ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ဇနီး ဒေါက်တာ ရွှေလွှမ်း မန္တလေးသင်္ကြန်ပွဲတော် ပါဝင်ဆင်နွှဲ

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ဇနီး ဒေါက်တာ ရွှေလွှမ်း မန္တလေးသင်္ကြန်ပွဲတော် ပါဝင်ဆင်နွှဲ


Ministry of Information/ ​နေပြည်တော် / April 14, 2019
image_latest


မန္တလေး ဧပြီ ၁၄

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်ဇနီး ဒေါက်တာ ရွှေလွှမ်းတို့သည် သင်္ကြန်အကျနေ့ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်သို့ ရောက်ရှိပြီး မြန်မာ့ရိုးရာ မဟာသင်္ကြန်အတာ ရေသဘင် ပွဲတော်တွင် ပါဝင်ဆင်နွှဲကြသည်။

ရှေးဦးစွာ ဒုတိယသမ္မတနှင့်ဇနီးတို့သည် မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်သို့ ရောက်ရှိကြရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့်ဇနီး ဒေါက်တာယုယုမေတို့က သပြေခက်ဖြင့် အတာရေပက်ဖျန်းပြီး ကြိုဆို နှုတ်ဆက်ကြသည်။

ထို့နောက် ဒုတိယသမ္မတနှင့်ဇနီးတို့သည် ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ယိမ်းအကအဖွဲ့များ၊ ဧည့်ပရိသတ်များအား သပြေခက်ဖြင့် အတာရေ လိုက်လံပက်ဖြန်းကြပြီး အတာ သင်္ကြန်ပွဲတော် ဆင်နွှဲကြသော ပရိသတ်များအား နှစ်သစ်ကူး ဆုတောင်းမေတ္တာပို့သပြီး တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများနှင့် ယိမ်းအကအဖွဲ့များ၏ ဖျော်ဖြေမှုများအား ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ဒုတိယသမ္မတနှင့်ဇနီးတို့သည် ကျုံးတောင်ဘက်ခြမ်းတွင် ကျင်းပလျက်ရှိသည့် လမ်းလျှောက် သင်္ကြန်ပွဲတော်သို့ လာရောက်လည်ပတ် ရေကစားကြသည့် သင်္ကြန်ချစ်သူ ပြည်သူများအား ရင်းနှီးစွာနှုတ်ဆက်၍ အမျိုသား ဒီမိုကရေစီ အဖွဲ့ချုပ် ရေကစားမဏ္ဍပ်၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း၏ ရေကစားမဏ္ဍပ်၊ မန္တလေးအခြေစိုက် တိုင်းရင်းသား လူမျိုးစုများ၏ စတုဒိသာမဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်များကို လိုက်လံကြည့်ရှု အားပေးခဲ့ပြီး တိုင်းရင်းသား လူမျိုးစုများ၏ ရိုးရာယဉ်ကျေးမှု အကအလှများကို ကြည့်ရှုအားပေး၍ မန္တလေး လမ်းလျှောက်သင်္ကြန်အား ပါဝင်ဆင်နွှဲသည်။

ညနေပိုင်းတွင် ဒုတိယသမ္မတနှင့် ဇနီးသည် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ လိုက်ပါလျက် ကျုံးတောင်ဘက် ၂၆ လမ်းနှင့် ၇၁ လမ်းထောင့်ရှိ နန်းမြို့သူ ရေကစားမဏ္ဍပ်နှင့် မဟာအောင်မြေမြို့နယ် မနော်ရမ္မံကွင်းရှိ တိုင်းရင်းသား သွေးချင်းများ၏ စုပေါင်းမဟာသင်္ကြန်မဏ္ဍပ်များသို့ သွားရောက်၍ တိုင်းရင်းသားများ၏ သီဆိုဖျော်ဖြေမှုများ၊ သံချပ်အသင်းများ၏ ပြိုင်ပွဲဝင်မှုများကို အားပေးကြည့်ရှုသည်။

ထို့နောက် ကျုံးအရှေ့ဘက်ခြမ်းရှိ တောသင်္ကြန် နေ့ညဈေးရောင်းပွဲတော်သို့ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

(သတင်းစဉ်)

HOT NEWS
January 4,