ဖျာပုံမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအဆင့်တိုးမြှင့်ခြင်း အခမ်းအနား ကျင်းပ

ဖျာပုံမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအဆင့်တိုးမြှင့်ခြင်း အခမ်းအနား ကျင်းပ


Ministry of Information/ ​နေပြည်တော် / June 24, 2019
image_latest


ရန်ကုန် ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအဆင့် တိုးမြှင့်ခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် အဆိုပါ ကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဆွေနှင့် တာဝန်ရှိသူများက ကျောင်းအဆင့်တိုးမြှင့်ခြင်း အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ကျောင်းဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ကြသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီး ဌာနအနေဖြင့် ယခုပညာသင်နှစ်တွင် သတ်မှတ်ကျောင်းသားဦးရေပြည့်မီခြင်း သို့မဟုတ် တစ်ဆင့်မြင့်ကျောင်းနှင့် သွားလာရေးအဆင်ပြေသည့် မြေပြန့်ဒေသတွင် ကွာဝေးသည့်ခရီးမိုင်(၃)မိုင် သို့မဟုတ် သွားလာရေး ခက်ခဲသည့် မြစ်၊ ချောင်းများနှင့် တောင်တန်း ဒေသတွင် ခရီးမိုင်(၂)မိုင် အကွာအဝေး သတ်မှတ်ချက်နှင့် ကိုက်ညီပြီး တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ခံချက်ဖြင့် ဧရာဝတီတိုင်းဒေသကြီး အတွက် ကျောင်း(၅၂၅) ကျောင်း တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ပြီး ဖျာပုံမြို့နယ်တွင် ကျောင်း (၁ဝဝ) ကို ကျောင်းအဆင့်တိုးမြှင့်ပေးခဲ့ပါကြောင်း။

ဖျာပုံမြို့နယ်အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် ရာခိုင်နှုန်း ကောင်းမွန်သည့်အတွက် မှတ်တမ်းတင်ရှိပါကြောင်း၊ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆို အောင်မြင်ရန်အတွက် အခြေခံကျသည့် အချက်များမှာ ကျောင်းသား ကျောင်းသူများ အနေဖြင့် ဘာသာတွဲရွေးချယ်မှု မှန်ကန်ရန်လိုပါကြောင်း၊ ဆရာ ဆရာမ များ၏အထူးပြုဘွဲ့နှင့် သင်ကြားပို့ချသည့် ဘာသာရပ်ကိုက်ညီပြီး ဘာသာရပ်အရည် အသွေး ပြည့်ဝ၍ သင်ကြားသင်ယူမှု နည်းလမ်းကောင်းမွန်ရန် အဓိကအရေးကြီးပါ ကြောင်း၊ အထက်တန်းသိပ္ပံဘာသာတွဲကိုလည်း အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံဘာသာ များတွင် ထူးချွန်ကြသည့် ကျောင်းသားကျောင်းသူများကသာ ဝါသနာပါရှိ ပါကသင်ယူ သင့်ပြီး အလယ်တန်းသင်ယူ ပြီးမြောက်သည့်အခါတွင် ဘီ၊ စီနှင့် အောင်မြင်သူများ အနေဖြင့် ဝိဇ္ဇာဘာသာတွဲနှင့် သိပ္ပံ ပေါင်းစပ်ထားသည့် ဘာသာတွဲတစ်ခုခုကိုသာ ရွေးချယ်သင်ယူသင့်ပါကြောင်း။

မိဘများအနေဖြင့် မိမိတို့၏သားသမီးများကို အပြန်အလှန် နားလည်ကူညီ တတ်စေရန်၊ ပူးပေါင်း ဆောင်ရွက်တတ်စေရန်၊ သန့်ရှင်းရေးလုပ်ငန်း ပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့် ကောင်းများရရှိစေရန် ပူးပေါင်းပါဝင် ဆောင်ရွက်ကြပြီး ကျောင်းတော်ကြီးမှ ထူးချွန်ထက်မြက်သော ကျောင်းသား ကျောင်းသူများ မွေးထုတ်နိုင်ရေးအတွက် သက်ဆိုင်ရာ ဒေသအစိုးရ အဖွဲ့များ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ မိဘအုပ်ထိန်းသူ၊ ပြည်သူများနှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးစေ လိုပါကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေက မုဒိတာစကား ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများကို ကျောင်းအုပ် ဆရာမကြီး ဒေါ်ကြူကြူဝင်း က ကျောင်းအထိမ်းအမှတ်အလံများပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ဖျာပုံမြို့နယ်အတွင်း ရှိ လိုအပ်ချက်ရှိသော ကျောင်းများမှ ကျောင်းသားကျောင်းသူများအတွက် ကျောပိုး အိတ်နှင့် စာရေးကိရိယာများကို ပေးအပ်လှူဒါန်းရာ မြို့နယ်ပညာရေးမှူးက လက်ခံ ရယူသည်။

ယင်းနောက် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းမှ မိဘဆရာအသင်း နာယက ဦးမျိုးမြင့်က မိဘဆရာအသင်း၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ် ဆရာမကြီး ဒေါ်ကြူကြူဝင်းက ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမ၌ ကျင်းပပြုလုပ်သည့် ဖျာပုံမြို့နယ်အတွင်းရှိ မြို့နယ်ပညာရေးမှူးများ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ် ဆရာ ဆရာမများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် တို့က အမှာစကား ပြောကြားကြသည်။

ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများက ပညာရေး ကဏ္ဍနှင့်စပ်လျဉ်း၍ သိရှိလိုသည်များနှင့် တင်ပြချက်များကို ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

HOT NEWS
January 4,