နေပြည်တော်ရှိ သတင်းစာတိုက်များနှင့် နေပြည်တော် ပုံနှိပ်စက်ရုံဝန်ထမ်းများအား လူမှုဖူလုံရေး ရွေ့လျားဆေးကုသယာဉ်ဖြင့် ကွင်းဆင်းဆေးကုသ

နေပြည်တော်ရှိ သတင်းစာတိုက်များနှင့် နေပြည်တော် ပုံနှိပ်စက်ရုံဝန်ထမ်းများအား လူမှုဖူလုံရေး ရွေ့လျားဆေးကုသယာဉ်ဖြင့် ကွင်းဆင်းဆေးကုသ


Ministry of Information/ ​နေပြည်တော် / June 26, 2019
image_latest


နေပြည်တော် ဇွန် ၂၅

နေပြည်တော် ဇေယျာသီရိမြို့နယ် ခရေပင်လမ်းခွဲရှိ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းမှ သတင်း စာတိုက်များနှင့် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန နေပြည်တော် ပုံနှိပ်စက်ရုံမှ ဝန်ထမ်းများအား ယနေ့တွင် လူမှုဖူလုံရေး အကျိုးခံစားခွင့်အနေဖြင့် ရွေ့လျားဆေးကုသယာဉ်ဖြင့် ကွင်းဆင်းဆေးကုသ ပေးသည်။

အဆိုပါ လူမှုဖူလုံရေးရွေ့လျား ဆေးကုသယာဉ်ဖြင့် ဆေးကုသမှု ဆောင်ရွက်ရာတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့နှင့် သုခမင်္ဂလာဆေးခန်းတို့ ပူးပေါင်း၍ နံနက် ၈ နာရီခွဲမှ ညနေပိုင်းအထိ မြန်မာ့အလင်း၊ ကြေးမုံ၊ နေပြည်တော်သတင်းစာတိုက် များနှင့် နေပြည်တော်ပုံနှိပ်စက်ရုံမှ လူမှုဖူလုံရေး အာမခံထားသူ ဝန်ထမ်း ၁၇၈ ဦးတို့ကို ကျန်းမာရေး စစ်ဆေးခြင်းနှင့် လိုအပ်သော ဆေးဝါးကုသမှုများ၊ ကျန်းမာရေး အသိပညာပေးမှုများ ဆောင်ရွက် ပေးသည်။

''အခုလို လူမှုဖူလုံရေးအဖွဲ့ရဲ့ အစီအစဉ်နဲ့ ကျွန်တော်တို့ရုံးအထိ လာရောက်ပြီးတော့ ကျန်းမာရေး စစ်ဆေးပေးတာ။ ဆေးဝါးကုသပေးတာ အလွန်ကောင်းပါတယ်။ အခုလိုမျိုး ရွေ့လျား ဆေးကုသ ယာဉ်နဲ့ ခြောက်လတစ်ကြိမ်လောက်လာပြီး ကျန်းမာရေးစစ်ဆေး ပေးစေချင်ပါတယ်''ဟု ကျန်းမာရေး စစ်ဆေးမှုခံယူသူ ဝန်ထမ်းတစ်ဦးက ပြောသည်။

၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေအရ ကျန်းမာရေးနှင့် လူမှုရေး စောင့်ရှောက်မှု အာမခံစနစ်၊ မိသားစု ထောက်ပံ့မှုအာမခံစနစ်၊ အလုပ်လုပ်ကိုင် နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့် အငြိမ်းစား အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူ အကျိုးခံစားခွင့် အာမခံစနစ်၊ အလုပ်လက်မဲ့ အကျိုးခံစားခွင့် အာမခံစနစ်၊ အခြားလူမှုဖူလုံရေးစနစ်နှင့် အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ်တို့ ပါဝင်ပြီး ယခုလက်ရှိတွင် ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်နှင့် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ်နှစ်ခုကို အဓိကကျင့်သုံးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဥပဒေအရ အလုပ်သမားများနှင့် အများပြည်သူအားလုံး အာမခံထားခွင့်ရှိသည်။ အာမခံ ထားသူများကိုလည်း အခမဲ့ဆေးကုသမှုပေးခြင်း၊ မကျန်းမာမှု၊ မီးဖွားမှု၊ သေဆုံးမှု ၊ အလုပ်တွင် ထိခိုက်မှုတို့အတွက် ငွေကြေးအကျိုး ခံစားခွင့်ပြုခြင်း၊ ထို့ပြင် အငြိမ်းစားယူပြီးနောက် ဆေးဝါးကုသမှု ဆက်လက်ခံယူခွင့်၊ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်၊ ကျန်ရစ်သူ အကျိုးခံစားခွင့်၊ အလုပ်လက်မဲ့ အကျိုးခံစားခွင့်၊ အိမ်ရာနေထိုင်ခွင့်နှင့် ပိုင်ဆိုင်ခွင့်များ ရရှိစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ဇင်ဦး(မြန်မာ့အလင်း)
ဓာတ်ပုံ - သီဟစည်သူ
 

HOT NEWS
January 4,