လန်ချန်း-မဲခေါင်ဒေသတွင်း နိုင်ငံများရှိ အမွေအနှစ်ဒေသများ စီမံခန့်ခွဲရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

လန်ချန်း-မဲခေါင်ဒေသတွင်း နိုင်ငံများရှိ အမွေအနှစ်ဒေသများ စီမံခန့်ခွဲရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ


Ministry of Information/ bagan / February 20, 2019
image_latest


ပုဂံ ဖေဖော်ဝါရီ ၂၀

လန်ချန်း-မဲခေါင်ဒေသတွင်း နိုင်ငံများရှိ အမွေအနှစ်ဒေသများ စီမံခန့်ခွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ “Workshop on Heritage Sites Management in Lancang-Mekong Countries” ကို ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၁ ရက်အထိ ပုဂံမြို့၊ ပုဂံဟိုတယ်ရှိ အစည်းအဝေးခန်းမတွင် ကျင်းပလျက်ရှိသည်။

 ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၉နာရီခွဲတွင် လန်ချန်း-မဲခေါင်ဒေသတွင်း နိုင်ငံများရှိ အမွေအနှစ် ဒေသများ စီမံခန့်ခွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ပုဂံမြို့၊ ပုဂံဟိုတယ်ရှိ သစ္စာဝတီ အစည်း အဝေး ခန်းမတွင် ကျင်းပပြုလုပ်ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး၊ ဗီယက်နမ်နိုင်ငံ  သံအမတ်ကြီး၊ ကမ္ဘောဒီးယားနိုင်ငံသံရုံးမှ ပထမအတွင်းဝန်၊ ထိုင်း နိုင်ငံသံရုံးမှ ပထမအတွင်းဝန်၊ နိုင်ငံခြားရေးဝန်ကြီးဌာန မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ပူးပေါင်း ညှိနှိုင်းရေးအဖွဲ့ ဒုတိယဥက္ကဌ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဦးကျော်ဦးလွင်နှင့် တာဝန်ရှိသူများ၊ ညောင်ဦးခရိုင် လွှတ်တော် ကိုယ်စားလှယ် များနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးများ၊ လန်ချန်း-မဲခေါင်အဖွဲ့ဝင်နိုင်ငံများဖြစ်သော ကမ္ဘောဒီးယား နိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အဖွင့်မိန့်ခွန်းပြောကြားရာတွင် ယဉ်ကျေးမှု အမွေ အနှစ်ဒေသများ စီမံခန့်ခွဲခြင်း ဖြစ်သည့် ပြုပြင်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ခြင်းနှင့် အဆင့်မြှင့် တင်ခြင်း တို့သည် နိုင်ငံနှင့် လူမျိုးတို့အတွက် ပဓာနကျသော အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ မဲခေါင်မိသားစု နိုင်ငံများသည် မတူခြားနားသော အမွေအနှစ်များနှင့် တန်ဖိုးမဖြတ်နိုင်သော ယဉ်ကျေးမှုအမွေ အနှစ်များ ပိုင်ဆိုင်ကြသောကြောင့် မျိုးဆက်သစ်များအတွက် မဲခေါင်ဒေသတွင်း အမွေအနှစ် နေရာဒေသများကို ထိန်းသိမ်းခြင်း၊ ကာကွယ်ခြင်းနှင့် စီမံခန့်ခွဲခြင်းသည် အလွန်အရေးကြီးသော တာဝန်တစ်ရပ်ဖြစ်ပြီး ထိုကဲ့သို့ ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ခြင်းဖြင့် နိုင်ငံနှင့် လူမျိုးတို့၏ ကိုယ်ပိုင်စရိုက်လက္ခဏာကို ပိုမိုခိုင်မာ စေခြင်း ဖြစ်သ ကဲ့သို့ ဒေသခံတို့၏ လူမှု-စီးပွားဘဝ မြှင့်တင် ရေးအတွက် အခြေခံကျသော  ခရီးသွားကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရန်အတွက်လည်း ကူညီထောက်ပံ့ မည်ဖြစ်ပါကြောင်း၊ အခြားတစ်ဘက်မှာလည်း အမွေအနှစ် ဒေသ များအား ထိန်းသိမ်းခြင်း၊ ကာကွယ်ခြင်းနှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအကြား ဟန်ချက်ညီအောင် ထိန်းသိမ်းစီမံ ဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့်  Mekong-Lancang Cooperation Special Fund ဖြင့် စီမံကိန်း ဆောင်ရွက်ရန် ကူညီထောက်ပံ့ပေးခြင်းအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရကို ကျေးဇူး တင်ရှိပါကြောင်း ပြောကြားသည်။

 ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ကြိုဆိုနှုတ်ခွန်း ဆက်စကား ပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးအဖွဲ့  ဒုတိယဥက္ကဌတို့က အမှာစကား ပြောကြားကြသည်။

 ထို့နောက် မဲခေါင် - လန်ချန်း သီချင်းဗီဒီယို “A River of Friendship” ကို ကြည့်ရှုကြသည်။

ထို့နောက် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများသည် စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် SEAMEO SPAFA ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ Resource Person (၃) ဦးတို့က Concept Paper များကို တင်ပြဆွေးနွေးကြရာ SEAMEO SPAFA (South East Asia Regional Center For Archaeology and Fine Arts) မှ Resource Person က “The Role of Site Management in Preservation and Promotion of Cultural Heritage” ကို လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Resource Person က “Introduction to Heritage Sites in China” ကိုလည်းကောင်း၊ မြန်မာနိုင်ငံမှ Resource Person က “Introduction to Heritage Sites in Myanmar” ကိုလည်းကောင်း တင်ပြဆွေးနွေးခဲ့ကြသည်။

မွန်းလွဲပိုင်း အလုပ်ရုံဆွေးနွေးပွဲ ပထမပိုင်းတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ Resource Person က သဘာပတိ အဖြစ်လည်းကောင်း၊ ဒုတိယပိုင်းတွင် မြန်မာ နိုင်ငံမှ Resource Person က သဘာပတိ အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာကြသော  အဖွဲ့ဝင် နိုင်ငံများက  ၎င်းတို့နိုင်ငံများရှိ ယဉ်ကျေးမှု အမွေအနှစ်နေရာဒေသများအား မည်ကဲ့သို့ ထိန်းသိမ်း စီမံခန့်ခွဲနေသည်ကို ရှင်လင်းတင်ပြခဲ့ကြသည်။

အလုပ်ရုံ ဆွေးနွေးပွဲမစမီ လန်ချန်း-မဲခေါင်အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များသည် ဖေဖော်ဝါရီ ၁၉  ရက်တွင်  သဗ္ဗညုဂူဘုရား၊ အာနန္ဒာဂူဘုရား၊ လောကနန္ဒာဘုရား၊ ရွှေစည်းခုံဘုရား၊ ထီးလိုမင်းလို ဘုရား၊ ဗူးဘုရားနှင့် အလိုတော်ပြည့်ဘုရားများသို့ သွားရောက်၍ လေ့လာကြည့်ရှုခဲ့ကြသည်။ 

(သတင်းစဉ်)

HOT NEWS
January 4,