လာစရာအသစ်များ ပိုမိုများပြားလာ သည်နှင့်အမျှ လည်ပတ်သော ရက်ပိုကြာပြီးငွေကြေးလည်းပိုမိုသုံးစွဲလာကြမည်ဖြစ်ပါကြောင်း။

ခရီးသွားလုပ်ငန်းသည် အလွန်ကျယ်ပြန့်ပြီး ကဏ္ဍပေါင်းစုံအပေါ်တွင် သက်ရောက်မှုများရှိသည့်အတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့သည် Public Private Partnership ပုံစံနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ပိုမို လိုအပ်ပါကြောင်း၊ ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံ၏ National Branding ကို Image ကောင်းကောင်းနှင့် ထိထိရောက်ရောက်ကြော်ငြာလုပ်ဆောင် သွားနိုင် ပါက နိုင်ငံတကာဧည့်သည်များ ပိုမိုလာရောက်ကြမည် ဖြစ်သကဲ့သို့ နိုင်ငံ့ဂုဏ်သတင်းကိုလည်း မြှင့်တင်ကြော်ငြာပြီးဖြစ်ပါကြောင်း။

ရေရှည်တည်တံ့သောခရီးသွားလုပ်ငန်းသည် နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်ပြီးနိုင်ငံတော်၏ အေးချမ်းတည်ငြိမ်မှုနှင့် ကမ္ဘာလှည့်ခရီးသည်များ၏ လုံခြုံရေးကိုလည်း သတိထားဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ လုံခြုံရေးဘက်ကို ဦးစားပေးပါကလည်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အဟန့်အတားဖြစ်စေနိုင်သကဲ့သို့ စီးပွားရေးကိုအလေးပေးလွန်းပါကလည်း မလိုလားအပ်သောပြဿနာများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ဘက်စုံထောင့်စုံမှ ဟန်ချက်ညီညီတိုးတက်လာအောင် စီစဉ်ကြံဆပြီးအကောင် အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။

မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာဧည့်သည်များအပြင် ပြည်တွင်းခရီးသွားများ ပိုမိုစိတ်ချမ်းသာစွာ သွားလာနေထိုင်လည်ပတ်နိုင်ကြရန် မျှော်မှန်းပြီး၊ လက်တွေ့ကျပြီး စနစ်တကျ ဆောင်ရွက်နိုင်သောအစီအမံများကို ပွင့်ပွင့်လင်းလင်းဆွေးနွေးတင်ပြကြပြီး လက်တွေ့ဆောင်ရွက်နိုင်မည့် အကြံကောင်းများကိုလည်း အကြံပြုပေးကြပါဟု ပြောကြားသည်။

ထို့နောက် ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူအား ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က မြန်မာန်ိုင်ငံခရီးသွားကွန်ဖရင့် - ၂၀၁၈ အထိမ်းအမှတ် လက်ဆောင်ကိုပေးအပ်သည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်နှင့် ဇနီး၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူတို့သည် အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန - ၂ အတွင်း ခင်းကျင်းပြသထားသည့် ခရီးစဉ်ဒေသမှတ်တမ်းဓာတ်ပုံများ၊ နိုင်ငံတကာခရီးသွားပြပွဲများတွင် ပါဝင်ပြသခဲ့သည့် မှတ်တမ်းဓာတ်ပုံများနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှု ကြသည်။

ယင်းနောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကွန်ဖရင့် - ၂၀၁၈ ကို ဆွေးနွေးပွဲ အစီအစဉ်များအတိုင်း ဆက်လက် ကျင်းပကြသည်။

ပထမအကြိမ် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကွန်ဖရင့်ကို ခရီးသွားလုပ်ငန်းအား နိုင်ငံတော်၏ ဦးစားပေး စီးပွားရေး မူဝါဒတွင် ပါဝင်ရန်၊ ခရီးသွားလုပ်ငန်းကဏ္ဍ၏ အရေးပါမှုကိုပေါ်လွင်ရန်၊ မြန်မာနိုင်ငံ၏ ပုံရိပ်ကို ပိုမိုမြှင့်တင် နိုင်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲရန်၊ နိုင်ငံတော်ရှိ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုများ၊ သဘာဝ ပတ်ဝန်းကျင်များကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ခရီးသွားလုပ်ငန်းမှရရှိလာမည့် အခွင့်အလမ်းများကို ပြည်သူများ မျှဝေခံစားနိုင်ကြရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်သည်။

HOT NEWS
January 4,