၂၀၁၉ ရိုးမ-ရန်ကုန် မာရသွန်ပြိုင်ပွဲတွင် ကင်ညာကစားသမားများ ဗိုလ်စွဲ

၂၀၁၉ ရိုးမ-ရန်ကုန် မာရသွန်ပြိုင်ပွဲတွင် ကင်ညာကစားသမားများ ဗိုလ်စွဲ


Ministry of Information/ ရန်ကုန် / January 21, 2019
image_latest


ရန်ကုန် ဇန်နဝါရီ ၂၀

၂၀၁၃ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပခဲ့သည့် ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် အပြေး ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစား ပြိုင်ပွဲရုံ (၁) သုဝဏ္ဏရှေ့၌ ကျင်းပရာ ပြိုင်ပွဲဝင်ဦးရေ ၉၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်အပြေးပြိုင်ပွဲသည် တစ်နှစ်ထက်တစ်နှစ် ပြိုင်ပွဲဝင် ကစားသမား အရေအတွက် များပြားလာခဲ့ပြီး ယခုနှစ်တွင်လည်း ပြည်ပအားကစားသမားများလည်း ပိုမိုဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

ယခုပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား လေးမျိုး ထည့်သွင်းကျင်းပခဲ့ပြီး ၄၂ ကီလိုမီတာ အမျိုးသား ပြိုင်ပွဲတွင် ငါးနှစ်ဆက်တိုက် ဗိုလ်စွဲထားသည့်

ကင်ညာနိုင်ငံသား ဂျိုးဇက် လာရောက်ယှဉ်ပြိုင်ခြင်းမရှိသောကြောင့် ချန်ပီယံသစ် ထွက်ပေါ်ကာ ယခုနှစ်ပြိုင်ပွဲ၏ ထူးခြားချက်မှာ ဆုကြေးချီးမြှင့်သည့် ပြိုင်ပွဲအားလုံးတွင် ကင်ညာ အပြေးသမားများ ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲတွင် သုံးကီလိုမီတာ ပြိုင်ပွဲဖြစ်သည့် (Fun Run) ကိုလည်း ထည့်သွင်းကျင်းပရာ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများလည်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲထက် ကျန်းမာရေးအတွက် ဝင်ရောက်ယှဉ်ပြိုင် လိုသူများအတွက် အဆင်ပြေသည့် ပြိုင်ပွဲ အမျိုးအစား ဖြစ်ခဲ့သည်။

ယင်းကဲ့သို့ အလွှာပေါင်းစုံ အရွယ်စုံမှ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် စီစဉ်ထားခြင်းကြောင့်လည်း တစ်နှစ်ထက်တစ်နှစ် ပြိုင်ပွဲဝင်အရေအတွက် များပြားလာခြင်းဖြစ်သည်။

ကင်ညာအပြေးသမားများသည် ပြိုင်ပွဲအားလုံးတွင် ဗိုလ်စွဲနိုင်ခဲ့သလို ပထမ၊ ဒုတိယနှင့် တတိယဆုများကိုလည်း ရယူနိုင်ခဲ့သည်။ ပြိုင်ပွဲအပြီးတွင် ၄၂ ကီလိုမီတာနှင့် ၂၁ ကီလိုမီတာ အမျိုးသား အမျိုးသမီး ပြိုင်ပွဲတွင်လည်း ကင်ညာ နိုင်ငံသား ကစားသမားများ ဗိုလ်စွဲခဲ့သည်။ ၁၀ ကီလိုမီတာ အမျိုးသားပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုကို ကင်ညာကစားသမားများ ကရရှိပြီး၊ အမျိုးသမီး ၁၀ ကီလိုမီတာတွင် ကင်ညာက ပထမ၊ ဒုတိယဆုကို ရရှိပြီး တတိယ ဆုကို မြန်မာကရရှိခဲ့ကြောင်း သိရသည်။ ဆုကြေးများအဖြစ် အမျိုးသား၊ အမျိုးသမီး ၄၂ ကီလိုမီတာ ပြိုင်ပွဲတွင် ပထမဆု ဒေါ်လာ၂၇၀၀၊ ဒုတိယဆုဒေါ်လာ ၁၄၀၀၊ တတိယဆု ဒေါ်လာ ၉၀၀၊ အမျိုးသား၊ အမျိုးသမီး ၂၁ ကီလိုမီတာပြိုင်ပွဲတွင် ပထမဆု ဒေါ်လာ ၁၆၀၀၊ ဒုတိယဆု ဒေါ်လာ ၉၀၀၊ တတိယ ဆုဒေါ်လာ ၅၀၀၊ အမျိုးသား၊ အမျိုးသမီး ၁ဝကီလိုမီတာ ပြိုင်ပွဲတွင် ပထမဆုဒေါ်လာ ၈၀၀၊ ဒုတိယဆုဒေါ်လာ ၄၀၀၊ တတိယဆု ဒေါ်လာ ၂၅၀ ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြိုင်ပွဲများအား ဖွင့်လှစ် ပေးကြပြီး ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

သတင်းနှင့်ဓာတ်ပုံ-အာကာစိုး

HOT NEWS
January 4,