ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအောင်မြင်စွာ ကျင်းပပြီးစီး

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအောင်မြင်စွာ ကျင်းပပြီးစီး


Ministry of Information/ ​နေပြည်တော် / March 14, 2019
image_latest


နေပြည်တော်၊ မတ် ၁၄

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၅)ရက် မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရေဦး မဲဆန္ဒနယ်မှ ဒေါက်တာဦးမင်းသိန်း၏ ရေဦးမြို့နယ် ခုတင် (၁၀၀)ဆံ့ ဆေးရုံနှင့် ကိုက်ညီသော သမားတော်ဆရာဝန်၊ ဆရာဝန်၊ ဓာတ်ခွဲခန်း ပညာရှင်၊ သူနာပြုဆရာမများ ပြည့်စုံစွာ ခန့်ထားပေးရန်နှင့် ဆေးရုံတွင်းလမ်း၊ အစည်း အဝေးခန်းမ၊ ဝန်ထမ်းအိမ်ရာတို့ ဖြည့်ဆည်း ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က ဘွဲ့လွန်အောင်မြင်ပြီး ဗဟိုအဆင့်ဆေးရုံကြီးများ၌ သတ်မှတ် ထားသည့် လေ့ကျင့်စဉ် ပြီးမြောက်သော လုပ်သက်ရ လက်ထောက်ဆရာဝန် ဆေးပညာရှင်များ ပြောင်းရွှေ့ခန့်ထားစဉ် ၂၀၁၉ ခုနှစ် ဧပြီလတွင် လက်ထောက်ဆရာဝန် ဆေးပညာရှင် တစ်ဦးအား ရေဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ ခန့်ထားပေးသွားမည်ဖြစ်ပါ ကြောင်း။
ရေဦးမြို့ ခုတင် ၁၀ဝဆံ့ ဆေးရုံကြီး ဓာတ်ခွဲခန်းကျွမ်းကျင်ဝန်ထမ်းများ လက်ရှိ ဖွဲ့စည်းပုံအင်အားမှာ ဓာတ်ခွဲကျွမ်းကျင်၂ ၊ ခွင့်ပြု ၁ဦး၊ လစ်လပ် ၁ဦးဖြစ်ပါကြောင်း၊ ဓာတ်ခွဲကျွမ်းကျင်၃၊ ခွင့်ပြု ၂ ဦး၊ ခန့်ထား ၂ ဦးဖြစ်ပါကြောင်း၊ ဓာတ်ခွဲကျွမ်းကျင် ၄ ၊ ခွင့်ပြု ၂ ဦး၊ ခန့်ထား ၂ ဦးဖြစ်ပါကြောင်း၊ ရေဦးမြို့ ခုတင် ၁၀၀ ဆေးရုံတွင် ဓာတ်ခွဲခန်း ဝန်ထမ်း ၄ ဦးသည် ဓာတ်ခွဲခန်းလုပ်ငန်းများကို ဆောင်ရွက် ရှိပါကြောင်း၊ ထို့ ကြောင့်လစ်လပ်သော ဓာတ်ခွဲကျွမ်းကျင် (၂) နေရာ၌ လောလော ဆယ် ခန့်ထားပေး ရန် အစီအစဉ်မရှိသေးပါကြောင်း။
ရေဦးမြို့နယ် ပြည်သူ့ဆေးရုံကြီး လက်ရှိ သူနာပြုအင်အားစာရင်းတွင် သူနာပြုကြီး ခွင့်ပြု ၅ ဦး၊ ခန့်ထား ၄ ဦး၊ လစ်လပ် ၁ဦး၊ အထက်တန်းသူနာပြု ခွင့်ပြု ၂၆ဦး၊ ခန့်ထား ၂၄ ဦး၊ လစ်လပ် ၂ဦး၊ သူနာပြု ခွင့်ပြု ၅၀ ၊ ခန့်ထား ၁၃ ဦး၊ လစ်လပ် ၃၇ ဦး ဖြစ်ပါကြောင်း၊ သူနာပြုကြီးရာထူးတိုး စာမေးပွဲကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပခဲ့ပြီး သူနာပြုကြီးများရာထူးတိုးခန့်ထားစဉ် ၂၀၁၉ ခုနှစ် ဧပြီလတွင် သူနာပြုကြီး တစ်ဦးခန့်ထားပေးမည်ဖြစ်ပါကြောင်း၊ လစ်လပ်လျက်ရှိသော အထက် တန်းသူနာပြု နေရာများ ခန့်ထားနိုင်ရန် စစ်ကိုင်းတိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှ အထက်တန်း သူနာပြု ရာထူးတိုးခေါ်ယူရန် ဆောင်ရွက်လျက်ရှိပြီး ရာထူးတိုးခန့်ထား စဉ်၌ လုပ်ငန်းလိုအပ် ချက်အပေါ် မူတည်၍ ခန့်ထားပေးသွား မည်ဖြစ်ပါကြောင်း။
စစ်ကိုင်းတိုင်းဒေသကြီး ကုသရေးဦးစီးဌာနကို ကုသရေးဦးစီးဌာနရုံးချုပ်မှ ၂၀၁၉ ခုနှစ် မတ် ၁၁ ရက်စွဲဖြင့် သူနာပြုစုစုပေါင်း သူနာပြုသစ်လွင်၂၇၁ ဦးကို ခွဲဝေ ခန့်ထားပေးပြီးဖြစ်ပါကြောင်း၊ လစ်လပ် လျက်ရှိသော သူနာပြုများနေရာတွင် လုပ်ငန်း လိုအပ်ချက်အရ စစ်က်ိုင်းတိုင်းဒေသကြီး ကုသရေးဦးစီး ဌာနမှ ရေဦးမြို့နယ် ပြည်သူ့ ဆေးရုံသို့ ခွဲဝေချထားပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန် အကြောင်းကြားထား ပြီး ဖြစ်ပါကြောင်း၊ ၂၀၁၉ခုနှစ် မတ် ၁၃ ရက်က ဆက်သွယ်မေးမြန်းမှုအရ သူနာပြု ၁၁ ဦးအား ပြည်သူ့ဆေးရုံသို့ ခန့်ထားပေးနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့သို့ တင်ပြထားရှိသည်ဟု သိရှိရပါကြောင်း။
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်တွင် ၄ ခန်းတွဲ လေးထပ် ဝန်ထမ်းအိမ်ယာ အဆောက်အဦထပ်မံတည်ဆောက်ရန်အတွက် ရန်ပုံငွေ ငွေကျပ်သန်း ၂၀၀ ခွင့်ပြုထားပြီး စစ်ကိုင်း တိုင်းဒေသကြီး ကုသရေးဦးစီးဌာန မှ တင်ဒါခေါ်ယူဆောင် ရွက်လျက်ရှိပါကြောင်း၊ရုံးလမ်းခင်းရေး လုပ်ငန်း အတွက် ငွေကျပ် ၈ ဒသမ၃၅ သန်း အား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြင်ဆင်ထိန်းသိမ်း စရိတ်ရန်ပုံငွေမှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၈ရက်က ခွဲဝေချထားပေးပြီးဖြစ်ပါကြောင်း၊ ယခုလက်ရှိ အခြေအနေ စိစစ်မှုအရ ဝန်ထမ်းအိမ်ယာများမှာ နှစ်ဆက် ဆောင်ရွက်လျက်ရှိနေပါသဖြင့် ဦးစားပေး ဆောင်ရွက်ရန် လိုအပ်မှုမရှိသေးပါကြောင်း၊ အစည်းအဝေးခန်းမ ပါဝင်သော မြို့နယ် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှူးရုံးအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ကာလတွင် စီမံကိန်းလျာထားဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
သံတွဲ မဲဆန္ဒနယ်မှ ဦးမင်းကြည်၏ သံတွဲမြို့နယ်၊ ငပလီမြို့တွင် မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆိုပြု ငပလီမြို့ ဖွံ့ဖြိုးရေးသဘောထားပုံစံ (ရခိုင် ပြည်နယ်)ကို စီမံကိန်းချမှတ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ် လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များတွင် ရခိုင်ပြည်နယ်အတွင်း ခရီးသွား လာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု ရှိစေရန်ဟူ၍ ဖော်ပြပါရှိသည်နှင့်အညီ ရခိုင် ပြည်နယ်၏ အလွန်လှပသည့် ငပလီကမ်းခြေဖွံ့ဖြိုးမှုလုပ်ငန်းများကို ဦးစားပေးဆောင် ရွက်လျက်ရှိပါကြောင်း၊ ငပလီ ကမ်းခြေဖွံ့ဖြိုးတိုးတက်ရေးအတွက် ငပလီ မြို့ကို မြို့ပြ ဖွံ့ဖြိုးရေး Town Plan ရေးဆွဲထားပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် Local Development Plan ရေးဆွဲ ဆောင်ရွက် လျက်ရှိပါကြောင်း။
ထို့အပြင် ငပလီကမ်းခြေဒေသတွင် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ကဏ္ဍ စနစ်တကျနှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနနှင့်လည်း ငပလီ ကမ်းခြေဧရိယာတွင် ခရီးသွားလုပ်ငန်းပင်မ စီမံကိန်း Tourism Master Plan တစ်ခုကိုလည်း ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငပလီ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းအကောင် အထည်ဖော် ဆောင်ရွက်ခြင်းလုပ်ငန်းများကို ပြည်ထောင်စုအစိုးရနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ စနစ်တကျ ညှိနှိုင်းရေးဆွဲပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ နှစ်စဉ်ကဏ္ဍအလိုက် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ငပလီမြို့ပတ်ဝန်းကျင် ဒေသဖွံ့ဖြိုးရေးစီမံကိန်းရေး ဆွဲခြင်း လုပ်ငန်းများ အကောင်အထည်ဖော်မည့်အခြေအနေများ သိရှိနိုင်ပါရန် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ ညှိနှိုင်း ပေါင်းစပ်ဖြေကြားပါကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မိုးနဲ မဲဆန္ဒနယ်မှ ဦးစိုင်းစန်သိန်း၊ ငပုတော မဲဆန္ဒနယ်မှ ဦးသန်းအောင်၊ မြေပုံ မဲဆန္ဒနယ်မှ ဦးဖေသန်း၊ မင်္ဂလာဒုံ မဲဆန္ဒနယ်မှ ဦးအောင်လှိုင်ဝင်း၊ ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေတို့၏ မေးခွန်းများနှင့် စပ်လျဉ်း ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် ဦးကျော်လင်း တို့က ရှင်းလင်းဖြေ ကြားကြသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို သဘော တူ လက်ခံရန် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းက အဆို တင်သွင်းသည်။
အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က လွှတ်တော်၏ အဆုံး အဖြတ်ရယူအတည်ပြုသည်။
ယင်းနောက် မင်းတပ် မဲဆန္ဒနယ်မှ ဦးနေလင်းအောင် တင်သွင်းသည့် လမ်းပန်း ဆက်သွယ်ရေး ဖွံ့ဖြိုးမှုနည်းပါးသည့် မြို့နယ်များအပါအဝင် တိုင်းရင်းသားများ နေထိုင် သည့် ပြည်နယ်များတွင် ကျေးရွာချင်းဆက်လမ်းများအား အလေးထားပြီး ပိုမိုဖောက် လုပ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး ကြသည်။
ခေါင်လန်ဖူး မဲဆန္ဒနယ်မှ ဦးအာမိုးဆီက ကျေးလက်လမ်းများ ကောင်းမွန်မှု မရှိခြင်းဖြင့် ကျေးလက်နေ ပြည်သူများအတွက် ဆုံးရှုံးနစ်နာမှုသာမက နိုင်ငံတော် အတွက်ပါ ဆုံးရှုံးနစ်နာစေသည့်အတွက် အလေးထားဆောင်ရွက်သင့်ပါကြောင်း၊ ကျေး လက်ဒေသများနှင့် ပြည်သူများ တွေ့ကြုံနေရသည့် အခက်အခဲများကို ကျော်ဖြတ်နိုင် ရန်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ကျေးရွာချင်းဆက် လမ်းများ ပိုမိုကောင်းမွန်ရန် လိုအပ်နေပြီဖြစ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာပါက ကျေး လက်နှင့် မြို့ပြ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်လာမည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ပြည်သူလူ ထု၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် GDP တိုးတက်မှုတွင် အရေးပါသည့် အခန်းကဏ္ဍ တွင်ရှိသည့် ကျေးလက်လမ်းတံတားများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပိုမို ရင်းနှီးမြှုပ်နှံမှု ပမာဏအမှန် တကယ်လိုအပ်နေပြီဖြစ်ပါကြောင်း၊ ထိုရည် မှန်းချက်များကို ပိုမိုအောင်မြင်စေရန်အတွက် လိုအပ် သည့်ရန်ပုံငွေများကို ပိုမိုဖြည့် ဆည်းပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း။
ပြည်သူလူထုအမှန်တကယ်လိုအပ်သည့် ကျေးလက် လမ်း၊ တံတားများကို စံချိန်၊ စံညွှန်းနှင့်အညီ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်အတွက် အရေးပါသည့် အခန်း ကဏ္ဍဖြစ်သည့် ပြည်သူ့ဝန်ထမ်း များကိုလည်း ပိုမိုဖြည့်ဆည်းပေးရန် တင်ပြလိုပါ ကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ကျေးလက်လမ်းများ ဖွံ့ဖြိုးတိုးတက်ရန် အတွက် နိုင်ငံတော်မှ ပိုမိုဖြည့်ဆည်းပေးသည့် ရန်ပုံငွေကို အလေအလွင့်မရှိ အသုံးပြု နိုင်သည့်အတွက် အရည်အသွေးစစ်ဆေးရေး အဖွဲ့နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဖွဲ့စည်းပေးထားသည့် အဖွဲ့အစည်းမှ စစ်ဆေး ကြပ်မတ်မှုများနှင့် စနစ်တကျအကောင် အထည်ဖော်ဆောင်ရွက်နိုင်မည်ဆိုပါက ပိုမိုပြည့်စုံ ကောင်းမွန်သည့် ကျေးလက်လမ်း တံတားများကို အချိန်တိုအတွင်း ပြည်သူများ အသုံးပြုနိုင်မည်ဖြစ်ကြောင်း အကြံပြု ဆွေးနွေးသည်။
အဆိုနှင့်စပ်လျဉ်း၍ သံတောင်ကြီး မဲဆန္ဒနယ်မှ ဦးစောဗစ်တာခလိုက်၊ ဘုတ် ပြင်း မဲဆန္ဒနယ်မှ ဦးနေလင်းထွန်း၊ ကျွန်းလှ မဲဆန္ဒနယ်မှ ဦးထွန်းဝင်း၊ ကန်ပက်လက် မဲဆန္ဒနယ်မှ ဦးညွန့်ဝင်း၊ လဲချား မဲဆန္ဒနယ်မှ ဦးစိုင်းဥက္ကာနှင့် သီပေါ မဲဆန္ဒနယ်မှ ဦးစိုင်း သန့်ဇင်တို့ ဆက်လက်ဆွေးနွေးကြသည်။
ဆက်လက်၍ အဆိုနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဆောက်လုပ်ရေးဝန်ကြီးဌာန ကျေးလက်လမ်းဦးစီးဌာနအနေဖြင့် ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်စေရေး ဦးစားပေးဆောင်ရွက် စီမံချက်နှင့်အညီ စီမံကိန်းများ ချမှတ်ကာ ရည်မှန်းချက်ထား အကောင် အထည် ဖော်ဆောင်ရွက်သည့်နေရာတွင် နှစ်စဉ်ခွဲဝေရရှိသည့် ရန်ပုံငွေပမာဏဖြင့် စီမံနေခြင်းဖြစ်ပြီး ခွဲဝေရ ရှိသည့် ရန်ပုံငွေ များကို ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသော ပြည်နယ်များတွင် ပိုမိုခွဲဝေလျာထား လျက်ရှိပါ ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် နေထိုင်သည့် လူဦးရေအားဖြင့် တွက်ချက်ကြည့်ပါက ပြည်နယ်များ၏ ကျေးလက်ဒေသများတွင် နေထိုင်သည့် လူဦးရေ သည် တစ်နိုင်ငံလုံး၏ ကျေးလက် ဒေသများတွင် နေထိုင်သည့် လူဦးရေ၏ ၂၉ ရာခိုင်နှုန်းသာ ကျန်ရှိတော့သည့်အတွက် ရန်ပုံငွေ အနေအထားသည် ပိုမိုခွဲဝေချထား ခြင်းခံရသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ၏ GDP ကို ၂၀၁၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၆ဒသမ ၅ ဘီလီ ယံမှ ၂၀၂၃ ခုနှစ်တွင် ၁၀၉ ဒသမ ၇ ဘီလီယံအထိ တိုးတက်လာရန် ကုန်သွယ်ရေး လမ်းကြောင်းများကို ဦးစား ပေး ဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို့ လက်ရှိသွားလာနေသည့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း များကိုလည်း အဆင့်မြှင့်တင်ဆောင်ရွက်ပေး သွား မည်ဖြစ်ပါကြောင်း၊ ပြည်နယ်များတွင်ရှိနေသည့် အသစ်ထပ်မံတိုးချဲ့ဖောက်လုပ် ရန် ဖြစ်နိုင်ဖွယ်ရာရှိနိုင်သည့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများ ကိုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် Master Plan များရေးဆွဲချမှတ်ထားရှိပြီး ဖြစ်ပါ ကြောင်း၊ အဆိုပါ လမ်းပိုင်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်လုပ်ဆောင်သွား မည်ဖြစ်ပါ ကြောင်းနှင့် အဆိုအား အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် အဆိုရှင်ဦးနေလင်းအောင်က အဆိုအား အတည်ပြုပေးပါရန် ပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုနှင့်စပ်လျဉ်း၍ အတည်ပြုရန် လွှတ်တော်၏ အဆုံး အဖြတ်ရယူရာ သဘောမတူသူ မရှိသည့် အတွက် အဆိုအား အတည်ပြုကြောင်း ကြေညာသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် အစည်းအဝေးကျင်းပရက် ၂၅ ရက်ရှိခဲ့ပြီး ကြယ်ပွင့်ပြ မေးခွန်း ၁၇၂ ခု မေးမြန်းဖြေကြားခြင်း၊ ကြယ် ပွင့်မပြမေးခွန်း ၅၃၅ ခုဖြေကြားခြင်းများ ဆောင်ရွက်နိုင် ခဲ့ပါကြောင်း၊ အဆို ၁၅ ခု တင်သွင်းနိုင်ခဲ့ပြီး အတည်ပြုအဆို ၉ ခု၊ မှတ်တမ်းတင် အဆို ၄ ခုနှင့် လက်ခံဆွေးနွေးရန် မရှိ အဆို ၂ ခုတို့ဖြစ်ကြ ပါကြောင်း၊ ဆောင်ရွက်ခဲ့ သည့် ဥပဒေကြမ်း ၂၃ ခု ရှိပြီး ဥပဒေကြမ်း ၁၁ ခုကို အတည်ပြုနိုင်ခဲ့ ပါကြောင်း၊ ဆက်လက်ဆောင်ရွက်ရန် ဥပဒေကြမ်း ၁၂ ခု ကျန်ရှိနေပါကြောင်း၊ ကော်မတီဆိုင်ရာ ဆောင်ရွက်ချက်များအနေဖြင့် ပြည်သူ့လွှတ်တော်တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ ကော်မတီ ကို ကိုယ်စားလှယ် ၁၆ ဦးဖြင့်လည်းကောင်း၊ အမျိုးသမီးနှင့် ကလေးသူ ငယ်အခွင့်အရေးဆိုင်ရာ ကော်မတီကို ကိုယ်စားလှယ် ၁၅ ဦးဖြင့်လည်းကောင်း ဖွဲ့စည်း နိုင်ခဲ့ပါကြောင်း၊ ထို့အပြင် လွှတ်တော်မှ ဖွဲ့စည်းထားသည့် ကော်မတီ ၁၄ ခု၏ သက်တမ်းတိုးမြှင့်ခြင်း၊ ဥပဒေကြမ်းကော်မတီနှင့် အစိုးရ၏ အာမခံချက်များ၊ ကတိများ နှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာတို့ကို အတည်ပြု ခြင်းများကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
လွှတ်တော်သည် ဒီမိုကရေစီ၏ အခြေခံအုတ်မြစ်၊ ဒီမိုကရေစီ၏ ပြယုဂ်၊ ဒီမိုကရေ စီ၏ လက္ခဏာရပ် ဖြစ်သကဲ့သို့ ဒီမိုကရေစီစနစ် ပီပြင်ရန်အတွက် လွှတ်တော်များ၏ အခန်းကဏ္ဍသည် အရေးကြီးလှ ပါကြောင်း၊ လွှတ်တော်များ ခိုင်မာအားကောင်းမှသာ ပြည်သူလူထု၏ ယုံကြည်ကိုးစားမှု ပိုမိုမြင့်တက် လာပြီး ဥပဒေပြုရေးမဏ္ဍိုင်နှင့် ပြည်သူ လူထုအကြား အပြန်အလှန် ဆက်ဆံရေးတိုးတက် ကောင်းမွန် နေမည်ဖြစ်ပါကြောင်း၊ ပြည်သူကို ဗဟိုပြုပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ပိုင်ခွင့်ကို အကျိုးရှိရှိ အသုံးချနိုင်သည့် ပြည်သူ့ကိုယ်စားလှယ်များဖြစ်အောင် အစဉ်ကြိုးပမ်းဆောင်ရွက်ကြရ မည် ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်များ၏ လုပ်ပိုင်ခွင့်ဆိုသည်မှာ ပြဋ္ဌာန်းထားသည့် ဥပဒေ၊နည်း ဥပဒေများနှင့်အညီ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် ဆောင်ရွက်ချက်များ၊ အပြုအမူ များ ဖြစ်သည်ကို သိရှိနားလည်ထားရန် လိုအပ်ပါကြောင်း။
မိမိတို့သည် နေရာဒေသများ၊ လူတန်းစားအလွှာများ၊ ပါတီများမှ လွှတ်တော်ထဲ သို့ ရောက်ရှိလာကြ ခြင်း ဖြစ်ပါကြောင်း၊ တစ်ဦးနှင့် တစ်ဦး၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ မတူညီ သည့် အတွေးအခေါ်များ၊ အယူ အဆများ၊ ခံယူချက်များ ရှိနေကြသည်မှာ အရှိတရား ဖြစ်ပါကြောင်း၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့၊ ပါတီတစ်ခုနှင့် တစ်ခု နားလည်အောင် ကြိုးစားပြီး ပြည်သူလူထုအကျိုး၊ နိုင်ငံတစ်ဝန်းလုံး၏ အကျိုးနှင့် ယှဉ်ပြီး လွှမ်းခြုံကြည့်မြင်နိုင်သည့် မြော်မြင်ဥာဏ်ကြီးမားသူများ ဖြစ်ကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ မိမိတို့နိုင်ငံသည် ပြည်ထောင်စု နိုင်ငံတော်အဖြစ် ဖွဲ့စည်းထားခြင်းဖြစ်ပြီး တိုင်းရင်းသား လူမျိုးအချင်း ချင်းအကြား ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ မတူညီကြ သော်လည်း မွေးချင်း ပြည် ထောင်စုဖွားများ၊ ပြည်ထောင်စုသားများ ဖြစ်ကြ သည်ကို အမြဲနှလုံးသွင်း ထားကြရမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ကာလတွင် မိမိတို့ လွှတ်တော် ကိုယ်စားလှယ် များကလည်း ဥပဒေပြုရေးမဏ္ဍိုင်ကို ကိုယ်စားပြုပြီး ကျရာအခန်း ကဏ္ဍမှ ပါဝင်ဆောင် ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်နိုင်ရေး ကိစ္စကိုလည်း ဘက်စုံထောင့်စုံမှ ရှုမြင်သုံးသပ်ပြီး ပြင်ဆင်သင့်၊ ပြင်ဆင် ထိုက်သည်များကို သဘောထားကြီးခြင်း၊ အမြော်အမြင်ကြီး ခြင်းများနှင့် အပြုသဘောဆောင်ပြီး ဆွေးနွေးညှိနှိုင်း ပြင်ဆင်နိုင်ကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။
လွှတ်တော်၏ အဓိကလုပ်ငန်းတာဝန်ဖြစ်သည့် ဥပဒေပြုရေးတာဝန်အပြင် အုပ်ချုပ်ရေး၊ တရားစီရင် ရေးမဏ္ဍိုင်များကို ဟန်ချက်ညီညီ အပြန်အလှန် ထိန်းကျောင်း နိုင်သည့် လွှတ်တော်ကိုယ်စားလှယ် များဖြစ်စေရန် စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက် ကြပါ၊ မိမိတို့ကို ရွေးချယ်တင်မြှောက်ပေးလိုက် သည့် ပြည်သူများနှင့် မဲဆန္ဒနယ်များမှ အားကိုးအားထားပြုရသည့် ကိုယ်စားလှယ်များအဖြစ် ဆက် လက်ကြိုးပမ်းဆောင်ရွက် ကြပါ၊ ပြည်သူဗဟိုပြု ဒီမိုကရေစီစနစ် ပိုမိုထွန်းကားအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြပါ၊ လွှတ်တော်၏ ဂုဏ်သိက္ခာ ဆက်လက်မြင့်မားနေရန်အတွက် တာဝန်ယူမှု၊ တာဝန် ခံမှု အပြည့်နှင့် ဆောင်ရွက်ကြပါ ဟု ပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော်(၁၁) ကြိမ် မြောက် ပုံမှန်အစည်းအဝေး (၂၅) ရက်မြောက်နေ့ရပ်နားကြောင်းနှင့် ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် (၁၁) ကြိမ်မြောက်ပုံမှန် အစည်းအဝေးပြီးစီးကြောင်း ကြေညာသည်။
အေးအေးသန့်(သတင်းစဉ်)
 

HOT NEWS
January 4,