ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ဇီဝထင်းလောင်စာသစ်မျိုး သုတေသန စမ်းသပ်စိုက်ခင်း (၃၉)ဧက စခန်းအား ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ဇီဝထင်းလောင်စာသစ်မျိုး သုတေသန စမ်းသပ်စိုက်ခင်း (၃၉)ဧက စခန်းအား ကြည့်ရှုစစ်ဆေး


Ministry of Information/ ​နေပြည်တော် / June 17, 2019


နေပြည်တော် ဇွန် ၁၆

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်း (၁၆) ရပ်ကွက်၊ မောင်းမကန် ကမ်းသာလမ်းဘေးရှိ သစ်တောဦးစီးဌာန၏ ဇီဝထင်းလောင်စာသစ်မျိုး သုတေသန စမ်းသပ်စိုက်ခင်း (၃၉)ဧကစခန်းသို့ ရောက်ရှိရာ တာဝန်ရှိသူများက သုတေသန စမ်းသပ်စိုက်ပျိုးမှုများကို ရှင်းလင်း တင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဇီဝထင်းလောင်စာအတွက် သုတေသနပြု စမ်းသပ် စိုက်ပျိုးထားသည့် သစ်မျိုးစိတ်များ၊ ပန္နက်အကွာအဝေးနှင့် စိုက်ပျိုးသည့် နည်းစနစ်များအား လှည့်လည် ကြည့်ရှု့စစ်ဆေးခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဒဂုံမြို့သစ်မြောက်ပိုင်း၊ (၃၆)ရပ်ကွက်၊ ပင်လုံလမ်း၊ အမှတ်(၆၇၄)ရှိ သစ်အခြေခံစက်မှု နည်းပညာသင်တန်းကျောင်း (Wood Based Technology Training Center) သို့ ရောက်ရှိရာ မြန်မာ့သစ်လုပ်ငန်းနှင့် မြန်မာနိုင်ငံ သစ်တော ထွက်ပစ္စည်းနှင့် သစ်လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများက သင်တန်းကျောင်း စတင်ဖွင့်လှစ်ခဲ့သည့် ရည်ရွယ်ချက်၊ ၂၀၀၅ခုနှစ်မှ လက်ရှိအချိန်အထိ ဖွင့်လှစ်ပို့ချခဲ့သည့် သင်တန်း အမျိုးအစားများနှင့် လုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၁၅)ရပ်ကွက် အတွင်း၊ အုတ်ကျင်းအမှတ် (၈)သစ်စက်အနီးရှိ မြန်မာ့သစ်လုပ်ငန်းလေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၃)သို့ ရောက်ရှိရာ တာဝန်ရှိသူများက သင်တန်းခန်းမအတွင်းမြန်မာ့ သစ်လုပ်ငန်း လက်အောက်ဌာန အသီးသီးရှိ အရာထမ်း/အမှုထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပို့ချနိုင်မှုများကို ရှင်းလင်း တင်ပြကြသည်။ ရှင်းလင်း တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ပြီးသင် တန်းကျောင်းအတွင် လှည့်လည် စစ်ဆေးကြည့်ရှုသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် လှိုင်မြို့နယ်၊ အုတ်ကျင်းအမှတ်(၈) သစ်စက် သို့ရောက်ရှိခဲ့ရာ စက်ရုံအစည်းအဝေးခန်းမတွင် တာဝန်ရှိသူများက စက်ရုံအတွင်း လုပ်ငန်း လည်ပတ်ဆောင်ရွက်နေမှု နှင့် ဝန်ထမ်းတာဝန်ပေး ခန့်အပ်ထားမှုများ၊ မီးဘေးအန္တရာယ် ကာကွယ်ရေး စီမံဆောင်ရွက်ထားရှိမှုများ၊ ကုန်ကြမ်းသစ်လုံး လက်ခံရရှိမှု၊ သစ်ခွဲသားများ ခွဲစိတ်ထုတ်လုပ်နိုင်မှု၊ ဝင်ငွေနှင့် အသုံးစရိတ်များကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းဖြစ်သည့်အား လျော်စွာ စီးပွားရေးအရ အောင်မြင်အောင် ဆောင်ရွက်ရန် အရေးကြီးကြောင်း၊ ကုန်ကြမ်း နည်းနည်းဖြင့် ဝင်ငွေများများ ရရှိရန်အတွက် ဆောင်ရွက်ရာတွင် စက်ပစ္စည်းများ၏ အရည်အသွေးအပြင် ဝန်ထမ်းများ၏ စီမံအုပ်ချုပ်၊ ကြီးကြပ်ညွှန်ကြားမှု သည်အရေးကြီး ပါကြောင်း၊ လုပ်ငန်းခွင် မတော်တဆဘေး အန္တရာယ်မဖြစ်စေရေး လိုအပ်သော အထောက်အကူပြုပစ္စည်းများ၊ လုပ်ထုံးလုပ်နည်းများ ပြည့်ပြည့်ဝဝ ပံ့ပိုးညွှန်ကြားပေးရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများ ညီညွှတ်မှုရှိရန်နှင့် တင်ပြချက် များရှိပါက ပွင့်လင်းမြင်သာစွာ ရှင်းလင်းအသိပေးရန် လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး သစ်လုံးများ ခွဲစိတ်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။ 

(သတင်းစဉ်)

HOT NEWS
January 4,