မှန်ပြောင်းအသုံးပြု ခွဲစိတ်ကုသမှု ပညာရပ် မြန်မာ-ထိုင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခြင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

မှန်ပြောင်းအသုံးပြု ခွဲစိတ်ကုသမှု ပညာရပ် မြန်မာ-ထိုင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခြင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ


Ministry of Information/ ​နေပြည်တော် / May 15, 2019
image_latest


နေပြည်တော် မေ ၁၅

Laparoscopic-Endoscopic Surgery for ASEAN People Project အရမှန်ပြောင်း အသုံးပြုမှု ခွဲစိတ်ကုသမှု မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင် - ၁၀၀၀) ၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုကဲ့သို့ မှန်ပြောင်းအသုံးပြု ခွဲစိတ်ကုသမှု ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်ခြင်းသည် မြန်မာနိုင်ငံ မှန်ပြောင်းအသုံးပြု ခွဲစိတ်ကုသမှု ပညာရပ် ပိုမိုတိုးတက် ဖွံ့ဖြိုးရေးအတွက် အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ပြည်သူ့ကျန်းမာရေး ကဏ္ဍနှင့် ကုသရေးကဏ္ဍ အပါအဝင် ကျန်းမာရေးကဏ္ဍ လုပ်ငန်းများတွင် နှစ်ပေါင်းများစွာ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊

ယခုကဲ့သို့ ပညာရပ်ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ဆေးရုံကြီးများတွင်လည်း ဆောင်ရွက်သွားစေလိုပါကြောင်း၊ တိုးတက်လာမှု နည်းပညာ၊ စက်ကိရိယာ ပစ္စည်းများဖြင့် မှန်ပြောင်းအသုံးပြု ခွဲစိတ်ကုသမှု များသည် သမားရိုးကျ ခွဲစိတ်ကုသမှုများထက် ခွဲစိတ်ကုသမှု ခံယူစဉ် သွေးထွက်နည်းခြင်း၊ ခွဲစိတ်ပြီးနောက် ဆေးရုံ၌နေရသည့် ကာလတိုမှု၊ နာကျင်ခြင်းနှင့် အနာရွတ်ဖြစ်ခြင်း သက်သာမှုစသည့် များစွာသော အကျိုးကျေးဇူးများ ရှိပါကြောင်း၊ ယခုပူးပေါင်း ဆောင်ရွက်မှုတွင် ဆောင်ရွက်မည့် မှန်ပြောင်းအသုံးပြု ခွဲစိတ်ကုသမှုများသည် အဆင့်အတန်းမြင့်မား ကောင်းမွန်ပါကြောင်း၊

ပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်သည့် ထိုင်းနိုင်ငံမှ မှန်ပြောင်းအသုံးပြုခွဲစိတ်မှု အထူးကုဆရာဝန်ကြီးများအဖွဲ့ အနေဖြင့်လည်း မြန်မာနိုင်ငံ၏ မှန်ပြောင်းအသုံးပြုခွဲစိတ်မှု ပညာရပ်ပိုင်းဆိုင်ရာ ပိုမိုတိုးတက်ဖွံ့ဖြိုးရေးအတွက် မဟာဗျူဟာ လုပ်ငန်းစဉ်များ ချမှတ်နိုင်ရန် အကြံပြုချက်များ ပေးအပ်စေလိုပါကြောင်း၊ ယခုကဲ့သို့သော ပူးပေါင်းဆောင်ရွက်မှုများဖြင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရေးကို ပိုမိုတိုးမြှင့် ခိုင်မာအားကောင်းစေမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ထိုင်းနိုင်ငံ Rajavithi ပြည်သူ့ဆေးရုံကြီးမှ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ခေါင်းဆောင် Dr. SaardTreepongkaruna က နှုတ်ခွန်းဆက်စကား ပြောကြားကာ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင် - ၁၀၀၀) မှ ဆေးရုံအုပ်ကြီး ဒေါက်တာပပ က ကျေးဇူးတင်စကား ပြောကြားသည်။

အဆိုပါ မှန်ပြောင်းအသုံးပြု ခွဲစိတ်ကုသမှုပညာရပ် မြန်မာ-ထိုင်း နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ခြင်းတွင် ထိုင်းနိုင်ငံ Rajavithi ဆေးရုံကြီးမှ မှန်ပြောင်းအသုံးပြု ခွဲစိတ်မှု အထူးကုဆရာဝန်ကြီးနှင့် အထူးကုဆရာဝန်ကြီး (၂၄) ဦး၊ သူနာပြု (၃၆) ဦးတို့နှင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင် -၁၀၀၀)၊ နေပြည်တော် သားဖွားနှင့် မီးယပ်အထူးကုဆေးရုံကြီးနှင့် နေပြည်တော် မျက်စိ၊ နား၊ နှာခေါင်း၊ လည်းချောင်းရောဂါ အထူးကုဆေးရုံကြီးတို့မှ အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုများ ပူးပေါင်း၍ မှန်ပြောင်း အသုံးပြု ရောဂါရှာဖွေ စစ်ဆေးခြင်းနှင့် ခွဲစိတ်ကုသခြင်းများ ပြုလုပ်သွားမည်ဖြစ်ပြီး မှန်ပြောင်း အသုံးပြု ခွဲစိတ်ကုသမှုဆိုင်ရာ မေ့ဆေးပညာ၊ သူနာပြုစုမှုပညာနှင့် ခွဲစိတ်မှုပညာဆိုင်ရာ နောက်ဆုံးပေါ် အချက်အလက်များကို မျှဝေဖလှယ်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည့် ပြည်သူလူထုအတွင်း နှလုံးရောဂါနှင့် နှလုံးသွေးကြောရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်း ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် နှလုံးရောဂါနှင့် နှလုံးသွေး ကြောရောဂါ ဖြစ်ပွားမှုများပြားလျက် ရှိသဖြင့် ပြည်သူလူထုအတွင်း အဆိုပါရောဂါများ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများကို အမျိုးသားအဆင့် လုပ်ငန်းအဖြစ် အထူးဦးစားပေး သတ်မှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သွေးတိုးရောဂါနှင့် ဆီးချိုရောဂါများ၏ နောက်ဆက်တွဲ အနေဖြင့်လည်း နှလုံးရောဂါနှင့် နှလုံးသွေးကြောရောဂါ များဖြစ်ပွားနိုင်ပြီး အဆိုပါရောဂါများ ဖြစ်ပွားခံစားရသူများတွင် ဘဝနေထိုင်မှု အရည်အသွေး ကျဆင်းခြင်း၊ ပုံမှန်အလုပ် မလုပ်နိုင်သဖြင့် ဝင်ငွေလျော့နည်း ခြင်းနှင့် သက်တမ်းမစေ့မီ သေဆုံးခြင်းတို့အပြင် နိုင်ငံတော်အတွက် ကာယစွမ်းအားနှင့် ဉာဏစွမ်းအားများ ဆုံးရှုံးရခြင်းတို့ ဖြစ်ပွားနိုင်ပါ ကြောင်း၊

နှလုံးရောဂါနှင့် နှလုံးသွေးကြောရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများကို အမျိုးသားအဆင့် သတ်မှတ် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဘက်စုံရှုထောင့်မှ ဝိုင်းဝန်းဆောင်ရွက် သွားကြပါရန်နှင့် ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့် ဘဏ္ဍာငွေအပါအဝင် ပံ့ပိုးမှုများ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ နှလုံးဆေးကုဌာနမှ ပါမောက္ခ/ ဌာနမှူး ပါမောက္ခ ဒေါက်တာနွယ်နွယ်က ပြည်သူလူထု အတွင်းနှလုံးရောဂါနှင့် နှလုံးသွေးကြော ရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းအတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ၊

မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး၊ ဆီးချိုသွေးချိုနှင့် ဟော်မုန်းရောဂါကုဌာနမှ ပါမောက္ခ/ ဌာနမှူးပါမောက္ခ ဒေါက်တာကိုကိုက ပြည်သူလူထုအတွင်း နှလုံးသွေးကြောရောဂါ ကာကွယ်ရေးအတွက် လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေး ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်ကံကောင်းက ဆီးချိုနှင့်သွေးတိုးရောဂါ စစ်ဆေးကုသမှု ဆေးပေးခန်းများ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများက အသေးစိတ် ဆွေးနွေးအကြံပြုမှုများ ဆောင်ရွက်ခဲ့ကြသည်။

(သတင်းစဉ်)

HOT NEWS
January 4,