ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သီလဝါအထူးစီးပွားရေးဇုန်၊ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီရုံးချုပ် (ယာယီ)၊ ရေအရင်းအမြစ်နှင့် ရေဘက်စုံ စီမံခန့်ခွဲမှုစင်တာ ဆောက်လုပ်မည့် နေရာတို့အား သွားရောက်ကြည့်ရှုစစ်ဆေး

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သီလဝါအထူးစီးပွားရေးဇုန်၊ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီရုံးချုပ် (ယာယီ)၊ ရေအရင်းအမြစ်နှင့် ရေဘက်စုံ စီမံခန့်ခွဲမှုစင်တာ ဆောက်လုပ်မည့် နေရာတို့အား သွားရောက်ကြည့်ရှုစစ်ဆေး


Ministry of Information/ ​နေပြည်တော် / July 18, 2019
image_latest


ရန်ကုန် ဇူလိုင် ၁၈

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့တွင် သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်းတွင် လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ၊ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ ရုံးချုပ်(ယာယီ)နှင့် ရေအရင်းအမြစ်နှင့် ရေဘက်စုံ စီမံခန့်ခွဲမှုစင်တာ ဆောက်လုပ်မည့် နေရာတို့အား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အထူးစီးပွားရေးဇုန် ဗဟိုလုပ်ငန်း အဖွဲ့ဥက္ကဋ္ဌ ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးတို့နှင့်အတူ ယနေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းတွင် လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ဒုတိယသမ္မတအား သီလဝါအထူးစီးပွားရေးဇုန် ရှင်းလင်းဆောင်၌ အထူးစီးပွားရေးဇုန် ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က အထူးစီးပွားရေးဇုန် စီမံကိန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ သီလဝါအထူးစီပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဆက်အောင်၊ Myanmar Japan Thilawa Development Limited President / CEO Mr.Tomoyasu Shimizu နှင့် Myanmar Japan Thilawa SEZ Holdings Public Co., Ltd.(MTSH) မှ ဥက္ကဋ္ဌ ဦးဝင်းအောင်တို့က သီလဝါ အထူးစီးပွားရေးဇုန်အတွင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဖွံ့ဖြိုးတိုးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက သီလဝါအထူးစီးပွားရေးဇုန်၏ အစီရင်ခံစာကို လေ့လာ ကြည့်ရာတွင် အောင်မြင်မှု၊ တိုးတက်မှုများရရှိကာ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသည်ကို တွေ့ရပါကြောင်း၊ သီလဝါ အထူးစီးပွားရေးဇုန်၏ အောင်မြင်မှုသည် နိုင်ငံစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက်သာမကဘဲ နိုင်ငံ၏ ပုံရိပ်ကိုပါ ဖော်ဆောင်နေခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော် ဆောင်ရွက်နေကြသည့် တာဝန်ရှိသူများအနေဖြင့် ဆထက်ထမ်းပိုးတိုး၍ ပိုမိုလုပ်ဆောင်ကြရန် ပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းပေးသည်။

ယင်းနောက် ဒုတိယသမ္မတသည် သီလဝါအထူး စီးပွားရေးဇုန်(အေ)အတွင်းရှိ Zifam Pyrex Myanmar Co.,Ltd ၏ ဆေးဝါးထုတ်လုပ်ခြင်းလုပ်ငန်း ၊ Suzuki Thilawa Motor Co.,Ltd ၏ မော်တော်ကား တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်း ၊ Yakult Myanmar Co.,Ltd ၏ နို့ဒိန်ချဉ် ထုတ်လုပ်ခြင်းလုပ်ငန်း ၊ Boxpak (Myanmar) Co.,Ltd ၏ ကတ်ထူပုံးခွံ ထုတ်လုပ်ခြင်း လုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

Zifam Pyrex Myanmar Co.,Ltd ၏ ဆေးဝါးထုတ်လုပ်ခြင်းလုပ်ငန်းသည် Australia နိုင်ငံမှ လာရောက် ရင်းနှီးမြှုပ်နှံခြင်း ဖြစ်ကာ လက်ရှိတွင် စုစုပေါင်း လုပ်သားအင်အား (၁၀၂) ဦး ၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၉ ဒသမ ၂၂ သန်းဖြင့် antibiotics ဆေးဝါးများ စတင်ထုတ်လုပ်လျက်ရှိပြီး မကြာမီ ပြည်တွင်း ဈေးကွက်သို့ ဖြန့်ဖြူးရောင်းချ သွားမည်ဖြစ်သည်။

Suzuki Thilawa Motor Co.,Ltd ၏ မော်တော်ကားတပ်ဆင် ထုတ်လုပ်ခြင်းလုပ်ငန်းသည် Japan နိုင်ငံမှလာရောက် ရင်းနှီးမြှုပ်နှံခြင်းဖြစ်ကာ လက်ရှိတွင် စုစုပေါင်းလုပ်သားအင်အား (၂၆၀) ၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃၅ သန်းဖြင့် တစ်ရက်လျှင် မော်တော်ကား ၄၈ စီး တပ်ဆင်ထုတ်လုပ်လျက်ရှိပြီး ပြည်တွင်းဈေးကွက်သို့ ဖြန့်ဖြူးရောင်းချ လျက်ရှိသည်။

Yakult Myanmar Co.,Ltd ၏ နို့ဒိန်ချဉ် ထုတ်လုပ်ခြင်းလုပ်ငန်းသည် Japan နိုင်ငံမှ လာရောက် ရင်းနှီးမြှုပ်နှံခြင်းဖြစ်ကာ လက်ရှိတွင် စုစုပေါင်းလုပ်သားအင်အား (၂၁) ဦး ၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၄၇ဒသမ ၉၅ သန်းဖြင့် ကျန်းမာရေး နို့ဒိန်ချဉ်များ စတင်ထုတ်လုပ်ပြီး မကြာမီ ပြည်တွင်းသို့ဖြန့်ဖြူး ရောင်းချရန် စီစဉ်လျက်ရှိသည်။

Boxpak (Myanmar) Co.,Ltd ၏ ကတ်ထူပုံးခွံ ထုတ်လုပ်ခြင်းလုပ်ငန်းသည် Malaysia နိုင်ငံမှ လာရောက် ရင်းနှီးမြှုပ်နှံခြင်းဖြစ်ကာ လက်ရှိတွင် စုစုပေါင်းလုပ်သား အင်အား (၁၄၆) ဦး ၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃၁ သန်းဖြင့် ကတ်ထူပုံးခွံများ စတင်ထုတ်လုပ်လျက်ရှိပြီး ပြည်တွင်းစားသောက်ကုန် လုပ်ငန်းများကို ဖြန့်ဖြူးရောင်းချ လျက်ရှိသည်။

သီလဝါ အထူးစီးပွားရေးဇုန်၌ လက်ရှိတွင် နိုင်ငံပေါင်း (၁၉) နိုင်ငံမှ လုပ်ငန်းပေါင်း (၁၁၂) ခုကို လုပ်ကိုင်ခွင့်ပြုထားပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ ရင်းနှီးမြှုပ်နှံဆောင်ရွက်လျက်ရှိသည်။ အဆိုပါ လုပ်ငန်းများအနက် လုပ်ငန်း (၇၄) ခုမှာ စီးပွားဖြစ်လည်ပတ်လျက်ရှိပြီး လုပ်ငန်း (၁၈) ခုမှာ ပြည်ပသို့ တင်ပို့ခြင်းများ စတင်နေပြီဖြစ်သည်။ သီလဝါအထူးစီးပွားရေးဇုန်တွင် အမြဲတမ်း လုပ်သားနှင့် ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူ များအပါအဝင် စုစုပေါင်း လုပ်သား (၂၀၀၀၀) ကျော် အလုပ်လုပ်ကိုင်လျက်ရှိကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှသိရသည်။

ထိုမှတစ်ဆင့် အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ Park Lane Condominium တွင်ဖွင့်လှစ်ထားသည့် အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီရုံးချုပ် (ယာယီ) သို့သွားရောက်ကြည့်ရှုသည်။

ကော်မတီရုံးချုပ် (ယာယီ) အကြံပေးအဖွဲ့ရုံးခန်းတွင် အမျိုးသားအဆင့်ရေအရင်းအမြစ် ကော်မတီတွဲဖက်အတွင်းရေးမှူး ဦးဝင်းလှိုင်နှင့် အကြံပေးအတွင်းရေးမှူး ဒေါက်တာခင်နီနီသိန်းတို့က လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း အခြေအနေများ၊ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီရုံးချုပ်နှင့် ရေအရင်းအမြစ်နှင့် ရေဘက်စုံ စီမံခန့်ခွဲမှုစင်တာ အဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်း အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတက စီမံကိန်းအား သတ်မှတ်ကာလ အတွင်းပြီးစီးအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားပြီး လိုအပ်သည့် အခြေအနေများကို ပေါင်းစပ်ညှိနှိုင်းပေးသည်။

ထို့နောက် ဒုတိယသမ္မတသည် အမျိုးသားအဆင့်ရေအရင်းအမြစ် ကော်မတီရုံးခန်းများကို လှည့်လည်ကြည့်ရှုကာ ပဥ္စမအကြိမ်မြောက် လူငယ်ပညာရှင်များ ပြုစုပျိုးထောင်ရေးသင်တန်း (Younr Water Professional Programme (YWP-5th Batch) သင်တန်းခန်းမသို့ ရောက်ရှိပြီး Myanmar Water Academy ၏ ပထမအကြိမ် သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့သည်။

ညနေပိုင်းတွင် ဒုတိယသမ္မတသည် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ပြည်ထောင်စုကျောင်းလမ်းရှိ ရေအရင်းအမြစ်နှင့် ရေဘက်စုံစီမံခန့်ခွဲမှုစင်တာ ဆောက်လုပ်မည့် နေရာအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

(သတင်းစဉ်)

HOT NEWS
January 4,