နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယ (၁)နှစ်တာ

နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယ (၁)နှစ်တာ


Ministry of Information/ ​နေပြည်တော် / April 20, 2019
image_latest


ပြောင်းလဲမှုနှင့် ရည်မှန်းချက်ပန်းတိုင်များသို့ အရောက်လှမ်းနိုင်ခဲ့သည့် သယံဇာတနှင့် သဘာဝပတ် ဝန်းကျင် ထိန်းသိ်မ်းရေးဝန်ကြီးဌာန

ပြည်သူက  တစ်ခဲနက်ရွေးချယ်တင်မြှောက်ခဲ့သော  ပြည်သူ့အစိုးရ၏  သက်တမ်းမှာ  သုံးနှစ်ပြည့် မြောက်ခဲ့ပြီဖြစ်သည်။ သုံးနှစ်တာကာလအတွင်း နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ် အသီးသီးတွင် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ကာ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများကို အားကြိုးမာန်တက် ဆောင်ရွက်ခဲ့သည့် ပြည်သူ့အစိုးရ၏ ပြည်သူ့အတွက် ကြိုးပမ်း ဆောင်ရွက်မှုများမှာ အားလုံးကောင်းမွန်အောင်မြင်ပါသည်ဟူ၍ မဆိုနိုင်သေးသည့်တိုင် သိသာထင် ရှားစွာ မြင်တွေ့နိုင်သည့် အောင်မြင်မှုများ၊ မမြင်တွေ့နိုင်သည့် အောင်မြင်မှုများ၊ စိန်ခေါ်မှုများနှင့် ရုန်းကန်နေရဆဲလုပ်ငန်းစဉ်များဟူ၍ တွေ့ရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရ၏ တတိယ  (၁)နှစ်တာ ကာလအတွင်း  ပြည်သူများအတွက်  ကြိုးပမ်းဆောင်ရွက်မှုများကို  ဝန်ကြီးဌာနများ၊  ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မှတ်တမ်းပြုတင်ပြအပ်ပါကြောင်း။     

သဘာဝသယံဇာတများမှရရှိနိုင်သည့် အကျိုးကျေးဇူးများကို စဉ်ဆက်မပြတ်ခံစားနိုင်စေရန် ဥပဒေများ၊ မူဝါဒများ၊ မဟာဗျူဟာများ ရေးဆွဲပြဋ္ဌာန်းပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ တတိယ (၁)နှစ်တာကာလအတွင်း တိုးတက်မှုနှင့် အောင်မြင်မှုများစွာကို သယံဇာတနှင့်  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာနက ဖော်ဆောင်နိုင်ခဲ့သည်။

သစ်တောများနှင့် သဘာ၀ဂေဟစနစ်များကိုကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန် လက်ရှိ အခြေအနေ အရပ်ရပ်နှင့် ကိုက်ညီသည့် ဥပဒေများကို အသစ်ပြင်ဆင်ပြဋ္ဌာန်းရန် လိုအပ်သည့် အတွက် ၂၀၁၈ ခုနှစ်တွင် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေနှင့် သစ်တောဥပဒေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု တိုးတက်ကောင်းမွန်လာရန်အတွက် မြန်မာနိုင်ငံသစ်တောများ ပြန် လည်တည်ထောင်ရေး (၁၀)နှစ်စီမံကိန်းကို ဆောင်ရွက်ခဲ့ရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်  နိုင်ငံတော် ပိုင် စိုက်ခင်း ၃၀၈၉၂ ဧက တည်ထောင် နိုင်ခဲ့သည့်အပြင် နိုင်ငံတော်၏ သဘာ၀တောတောင်၊ ရေ၊    မြေတို့ကိုဥပဒေနှင့်အညီ ထိန်းသိမ်းကာကွယ်နိုင်ရန်အတွက် ယခုအစိုးရ လက်ထက်တွင် သစ်တော ကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တောများကို တိုးချဲ့ဖွဲ့စည်းသတ်မှတ် ဆောင်ရွက်လျက်ရှိရာ တတိယ (၁)နှစ်တာ ကာလအတွင်း ကြိုးဝိုင်းနှင့်ကြိုးပြင်ကာကွယ်တော ၂၆ခု၊ ဧက ၀ ဒသမ ၉၉ သန်း တိုးချဲ့ ဖွဲ့စည်းနိုင်ခဲ့သဖြင့် လက်ရှိအချိန်ထိ နိုင်ငံအကျယ်အဝန်း၏ ၂၅ ဒသမ ၃၁ ရာခိုင်နှုန်း၊ ဧက ၄၂  သန်း ကျော် ဖွဲ့စည်းနိုင်ခဲ့မှုသည် ဝန်ကြီးဌာန၏ အောင်မြင်မှု ရလဒ်များပင်ဖြစ်သည်။

▲တစ်နှစ်ထက်တစ်နှစ် ပိုမိုလျှော့ချထုတ်လုပ်▲

သဘာဝထိန်းသိမ်းရေးနယ်မြေများအနေဖြင့် တတိယ(၁)နှစ် တာကာလအတွင်း သုံးခု၊ ဧက ၅၇၀၀၀      ကျော်ခန့် တိုးချဲ့ ဖွဲ့စည်းနိုင်ခဲ့သဖြင့် နိုင်ငံအကျယ်အဝန်း၏ ၅ ဒသမ ၈၃ ရာခိုင်နှုန်း၊ ဧက ၁၀ သန်းနီး ပါး ဖွဲ့စည်းနိုင်ခဲ့သည့်အပြင် သစ်ထုတ်လုပ်သည့်နေရာတွင် ၂၀၁၈-၂၀၁၉ ခုနှစ်အတွက် နှစ်စဉ်တော ထွက် ပမာဏ(AAC)ထက် လျော့နည်းထုတ်လုပ်လျက်ရှိပြီး နောင်ကာလများတွင် တစ်နှစ်ထက် တစ်နှစ် ပိုမိုလျှော့ချ ထုတ်လုပ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း တည်ထောင်ခြင်းအနေဖြင့် ယခုနှစ်အတွင်း ဧက ၉၀၀၀၀ ကျော်၊ အဖွဲ့ ၈၂၇ ဖွဲ့၊ အဖွဲ့ဝင် ၁၅၉၇၄ ဦးဖြင့် တိုးချဲ့ဆောင်ရွက်နိုင်ခဲ့သည့် အပြင် ဒေသခံ ပြည်သူလူထု၏ နေ့စဉ်ဘဝအ ခြေခံလိုအပ်ချက် တစ်ရပ်ဖြစ်သည့် ဝါးလိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရန်အတွက် ပုဂ္ဂလိက ဝါးစိုက်ခင်း တည်ထောင်မှုများကို ယခုအစိုးရသက်တမ်း တတိယ (၁)နှစ် တာကာလတွင် ဧက ၁၈၀၀ ကျော်အထိ တည်ထောင်ရန် ခွင့်ပြုပေးခဲ့ရာ ဧက ၁၆၀၀ကျော် တည် ထောင်စိုက်ပျိုးနိုင်ခဲ့မှုက အောင်မြင်မှု ပန်းတိုင်များဟု ဆိုရပေမည်။

ထို့ပြင် သစ်တောဦးစီးဌာနသည် တရားမဝင်သစ်များ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို ဦးတည် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာတတိယ(၁)နှစ်တာ ကာလအတွင်း တရားမဝင်သစ်တန်ချိန် ၄၄၈၃၀၊ တရားခံ  ၅၁၉၂ ဦး၊ ယာဉ်နှင့် ယန္တရား ၃၃၇၇စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စွမ်းအားမြှင့်မီးဖိုများသုံးစွဲခြင်း၊ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများသုံးစွဲခြင်း၊ စိမ်းလန်းစိုပြည်ရေး သစ်ပင်များ  စိုက်ပျိုးခြင်း၊ ထိန်းသိမ်းခြင်းစသည့် လုပ်ငန်းများတွင် ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မှုကောင်း သည့် ကျေးရွာများကို စံပြကျေးရွာအဖြစ် ထူထောင်ဆောင်ရွက်ခဲ့ရာ တတိယနှစ်အတွင်း စံပြကျေးရွာ ပေါင်း ၅၃ ရွာလျာထား တည်ထောင်နိုင်ခဲ့သည့် အပြင် ယခင်က ခရီးသွားဆင်စခန်း ၁၂ ခုသာ ဆောင် ရွက်နိုင်ခဲ့ရာမှ ယခုနှစ်အတွင်း ဆင်အခြေပြု ခရီးသွားဆင်စခန်းရှစ်ခု တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့မှုများသည် သိသာထင်ရှားသော တိုးတက်ပြောင်းလဲမှုများဖြစ်သည်။

▲ကမ္ဘာကြီးပူနွေးလာမှုကြောင့် အပူချိန်မြင့်တက်▲

ကမ္ဘာကြီးပူနွေးလာမှုသည် တစ်ကမ္ဘာလုံး၏ စိန်ခေါ်မှုတစ်ခုဖြစ်သကဲ့သို့ မြန်မာနိုင်ငံအတွက်လည်း စိန် ခေါ်မှုတစ်ခုဖြစ်သည်။ ကမ္ဘာကြီးပူနွေးလာမှုကြောင့် အပူချိန်မြင့်တက်မှုသည် သက်ရှိလူသားများ အတွက် အကျိုးသက်ရောက်မှုရှိသကဲ့သို့ သာမန်မျက်စိဖြင့်မမြင်နိုင်သည့် ဇီဝပိုးမွှားများအပေါ် ကျရောက်သည့် သက်ရောက်မှုများကြောင့် မဖြစ်ပေါ်ဖူးသည့် ရောဂါပိုးမွှားများသည် ပတ်ဝန်းကျင် ပြောင်းလဲမှုနှင့်အတူ ဖြစ်ပေါ်လာလျက်ရှိသည်။

အဆိုပါဖြစ်စဉ်များသည် လူ့အသိုင်းအဝိုင်း၏ ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်။ ပတ်ဝန်းကျင်ဆိုင်ရာ ထိန်း သိမ်းစောင့်ရှောက်မှုများကို ပြည်သူများက ကျယ်ပြန့်သည့်အမြင်၊ လေးနက်သည့် အသိတို့ဖြင့် ပူး ပေါင်းဆောင်ရွက်မှသာ တိုးတက်မှုရှိပြီး ရလဒ်ကောင်းများကို ပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်း ပညာရှင် များကထောက်ပြထားသည်။

ထို့ကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးများကို ကဏ္ဍအလိုက် စနစ်တကျ ဘက်စုံပေါင်းစပ်ပါဝင်နိုင်ရေး အတွက် ပတ်ဝန်းကျင်ဆိုင်ရာအုပ်ချုပ်မှုစနစ်ကို အခိုင်အမာ တည်ထောင်ဆောင်ရွက် လျက်ရှိသည်။

 ▲အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ▲

ထို့ပြင် မြန်မာနိုင်ငံတွင်း မှီတင်းနေထိုင်ကြသူအားလုံး၏ လူနေမှုဘဝဖွံ့ ဖြိုးတိုးတက်ရေးနှင့် ကျန်းမာ ပျော်ရွှင်ရေးအတွက် သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရန်    မူဝါဒရည်မှန်းချက်ချမှတ်ပြီး မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ၊မြန်မာနိုင်ငံ  ရာသီဥတု ပြောင်းလဲမှုဆိုင်ရာမူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်တို့ကို ပြည်ထောင်စုအစိုးရအဖွဲ့က        အတည်ပြုခဲ့ပြီး ဖြစ်သည်။

အစိမ်းရောင်စီးပွားရေး မူဝါဒမူဘောင်၊ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် လုပ်ငန်း အစီအစဉ်တို့ကို အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ သတ္တုကဏ္ဍတွင် မြန်မာ့သတ္တုတွင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေနှင့်အညီ နည်းဥပဒေများကို ပြည် ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့ပြီး          မြန်မာ့ပုလဲလုပ်ငန်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၉ ရက်တွင် အတည်ပြုပြဋ္ဌာန်း နိုင်ခဲ့သည့်အပြင် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကို ခေတ်ကာလ အခြေအနေနှင့် လိုက်လျောညီထွေမှုရှိရန် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၀ ရက် တွင် အတည်ပြုပြဋ္ဌာန်း နိုင်ခဲ့သည်။

မြန်မာ့သတ္တုတွင်း နည်းဥပဒေများထုတ်ပြန်ပြီး ၂၀၁၈ခုနှစ် ဇူလိုင်လ ၂၆ ရက်မှစပြီး လုပ်ကွက် အသစ် လျှောက်ထားမှုများကို ပြန်လည်လက်ခံ၍ စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်က ဆောင်ရွက်ခွင့်ရှိသော ဓာတ်သတ္တု အသေးစား နှင့် လက်လုပ်လက်စားလုပ်ငန်းများမှ ရရှိသည့် အခွန်အခများကို တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ် ဘဏ္ဍာရန်ပုံငွေအဖြစ် ပေးသွင်းနိုင်ရေး အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

▲သဘာဝပတ်ဝန်းကျင်ပျက်စီးမှု လျော့နည်းရန်▲

ထို့ပြင် သတ္တုတူးဖော်မှုလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများ လျော့ နည်းရန် အတွက် ၂၀၁၈ ခုနှစ် ပွင့်လင်းရာသီ ဖြစ်သည့် အောက်တိုဘာလမှ စတင်စစ်ဆေး လျက်ရှိရာ ၂၀၁၉ ခုနှစ် မတ်လအထိ လုပ်ကွက် ၃၅၄ ကွက်ကို ကွင်းဆင်းစစ်ဆေးနိုင်ခဲ့ကြောင်း၊ မြေဆီလွှာတိုက်စားမှု  ထိန်းသိမ်းကာကွယ်ခြင်း၊ စွန့်ပစ်မြေစာတွေကို ပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင် စနစ်တကျ စုပုံစွန့်ပစ် ခြင်း၊ တူးဖော်ပြီးနေရာများတွင် မြေပြန်ဖို့ခြင်းနှင့် သစ်ပင်များပြန်လည်စိုက်ပျိုးခြင်း စသည့်လုပ်ငန်းများ ကို ညွှန်ကြားချက်များနှင့်အညီဆောင်ရွက်ခြင်း ရှိ၊မရှိ ကွင်းဆင်းစစ်ဆေးနိုင်ခဲ့ကြောင်း သိရသည်။

ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တု ရှာဖွေရေးဦးစီးဌာနက ဖောင်းပြင်နှင့် ပင်လည်ဘူး မြို့နယ်များ အတွင်း ဒေသန္တရဘူမိဗေဒမြေပုံရေးဆွဲခြင်းကို ဧရိယာ ၂၇၇၉ ဒသမ ၅ စတုရန်း ကီလိုမီတာကို ပြီးစီး အောင်ဆောင်ရွက်နိုင်ခဲ့သည့်အပြင် ကျောက်မီးသွေး တိုးချဲ့ရှာဖွေရေး လုပ်ငန်းများကို စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ဆောင်ရွက်ခဲ့ပြီး ဖယ်လ်စပါလ်ကြွေကျောက် အသေးစိတ်ရှာဖွေရေး လုပ်ငန်းများကို   မန္တလေး တိုင်းဒေသကြီးတွင် ဆောင်ရွက်နိုင်ခဲ့သည်။

▲ဂရက်ဖိုက်စမ်းသပ်တိုင်းတာရေးလုပ်ငန်းများ▲

ခန္တီးမြို့နယ် နမ့်ခမာ(ချောင်းသာ)ဝန်းကျင်ဒေသမှာ ကျောက်စိမ်းဖြစ်ထွန်းနိုင်မှုကို ဖော်ထုတ်ခဲ့ပြီး အသေးစိတ် စမ်းသပ်တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် သပိတ်ကျင်းမြို့နယ် အတွင်း ဂရက်ဖိုက် စမ်းသပ်တိုင်းတာရေးလုပ်ငန်းများနှင့် လွန်တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက် ခြင်းကို အကောင်အထည်ဖော်နိုင်ခဲ့သည်။
မြန်မာ့ပုလဲရောင်းချပွဲများကို ပြည်ပတွင် တစ်ကြိမ်၊ ပြည် တွင်းတွင် နှစ်ကြိမ် စုစုပေါင်း သုံးကြိမ် ရောင်းချခဲ့ရာ ရငွေလျာထားချက် ငွေကျပ် ၁၁ ဒသမ ၈၆ ဘီလီ ယံထက် ငွေကျပ်ကျပ် ၁၃ ဒသမ ၇၆ ဘီလီယံ ရရှိသည့်အတွက် ၁၁၅ ဒသမ ၉၇ ရာခိုင်နှုန်းရရှိ ခဲ့ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရန်အတွက် နိုင်ငံပိုင် ပုလဲစခန်းနှင့် ပြည်တွင်း ပြည်ပ  ရင်းနှီးမြှုပ် နှံဆောင်ရွက်နေသည့် ပုလဲစခန်းငါးခုကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁ ရက်ကစပြီး    ပြည်တွင်း ပြည်ပခရီးသွားများကို နေ့ချင်းပြန်လေ့လာကြည့်ရှုခွင့်ပြုခဲ့ရာ ယနေ့အချိန်အထိ နိုင်ငံခြားသား ၈၂ ဦး နှင့် မြန်မာနိုင်ငံသား ၂၀၆ ဦး လာရောက်လေ့လာခဲ့ကြကြောင်း သိရသည်။

ဖားကန့်ဒေသ၏ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆိုင်ရာ လုပ်ငန်း အဖွဲ့ခွဲခြောက်ဖွဲ့ကို ဖွဲ့စည်းထားရှိပြီး ဖားကန့်ဒေသ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ မြေယာစီမံခန့်ခွဲရေး၊ တရားဥပဒေ စိုးမိုးရေး၊ အသက်မွေးဝမ်းကျောင်း သင်တန်းပေးရေးနှင့် အလုပ် အကိုင်ရှာဖွေရေး၊ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိသည်။

 မြန်မာနိုင်ငံ EITI စတုတ္ထအကြိမ် အစီရင်ခံစာကို ၂၀၁၉ ခုနှစ် မတ်လ ၃၁ ရက်တွင် ထုတ်ပြန် နိုင်ရန်  စီစဉ်ဆောင်ရွက်လျက်ရှိရာ နိုင်ငံတကာ EITI စံနှုန်းများပြည့်မီရန် ရည်ရွယ်ချက်ဖြင့် Mineral Cadaster စနစ်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာန၏ Mining Cadaster လုပ်ငန်း ကော်မတီကို ဖွဲ့စည်းထား ပြီးဖြစ်ကြောင်း သိရသည်။

မြန်မာ့ကျောက်မျက်ရတနာကဏ္ဍနှင့် စပ်လျဉ်း၍ ၂၀၁၈ ခုနှစ် ဇွန်လတွင် ယူရိုငွေ ၃၃၃ ဒသမ၂၈ သန်း နှင့် နိုဝင်ဘာလတွင် မြန်မာကျပ်ကျပ်ငွေဖြင့် ရောင်းချပွဲမှ ငွေကျပ်ကျပ် ၄၂၆၃၅ ဒသမ ၃၈၈ သန်းရရှိ ခဲ့ကြောင်းသိရသည်။ မြန်မာ့ကျောက်မျက် ရတနာဥပဒေကို ပြည်ထောင်စုလွှတ်တော်က  အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေရေးဆွဲခြင်းကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရန်ရေးဆွဲဆောင်ရွက် လျက်ရှိသည်။

မြန်မာ့ကျောက်မျက်ရတနာ ဥပဒေအရ အသေးစားနှင့် လက်လုပ်လက်စား လုပ်ကွက်များကို တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရက ကြီးကြပ်စီမံဆောင်ရွက်ရမည်ဖြစ်သည့်အတွက် ဝန်ကြီးဌာနမှ  လုပ်ကိုင်ခွင့်ချထားပေးနိုင်သည့် လုပ်ကွက်နေရာများကို ညှိနှိုင်းသတ်မှတ်ပြီး ခန္တီးရတနာနယ်မြေတွင်        လက်လုပ်လက်စား ကျောက်မျက်ရတနာလုပ်ကွက် ၆၈ ကွက်ကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၀ ရက်တွင် လုပ်ကိုင်ခွင့်ချထားပေးနိုင်ခဲ့သည်။

▲လုပ်ကိုင်ခွင့်ချထားပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ▲

မိုးကုတ်၊ မိုင်းရှူး၊ လုံးခင်းဖားကန့်နှင့် မော်လူး မော်ဟန်ရတနာနယ်မြေများတွင် ကျောက်မျက် ရတနာ လက်လုပ်လက်စား လုပ်ကွက်များချထားပေးနိုင်ရေးအတွက် အမိန့်ကြော်ငြာစာများ ထုတ်ပြန်ခြင်းနှင့် လက်လုပ်လက်စားလုပ်ကိုင်ခွင့်ဧရိယာသတ်မှတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက် ခဲ့ပြီး  လုပ်ကွက်များ        အကွက်ရိုက်သတ်မှတ်၍ လုပ်ကိုင်ခွင့်ချထားပေးနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိသည်။

သတ္တုတွင်းနည်းဥပဒေသစ်နှင့်အညီ ဓာတ်သတ္တုအဆိုပြုလုပ်ကွက်များကို ၂၀၁၈ ခုနှစ် ဩဂုတ်လ ၁ ရက်တွင် စတင်လက်ခံခဲ့ရာ အဆိုပြု စောင်ရေ ၁၃၆၉ ခုကို ကနဦးစိစစ်မှုများ ဆောင်ရွက်လျက်ရှိရာ  အဆိုပြုလျှောက်လွှာ ၁၃၆၉ စောင်အနက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ များထံ  သဘောထား တောင်းခံခဲ့သည့်စောင်ရေ ၁၄၄ စောင်ရှိပြီး သဘောထားပြန်ကြားချက်  ရရှိသည့် စောင်ရေ ရှစ်စောင်ရှိကြောင်း၊ ခွင့်ပြုမိန့် ချထားပေး နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

▲ပြန်လည်လက်ခံစိစစ်ဆောင်ရွက်ပေး▲

ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့်ထုတ်ပြန်ခဲ့သည့် မြန်မာ့သတ္တုတွင်း နည်းဥပဒေ အသစ်အရ ပြည်ထောင်စုက ဓာတ်သတ္တုအကြီးစားနှင့် အလတ်စားခွင့်ပြုမိန့်၊ တိုင်းဒေသကြီး၊ပြည်နယ် အစိုးရများက ဓာတ်သတ္တုအသေးစားနှင့် လက်လုပ်လက်စား ခွင့်ပြုမိန့်များကို စိစစ်ခွင့်ပြုပေးရမည် ဖြစ်သည့်အတွက် ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၆ ရက်ကစပြီး လုပ်ကွက်အသစ် လျှောက်ထားမှုများကို ပြည်ထောင်စုနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များ အလိုက် ပြန်လည်လက်ခံစိစစ် ဆောင် ရွက်ပေး လျက်ရှိသည်။

၂၀၁၈ ခုနှစ် ဧပြီလမှ ၂၀၁၉ ခုနှစ် မတ်လအထိ သတ္တု၊ ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲ ထုတ်လုပ် မှုတို့မှ စုစုပေါင်းထုတ်လုပ်မှု တန်ဖိုးငွေကျပ်ကျပ် ၇၃၉၀၈၆ ဒသမ ၈၇၆ သန်း လျာထားပြီး စုစုပေါင်း ငွေကျပ်ကျပ် ၁၀၂၇၇၇၄ ဒသမ ၆၈၇ သန်း ရရှိခဲ့သည့်အတွက် ၁၃၉ ဒသမ ၀၆ ရာခိုင်နှုန်း  အကောင် အထည်ဖော်နိုင်ခဲ့မှုများသည် တတိယ(၁)နှစ်ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ သည့် အောင်မြင်မှုတစ်ခု ဖြစ်သည်။

လက်ရှိအစိုးရသက်တမ်း  သုံးနှစ်တာကာလအတွင်းကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တော ၅၃ ခု၊ ဧက  ၁၀  သိန်းနီးပါးတိုးချဲ့ ဖွဲ့စည်းနိုင်ခဲ့သဖြင့် လက်ရှိအချိန်အထိ ဖွဲ့စည်းသတ်မှတ်ပြီး သစ်တောနယ်မြေ ဧက ၄၂ သန်းကျော် နိုင်ငံ့ဧရိယာ၏ ၂၅ ဒသမ ၃၁ ရာခိုင်နှုန်းအထိ တရားဝင်ဖွဲ့စည်း သတ်မှတ် နိုင်ခဲ့သည့်အပြင် သဘာဝထိန်းသိမ်းရေးနယ်မြေ လေးခု၊ ဧက ၁၃၀၀၀၀ ကျော် တိုးချဲ့ ဖွဲ့စည်းနိုင် ခဲ့သဖြင့် လက်ရှိအချိန်အထိ ဖွဲ့စည်းသတ်မှတ်ပြီး သဘာဝထိန်းသိမ်းရေးနယ်မြေ စုစုပေါင်း၄၃ ခု၊ ဧက ၉၇၀၀၀၀ ကျော်၊ နိုင်ငံ့ဧရိယာ၏ ၅ ဒသမ ၈၃ ရာခိုင်နှုန်းအထိတရားဝင်ဖွဲ့စည်း သတ်မှတ်နိုင်ခဲ့ ကြောင်းသိရသည်။

မိမိတို့နိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် FAO ၏  ၂၀၁၅ ခုနှစ် တွက်ချက်မှုအရ နိုင်ငံ့ ကုန်းမြေအကျယ် အဝန်း၏ ၄၂ ဒသမ ၉၂ ရာခိုင် နှုန်းသာရှိသည့်အတွက် နိုင်ငံတော်၏ သစ်တော ဖုံးလွှမ်းမှုတိုး တက်ကောင်းမွန်လာရန်နှင့် သစ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် နိုင်ငံပိုင် သစ်တော စိုက်ခင်းများကို တိုးမြှင့်တည်ထောင်ဆောင်ရွက်လျက်ရှိသည်။

လက်ရှိကာလတွင်  အဖိုးတန် သစ်မျိုး များဖြစ်သည့် ကျွန်း၊ ပျဉ်းကတိုး၊ပိတောက်နှင့် ထင်းရှူး စိုက်ခင်းများအပြင်  ရေဝေရေလဲနှင့်  ဒီရေတော စိုက်ခင်းများကို ဧက ၄၂၀၀၀ ကျော်တည်ထောင်ခဲ့ပြီး ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်အတွင်းဧက ၂၂၀၀၀ ကျော် စိုက်ပျိုးတည်ထောင်ရန် ကြိုတင် ပြင်ဆင် ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည်။

▲သစ်တန် တစ်သောင်းကျော် ရောင်းချပေးနိုင်▲

တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ဒေသသုံးလိုအပ်ချက်အတွက်အထောက်အကူ ပြုနိုင်ရန် အတွက် သစ်တောဦးစီးဌာနအနေဖြင့် တတိယ (၁)နှစ်တာကာလအတွင်းတိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခုကို သစ်တန် တစ်သောင်းကျော်ကို လုပ်ငန်းစဉ် ၇ ရပ်နှင့်အညီ ရောင်းချပေးနိုင်ခဲ့သည်။ ထို့ပြင် သဘာ၀ ဘေးအန္တရာယ်ခံစားရမှုကြောင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများတွင် လိုအပ်သည့်သစ်များကို တနင်္သာရီ၊ ပဲခူးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ကချင်၊ ကရင် နှင့် မွန်ပြည်နယ်အစိုးရအဖွဲ့များကို သုံးနှစ် တာ ကာလအတွင်း သစ်တန် ၁၅၀၀ နီးပါးနှင့် ကျွန်းပင်ကြပ်တိုင်၁၀၀၀ ကို ရောင်းချပေးခဲ့ကြောင်း၊ အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းများဖြစ်သည့် သစ်စက်လုပ်ငန်းရှင်များအသင်း၊ သစ်အခြေခံ ပရိဘောဂ လုပ်ငန်းရှင်များအသင်း နှင့် လက်မှုအနုပညာအသင်း စသည်တို့ကို လက်ရှိ ကာလအတွင်း သစ်တန် ၈၅၀ ကျော် ရောင်းချပေး ခဲ့ကြောင်း သိရသည်။

ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းတည်ထောင်မှုကို ယခုအစိုးရလက်ထက်တွင် ပိုမို တိုးမြှင့် ကြိုးပမ်း ဆောင်ရွက်နိုင်ခဲ့ရာ စိုက်ခင်းဧရိယာ ၃၂၀၀၀၀ ကျော်တည်ထောင်နိုင်ခဲ့သဖြင့် လက်ရှိ အချိန်အထိ တည်ထောင်ပြီးစီး သည့်  ဒေသခံပြည်သူ  အစုအဖွဲ့ပိုင်  သစ်တော ဧရိယာ  ၆၁၀၀၀၀  ကျော် တည်ထောင်နိုင်ခဲ့ပြီးဖြစ်၍ ကိန်းဂဏန်း အချက်အလက်များအရ တည်ထောင်ပြီး    ဒေသခံ ပြည်သူ အစုအဖွဲ့ပိုင် သစ်တောအကျယ်အဝန်း၏ ၅၀ ရာခိုင်နှုန်းကျော်ကို ဆောင်ရွက်နိုင်သည်ကို ရလဒ်အနေဖြင့်တွေ့မြင်ရမည်ဖြစ်သည်။

▲ဥပဒေအသစ်ကို ပြဋ္ဌာန်းနိုင်ခဲ့▲

ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ်များ ရေရှည်တည်တံ့ရန်အတွက် ထိန်းသိမ်းကာကွယ်ရေးသည် နိုင်ငံ အတွက် အထူးအရေးပါသည့်အတွက် သစ်တောဦးစီးဌာနအနေဖြင့် ယခုအစိုးရသက်တမ်း သုံးနှစ်တာ ကာလအတွင်း သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေအသစ် ကို ပြဋ္ဌာန်းနိုင်ခဲ့သည့် အပြင် နည်းဥပဒေကြမ်းကို ရေးဆွဲပြီး စိစစ်အကြံပြုနိုင်ရန်အတွက် ပြည်ထောင် စု ရှေ့နေချုပ် ရုံးသို့ ပေးပို့ထားပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၂၀၁၆ခုနှစ်ဩဂုတ်လ ၃ဝရက်နေ့တွင် ဖွဲ့စည်းနိုင်ခဲ့သည့် ရေဝပ်ဒေသထိန်းသိမ်း အုပ်ချုပ် ခြင်းဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၏ကြီးကြပ်မှုဖြင့် အမျိုးသားရေဝပ်ဒေသမူဝါဒနှင့်မဟာဗျူဟာ လုပ်ငန်းများကို ၂၀၁၈ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့က  အတည်ပြု နိုင်အောင်ဆောင်ရွက်နိုင်ခဲ့သည်။

ထို့အတူ ဖွဲ့စည်းထားပြီးဖြစ်သည့် သဘာဝထိန်းသိမ်းရေးနယ်မြေ လေးခုအတွက်ဥယျာဉ် အုပ်ချုပ် လုပ်ကိုင်မှု ၅ နှစ်စီမံချက်များနှင့် မြန်မာနိုင်ငံဆင်ထိန်းသိမ်းရေးလုပ်ငန်း ၁၀ နှစ် စီမံချက် တို့ကို  ရေးဆွဲအတည်ပြုနိုင်ခဲ့သည့်အပြင် သုံးနှစ်တာကာလအတွင်း အင်းတော်ကြီး၊ မိန်းမလှကျွန်း၊ မုတ္တမ ပင်လယ်ကွေ့(မွန်ပြည်နယ်အပိုင်း)နှင့် အင်းလေးကန်ဒေသများကို ရမ်ဆာရေဝပ် ဒေသထိန်းသိမ်းရေး နယ်မြေများအဖြစ် နိုင်ငံ တကာအဆင့်က အသိအမှတ်ပြုခံရအောင် ဆောင်ရွက်နိုင်ခဲ့မှုနှင့် အင်းတော် ကြီးကို လူသားနှင့် ဇီဝအဝန်းနယ်မြေအဖြစ် အသိအမှတ်ပြုခံရအောင် ဆောင်ရွက်နိုင်ခဲ့မှုများသည် ငြင်းမရသည့် အောင်မြင်မှုမှတ်တိုင်များဖြစ်သည်။

နိုင်ငံ၏ တောဆင်ရိုင်းများကို ထိန်းသိမ်းကာကွယ်ရန်၊ ဆင်နှင့် လူပဋိပက္ခလျှော့ချနိုင်ရန်၊ တော ဆင်ရိုင်းများ သတ်ဖြတ်ခံရမှုနှင့် ဆင်အစိတ် အပိုင်းများ တရားမဝင် ကူးသန်းရောင်းဝယ်မှုများကို တား ဆီး ကာကွယ်နိုင်ရန်အတွက် ပြည်သူလူထုအတွင်း အသိအမြင်နိုးကြားလာပြီး ဝိုင်းဝန်း ပူးပေါင်း ကူညီဆောင်ရွက်ရန် ရည်ရွယ်ချက်များဖြင့် မြန်မာနိုင်ငံ၏ ပထမဆုံး ဆင်ပြတိုက်ကိုတိရစ္ဆာန် ဥယျာဉ် (ရန်ကုန်)အတွင်းရှိ သဘာဝသမိုင်းပြတိုက်တွင် မတ်လ ၃ ရက်နေ့က ဖွင့်လှစ်နိုင်ခဲ့မှုသည် ယခုအစိုးရ တတိယ(၁)နှစ်တာကာလအတွင်း ထူးထူးခြားခြားဆောင်ရွက်နိုင်ခဲ့သည့် ကဏ္ဍတစ်ရပ်ဖြစ်သည်။

▲သုတေသန စာတမ်းပေါင်း ၈၀ ကို ပြုစုရေးသားနိုင်▲

သစ်တောဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများတွင် သုတေသနဆောင်ရွက်မှုသည် ရေရှည်တိုးတက် အောင်မြင်မှုအတွက် အရေးကြီးကဏ္ဍဖြစ်သည့်အတွက် သုံးနှစ်တာအတွင်း သုတေသနစာတမ်းပေါင်း    ၈၀ ကိုပြုစုရေးသားနိုင်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ သုတေသနစာစောင်များတွင် သုတေသနစာတမ်း ၂၅ စောင်ကို ရေးသားဖော်ပြ နိုင်ခဲ့ကြောင်းသိရသည်။
အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး မျိုးစိတ်သစ်များအနေဖြင့် ချင်းမျိုးစိတ်သစ် သုံးမျိုး၊ သစ်ခွမျိုးစိတ်သစ်သုံးမျိုး၊ အပင်မျိုးစိတ်သစ် ၁၈မျိုး၊ ငါးမျိုးစိတ်သစ်တစ်မျိုးကိုလည်း ရှာဖွေဖော်ထုတ် နိုင်ခဲ့ပြီး ထူးခြားသည့် သုတေသနဆောင်ရွက်ချက် အနေဖြင့် စိုက်ခင်းများ တည်ထောင်ရာတွင်လိုအပ် သည့် ပျိုးပင်များကို အကုန်အကျနည်းပါးရန်၊ သယ်ယူရာတွင် ပမာဏများများကို သယ်ယူနိုင်ရန်၊ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေသည့် ပလတ်စတစ် ပျိုးအိတ်အသုံးပြုမှုကို လျှော့ချနိုင်ရန်၊ မြေချစိုက် ပျိုးမှုတွင် အကုန်အကျ သက်သာပြီး မြန်ဆန်စွာဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်များဖြင့် Pot Tube အသုံးပြုပျိုးထောင်သည့် သုတေသန လုပ်ငန်းကိုလည်း ၂၀၁၈ ခုနှစ်က စတင်ခဲ့ရာ မြေပြင်စမ်းသပ် စိုက်ပျိုးခြင်းလုပ်ငန်းကို  ၂၀၁၉ ခုနှစ်  မိုးရာသီကာလအတွင်း  စတင်ဆောင်ရွက် နိုင်မည်ဖြစ်သည်။

လက်ရှိအစိုးရသက်တမ်း သုံးနှစ်တာကာလအတွင်း တရားမဝင်သစ်တန် ၁၂၈၀၀၀ ကျော်၊ တရားခံ  ၂၀၀၀၀ ကျော်၊ သစ်တင်ယာဉ် ၉၀၀၀ ကျော်နှင့် လက်ကိုင်စက်လွှ ၁၁၀၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့ ကြောင်း၊ သစ်တောဦးစီးဌာနအနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး မြန်မာအမျိုးသား မြေပုံစနစ် တည်ထောင်ခြင်း စီမံကိန်းကို ၂၀၁၅ ခုနှစ် ဇွန်လ ၂၅ ရက်တွင် စတင် အကောင်အထည် ဖော်ခဲ့ရာ စီမံကိန်းကာလသည် ၂၀၁၅ ခုနှစ်မှ ၂၀၂၃ ခုနှစ် အထိ ရှစ်နှစ်ဖြစ်ပြီး အဆင့် လေးဆင့်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

▲အင်းလေးကန်ဒေသတွင် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်▲

နိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်းနှင့် ဒီရေတော ကဏ္ဍဆိုင်ရာ စီမံအုပ်ချုပ်မှုလုပ်ငန်းများ ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ် လုပ်ကိုင်မှု ဗဟိုကော်မတီကို လုပ်ငန်းတာဝန် ၁၀ ချက်ချမှတ်၍ အဖွဲ့ဝင် ၂၀ ဖြင့် ဖွဲ့စည်းနိုင်ခဲ့ သည့်အပြင်  ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ပူးပေါင်းပြီး “သယံဇာတများ ရေရှည်တည်တံ့နိုင်စေရန် စီမံအုပ်ချုပ်နိုင်ရေး စွမ်းဆောင်ရည်မြှင့်တင်ခြင်း စီမံကိန်း”ကို ၂၀၁၈ ခုနှစ် ဇွန်လမှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ ငါးနှစ်စီမံကိန်းအဖြစ် အင်းလေးကန်ဒေသတွင် စီမံကိန်း လုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည်။

မြန်မာနိုင်ငံဆိုင်ရာဒိန်းမတ်သံရုံးနှင့် သစ်တောဦးစီးဌာနတို့အကြား ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ ၉ ရက် နေ့တွင် ဖွံ့ဖြိုးတိုးတက်မှု အကူအညီပေးရေး  သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး “ပင်လယ်ကမ်းရိုးတန်းဒေသနေ ပြည်သူလူထုက ရာသီဥတုပြောင်းလဲမှုနှင့်အညီ လိုက်လျောညီထွေ  ရပ်တည်နေထိုင်နိုင် ရန်အတွက် ဒီရေရောက် သစ်တောများကို စနစ်တကျ    စီမံအုပ်ချုပ်လုပ်ကိုင်ခြင်း စီမံကိန်း” ကို ၂၀၁၈ခုနှစ် မတ်လမှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ အထိ ငါးနှစ်စီမံကိန်းအဖြစ် ဒိန်းမတ် အစိုးရ၏ ရန်ပုံငွေအထောက်အပံ့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

▲သဘာဝအခြေခံ ခရီးသွားလုပ်ငန်း နမူနာစံပြတစ်ခု▲

သစ်တောဦးစီးဌာနသည် ထူးခြားသည့် ဂေဟစနစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်း ကာကွယ် ထားသည့် သဘာဝထိန်းသိမ်းရေးနယ်မြေများကို အခြေခံပြီး သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ ဖြိုးတိုးတက်ရေးကြိုးပမ်းလျက်ရှိရာ မြိတ်ကျွန်းစုရှိ အဏ္ဏဝါဂေဟစနစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲများကို    ကာကွယ်ထားသည့် လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်၊ ဝါး အလယ်ကျွန်းတွင် ဆောင်ရွက်နေသော   Wa Ale Island Resortသည်  သဘာဝအခြေခံ ခရီးသွားလုပ်ငန်း နမူနာစံပြတစ်ခုဖြစ်သည်။

အခြေခံပညာအဆင့်ကနေ အဆင့်မြင့်ပညာအဆင့်အထိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာသင်ခန်းစာများ ထည့်သွင်းနိုင်ရန် ပညာရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာဌာနအဖွဲ့ အစည်းများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ရေရှည်အတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းစီမံချက်မူကြမ်းကို UNDPနှင့် ပူးပေါင်းရေးဆွဲလျက်ရှိသည်။

နိုင်ငံတော်အတွင်းစက်မှုလုပ်ငန်းများ အပါအဝင် လူမှုစီးပွားရေး၊ ဖွံ့ဖြိုးရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုလုပ် ငန်းစီမံကိန်းများ အကောင်အထည်ဖော်သည့်နေရာတွင်သဘာ၀နှင့် လူမှုပတ်ဝန်းကျင်ထိခိုက်မှု မရှိရန်  ပြည်သူတွေအနေဖြင့် ၎င်းတို့၏လူနေမှုဘ၀နှင့် ပိုင်ဆိုင်မှုများအပေါ် အကျိုးသက်ရောက်နိုင်သော ပတ်ဝန်းကျင်ဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်မှု အဆင့်ဆင့်တွင် ပူးပေါင်းပါဝင်နိုင်ခွင့်ရှိရန် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းစနစ်ကို နိုင်ငံတကာစံနှုန်းနှင့်အညီအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ရာ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း စီမံကိန်းလုပ်ငန်းပေါင်း ၁၂၅၁ခုအတွက် စိစစ်ပြန်ကြား ပေးနိုင်ခဲ့ သည်။

ထို့ပြင် လက်ရှိလည်ပတ်နေဆဲဖြစ်သည့် ဦးစားပေးစက်မှုလက်မှုကဏ္ဍ ကိုးခုအောက်ရှိ လုပ်ငန်းများ တွင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်ရေးဆွဲဆောင်ရွက်ရန် ပြီးခဲ့သည့် ၂၀၁၈ခုနှစ် နှစ်ဆန်းပိုင်းတွင်    အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ရေးကို သက်ဆိုင်ရာ တိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရများ၊ ဌာန၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ပြီး စိစစ်ကြပ်မတ်ဆောင်ရွက် လျက်ရှိသည်။

▲မကြာမီ တရားဝင်ထုတ်ပြန်နိုင်မည်▲

ထို့အတူ ဦးစားပေးကဏ္ဍများဖြစ်သည့် သတ္တုကဏ္ဍ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာ ကဏ္ဍများတွင် EIA လုပ်ငန်းစဉ်များကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အထောက်အကူပြု နိုင်ရန်အတွက် ကဏ္ဍအလိုက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာလမ်းညွှန်ချက်များ အပြီး သတ် မူကြမ်းကိုရေးဆွဲပြီးဖြစ်သည့်အတွက် မကြာမီတရားဝင်ထုတ်ပြန်နိုင်မည်ဖြစ်သည်။

အလားတူ လေအရည်အသွေး ထိန်းချုပ်မှုစနစ်၊ ရေဆိုးသန့်စင်မှုစနစ် နည်းပညာ မိတ်ဆက် အသိ ပညာပေးခြင်း၊ ထုတ်လွှတ်အခိုးအငွေ့နှင့် ရေဆိုးများကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ လိုက်နာ ဆောင်ရွက်နိုင်ရန် ၁၃၂၁ ကြိမ် စစ်ဆေးဆောင်ရွက်နိုင်ခဲ့သည်။

▲အစိမ်းရောင်မြို့တော် အစပျိုးဆောင် ရွက်မှုစီမံကိန်း▲

နည်းပညာနှင့် ငွေကြေးအထောက်အပံ့များရရှိနိုင်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာအရေးကိစ္စများတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရန် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်း များနှင့် စီမံကိန်းပေါင်း ၁၉ ခုကို နည်းပညာအထောက်အပံ့ ရှစ်ခု၊ ငွေကြေးထောက်ပံ့မှု ၁၁ ခုဖြင့်  ပူးပေါင်းဆောင်ရွက်လျက် ရှိသည့်အပြင်  GCF ထံမှ ၂၀၁၈  ခုနှစ်အကုန် တွင်  အစိမ်းရောင်မြို့တော် အစပျိုးဆောင်ရွက်မှု စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၈  ဒသမ ၅ သိန်းကျော်နှင့် အမျိုးသားအဆင့်  သတ်မှတ် အာဏာပိုင်အဖွဲ့အစည်း စွမ်းဆောင်ရည်မြှင့်တင် ခြင်းစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ သိန်းကျော် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဒသမ  ၁  သန်းကျော် ရရှိအောင် ချိတ်ဆက်ဆောင်ရွက်နိုင်ခဲ့သည်။

ထို့ပြင်  GEF မှ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စီမံကိန်းသုံးခုအတွက် အမေရိကန်ဒေါ်လာ ၁၂ သန်း ခန့်ရရှိအောင် ဆက်သွယ်ညှိနှိုင်းဆောင်ရွက် ပေးနိုင်ခဲ့ပြီး ကမ္ဘာ့ဘဏ်၏ အကူအညီအမေရိကန် ဒေါ်လာသုံးသိန်းကျော်နှင့် ပတ်ဝန်းကျင်ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ လေ့ကျင့်သင်ကြားမှုဗဟိုဌာန တည်ထောင်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး  ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ရန်ပုံငွေကို  နိုင်ငံတော်၏ ဘဏ္ဍာရေး စည်းမျဉ်းနှင့်အညီ တည်ထောင်နိုင်ရန်အတွက် ဆက်စပ်ဌာနများ၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

▲စနစ်တကျ စီမံအုပ်ချုပ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိ▲

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် နိုင်ငံတော်၏ သဘာဝသယံ ဇာတအရင်းအမြစ်များကို လက်ရှိနှင့်အနာဂတ်နိုင်ငံတော်၊နိုင်ငံသားများအတွက် အကျိုးအရှိဆုံးဖြစ် အောင် စနစ်တကျ စီမံအုပ်ချုပ် လုပ်ကိုင် ဆောင်ရွက်လျက်ရှိသည့်အတွက် မြန်မာနိုင်ငံတွင်  ပစ္စုပ္ပန် နှင့်အနာဂတ်မျိုးဆက်များ၏ ချမ်းသာသုခရရှိရေးအတွက် ရေရှည်တည်တံ့သော၊  ကြွယ်ဝချမ်းသာမှု ရှိသော၊ အားလုံးပါဝင်သော ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိပြီး ကာဗွန်(ထုတ်လွှတ်မှု) လျော့နည်းသော      လူမှုအဖွဲ့အစည်းတစ်ရပ် မကြာမီပေါ်ထွန်းလာမည်ဟု ယုံကြည်မျှော်လင့်ရပါကြောင်း  ရေးသားတင်ပြ လိုက်ပါသည်။     

သတင်းဆောင်းပါး - မော်စီ၊
ဓာတ်ပုံ - ခန့်မော်ဦး
 

HOT NEWS
January 4,