ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်း အဝေး သတ္တမနေ့ကျင်းပ

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်း အဝေး သတ္တမနေ့ကျင်းပ


Ministry of Information/ ​နေပြည်တော် / August 01, 2019
image_latest


နေပြည်တော် ဩဂုတ် ၁

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် များက ဆွေးနွေးကြသည်။
လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုမစတင်မီပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ပြင်ဆင်ရေးပူးပေါင်း ကော်မတီ၏ အစီရင်ခံစာအပေါ် ဆွေးနွေးရန်ကျန်ရှိသည့် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေး ခြင်း အစီအစဉ်ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အစီရင်ခံစာအပေါ် ပြီးခဲ့သည့် လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးသွားကြသည့် လွှတ်တော် ကိုယ်စားလှယ်အချို့၏ ဆွေးနွေးချက်များသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်စေသည့် မသင့်တော်သော အသုံးအနှုန်းများဖြင့် လွတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများကို ကျော်လွန်၍ ဆွေးနွေးကြသည့် အတွက် ယင်းအသုံးအနှုန်းများကို လွှတ်တော်မှတ်တမ်းတွင် ပယ်ဖျက်ခဲ့ရပါကြောင်း။
ထို့ပြင် အစီရင်ခံစာပါအကြောင်းအရာများ၊ အကြံပြုချက်များ၊ သုံးသပ်တင်ပြချက်များ အပေါ်တွင်သာ ဆွေးနွေးကြရန် အသိပေးမှာကြားခဲ့သော်လည်း ဆွေးနွေးကြသည့်အခါ ဥပဒေ ကြမ်းတစ်ရပ်အပေါ် ဆွေးနွေးသကဲ့သို့ ပြင်ဆင်ရန် အကြံပြုချက်များကိုပါဖော်ပြပြီး ဆွေးနွေး ကြသည်ကို တွေ့ရပါကြောင်း၊ သို့ဖြစ်၍ယနေ့တွင် ဆွေးနွေးကြမည့် လွှတ်တော်ကိုယ်စား လှယ်များအနေဖြင့် အစီရင်ခံစာပါ အကြောင်းအရာများကို ဆွေးနွေးကြရန်နှင့် ဌာန၊ အဖွဲ့ အစည်းတစ်ခုခု၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ တိုင်းရင်းသားလူမျိုးစုတစ်ခုခုကို ထိခိုက်နစ်နာစေမည့် ဆွေးနွေးချက်များကို ထည့်သွင်းဆွေးနွေးခြင်း မပြုကြရန်နှင့် လွှတ်တော်၏ ဂုဏ်သိက္ခာ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာတို့နှင့် လျော်ညီ စွာ ဆွေးနွေးသွားရန် ထပ်မံအသိ ပေးမှာကြားလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
မိုင်းပျဉ်းမဲဆန္ဒနယ်မှ ဦးစိုင်းထွန်းစိန် က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို မိမိတို့ မကန့်ကွက် ပါကြောင်း၊ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားအတွက် ပြင်ဆင်သင့်သည့်အချက် များကို ပြင်သင့် သည့် အချိန်ကာလတွင် ပြင်ဆင်ရန်သဘောထားရှိပြီးဖြစ်ပါကြောင်း၊ သို့သော် လည်း ဥပဒေနှင့်အညီ ဖြစ်စေရန် ဂရုပြုရမည်ဖြစ်ပါကြောင်း၊ မိမိတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၅ ပါ ဇယားနှင့်အညီ ကတိသစ္စာပြုထားကြသူများ ဖြစ်ပါကြောင်း၊ ယင်းကတိသစ္စာကို မိမိတို့ အားလုံး လိုက်နာရန် လိုအပ်မ ည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
ကယားပြည်နယ်မဲဆန္ဒနယ်အမှတ် (၉)မှ ဦးစိုးသိန်းက ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်မည်၊ ပယ်ဖျက်မည်၊ ဖြည့်စွက်မည်ဆိုပါက လေးလေးနက်နက် ကျယ်ကျယ်ပြန့်ပြန့် အချိန်ယူဆောင်ရွက်ရန် လိုပါကြောင်း၊ (၄၅)ဦး ကော်မတီ၏ ပြင်ဆင်ချက် ၃၇၆၅ ချက်ကို မည်ကဲ့သို့သော မူ၊ Criteria များဖြင့် ဦးစားပေးရွေးချယ်မည်ကို သိလိုပါကြောင်း၊ ထို့အတူ ပြင်သင့်သည်မှန်သော်လည်း လုပ်ချင်သည်၊ လုပ်သင့်သည်၊ လုပ်နိုင်သည်များကို ညှိနှိုင်း ဆောင်ရွက်ပါက ပို၍အဆင်ပြေမည်ဟု ယူဆပါကြောင်း၊ ယခု (၄၅)ဦး ကော်မတီဝင်များ အားလုံးသည် ဥပဒေပညာရှင်များ မဟုတ်ပါကြောင်း၊ အကြံပြုလို သည်မှာ တစ်အုပ်လုံး အသစ်ရေးဆွဲသကဲ့သို့ တွေ့ရသည့်အတွက် ပြည်သူအားလုံးနှင့်ဆိုင်သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေအသစ်ရေးဆွဲရေး ကော်မရှင် တစ်ရပ်ကို ဥပဒေပညာရှင်များ၊ သမိုင်း ပညာရှင်များ၊ တတ်သိပညာရှင်များ၊ တိုင်းရင်းသား ၁၃၅ မျိုးကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီကိုယ်စား လှယ်များ၊ နိုင်ငံဝန်ထမ်းကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးဆောင်ရွက်နေသော လက်နက်ကိုင် အဖွဲ့ အစည်းကိုယ်စားလှယ်များ၊ ဖိတ်ကြားသင့်သည့် ကိုယ်စားလှယ်များ၊ တောင်သူလယ်သမား၊ အလုပ် သမား ကိုယ်စားလှယ်များနှင့် လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့များဖြင့် ဆောင်ရွက်သင့်ပါ ကြောင်း နှင့် အစီရင်ခံစာပါ အပိုဒ် ၂၃ ကို ကန့်ကွက်ပါကြောင်း ဆွေးနွေးသည်။
မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်းက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ဆန္ဒရှိခြင်းသည် ဒီမိုကရေစီကို မြတ်နိုးပြီး ဖက်ဒရယ်စနစ်ကို ယုံကြည်ခြင်းဖြစ်ပါကြောင်း၊ ပြည်သူကိုသစ္စာရှိခြင်း လည်းဖြစ်ပါကြောင်း၊ ဖြစ်ချင်သည်၊ ဖြစ်သင့်သည်၊ ဖြစ်နိုင်သည်များကို လုပ်ပိုင်ခွင့်ရှိသည့်သူများက ညှိနှိုင်းအဖြေရှာရမည်ဖြစ်ပါကြောင်း၊ မိမိတို့ ဆွေးနွေးကြသည့် အခါ တွင် ပညာရှိသတိဖြစ်ခဲဆိုသကဲ့သို့ မီးလောင်ရာလေပင့် မဖြစ်ရလေအောင်၊ အလဟသ အဖြစ်မျိုးမကြုံရလေအောင် သတိပေးတိုက်တွန်း လိုပါကြောင်း ဆွေးနွေးသည်။
လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်) အခန်း(၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း ပုဒ်မ ၄၃၄တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းရမည်ဖြစ်ပါကြောင်း ၊ ပုဒ်မ ၄၃၃ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ပြင်ဆင်လိုပါက သတ်မှတ် ထားသော နည်းလမ်းအတိုင်းဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိ ချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာတွင် ရှင်းရှင်းလင်းလင်းမရှိပါသဖြင့် ဆက်လက်ဆောင်ရွက် ရန် မသင့်ပါကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း(၁၂)အတိုင်း ပြင်ဆင်သင့်ပါကြောင်း အကြံပြု ဆွေးနွေးသည်။
တာမွေမဲဆန္ဒနယ် မှ ဦးတိုးဝင်းက ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကိုလေ့လာသည့်အခါ ၂၀၀၈ ခုနှစ် အခြေခံဥပဒေတွင်ပါရှိသည့် ပုဒ်မ၊ ပုဒ်မခွဲများကို လေ့လာသုံးသပ်ဆင်ခြင်ကြပြီး ပြင်ဆင်ရန်၊ အသစ် ဖြည့်စွက်ရန် ၊ ပယ်ဖျက်ရန်၊ မူလအတိုင်းထားရှိရန် စသည်ဖြင့် လွတ်လပ်စွာ မီးမောင်းထိုးပြ အကြံပြု ခဲ့သည်ကိုတွေ့ရပါကြောင်း၊ပူးပေါင်းကော်မတီတွင် ပါဝင်အကြံပြုဆွေးနွေး ကြသည့် ကိုယ်စားလှယ်များ သည် မြန်မာပြည် တစ်နံတစ်လျားတွင်ရှိကြသည့် တိုင်းရင်းသား မိဘပြည်သူများမှ ရွေးချယ်တင် မြှောက်ထားသည့် နိုင်ငံရေးပါတီ ၁၄ ခုမှ ကိုယ်စားပြု ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် များဖြစ်ကြသဖြင့် ဤအစီရင်ခံစာသည်လည်း ပြည်သူ့ကိုယ်စားပြုအစီရင်ခံစာ ဖြစ်ကြောင်း ကို မည်သူမျှငြင်းပယ်၍မရအောင် ထင်ရှား ပါကြောင်း။
မိမိတို့အားလုံးသည် အခြေခံဥပဒေပြင်ဆင်ရေးကြိုးပမ်းရာတွင် မိမိတို့အပါအဝင် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၊ သားစဉ်မြေးဆက်များ၏ နောင်အနာဂတ်အရေး ယခုထက် ပိုမိုထွန်းလင်းတောက်ပလာ နိုင်ရန် မျှော်ကိုးပြီး မိမိတို့၏ ဆောင်ရွက်ချက်များကို တာဝန်အရ၊ ဝတ္တရားအရဆိုသည်ထက် ဖြူစင် သောမေတ္တာ၊ နိုင်ငံသူနိုင်ငံသားများအပေါ်ထားရှိသည့် သစ္စာ တရားတို့ကို မမှိတ်မသုန် အရင်းတည် ကာ ဖြစ်ချင်သည်၊ ဖြစ်နေသည်၊ ဖြစ်သင့်သည်တို့ကို အရင်းတည်ပြီး စစ်မှန်သော ပါတီစုံဒီမိုကရေစီ စနစ်မှသည် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးဆီသို့ အရောက်လှမ်းနိုင်စေရေးငှာ စည်းလုံးခြင်း သည် ချမ်းသာကြောင်းဆိုသည့် ဆောင်ပုဒ်နှင့် အညီ စုပေါင်းအင်အားဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီ အစီရင်ခံစာနှင့် လုပ်ငန်းစဉ်များကို ထောက်ခံအားပေးကြ ရန် မေတ္တာရပ်ခံပါကြောင်း ဆွေးနွေး သည်။
လဟယ်မဲဆန္ဒနယ်မှ ဦးသက်နောင်ကပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို လေ့လာကြည့် သည့်အခါ ပြည်ထောင်စုလွှတ်တော်အတွင်းတွင် ရှိကြသည့် နိုင်ငံရေးပါတီများ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များ နှင့် တပ်မတော်သား အစုအဖွဲ့ကိုယ်စားလှယ်များ၏ ပြင်ဆင်ရန် ၊အသစ် ဖြည့်စွက်ရန်၊ ပယ်ဖျက်ရန်နှင့် မူလအတိုင်းထားရှိရန် သဘောထားမှတ်ချက် စသည်ဖြင့် ဖော်ပြထားသည်ကို ပုဒ်မတစ်ခုချင်းစီအလိုက် အကြံပြုချက်များ၊ အဆိုပြုချက်များဖြင့် နောက်ဆက်တွဲဇယားနှင့်အတူ စုစည်းတင်ပြထားသည်ကို လေ့လာခြင်းအားဖြင့် ကော်မတီ အနေနှင့် အစီရင်ခံစာ၏ အပိုဒ် ၃ ပါ ဦးတည်ချက်ငါးရပ်ကို အခြေခံပြီး လုပ်ငန်း အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သည်ကိုတွေ့ရှိရပါကြောင်း၊ အဆိုပြုချက်ပေါင်း ၃၇၆၅ ချက် ရှိသည်ကို ကြည့်ခြင်းအားဖြင့် လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းရင်းသား ပြည်သူလူ ထုများ၏ စစ်မှန်သည့် ဆန္ဒသဘောထားများနှင့် ကိုက်ညီရန် ဒီမိုကရေစီစံနှုန်းများနှင့် လည်း ကိုက်ညီရန် လိုအပ်နေသေးသည်ကို ဖော်ပြထားပါကြောင်း။
မိမိတို့နိုင်ငံတွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့်ပတ်သက်ပြီး အတိတ်ကာလက ဖြစ်ပျက် ခဲ့သည့် အဖြစ်အပျက်များသည် ယနေ့ခေတ်အထိ ဖြေရှင်းနိုင်ရန် ကြိုးစားနေရဆဲ ရှိသေးသကဲ့သို့ တိုင်းပြည် သည်လည်း ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်ရန် ရုန်းကန်နေရဆဲဖြစ်ပါကြောင်း၊ ယင်းတို့ကို သင်ခန်းစာ ယူကြပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးကို ပိုမိုအထောက်အကူ ပြုစေပြီး ဒီမိုကရေစီစနစ် ပိုမိုအားကောင်းလာစေနိုင်မည့် ပြင်သင့် ပြင်ထိုက် သည့် အချက်များကို ယခုလိုအချိန်ကောင်းအခါကောင်းတွင်ပြင်ဆင်နိုင်မှသာ တိုင်းပြည်၏ ပြည်တွင်းအင်အားများကို အချိန် မီစုစည်းနိုင်မည်ဖြစ်ပြီး အရှိန်အဟုန်ဖြင့် ဘက်ပေါင်းစုံ တိုးတက် လာနိုင်မည်ဖြစ်ပါကြောင်း၊ ပူးပေါင်း ကော်မတီ ၏ အစီအရင်ခံစာ သုံးသပ်ချက် အပ်ိုဒ် ၂၂ နှင့် အပိုဒ် ၂၄ တို့အရ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်သည့် ဥပဒေမူကြမ်းတစ်ရပ် ပြုစုရေး ဆွဲပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တင်သွင်းသွားရန်ရှိသည်ကို လေ့လာတွေ့ရှိရပါကြောင်း။
ဒီမိုကရေစီစနစ်အရ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အချုပ်အခြာအာဏာ မူရင်း ပိုင်ရှင်များ ဖြစ်ကြသည့် ပြည်သူများ၏ ဆန္ဒသဘောထားကို အခြေခံပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရာတွင် အထောက်အကူပြုစေနိုင်မည့် ပြင်သင့် ပြင်ထိုက်သည့် အချက်များကို အမြင် ကျယ်ကျယ် သဘောထားစိတ်ရင်းမှန်ကန်စွာဖြင့် အပြန်အလှန်ညှိနှိုင်း ဆောင်ရွက် သွားကြရန်လို အပ်ပါကြောင်း၊ တိုင်းရင်းသား ပြည်သူလူထု၏ အကျိုးကို မျှော်ကိုးကာ ပူးပေါင်းကော်မတီ၏ အစီရင်ခံ စာကို လွှတ်တော်က အတည်ပြုပေးနိုင်ပါရန် ထောက်ခံဆွေးနွေး သည်။
ပုဗ္ဗသီရိမဲဆန္ဒနယ်မှ ဦးရည်မွန်(ခေါ်)ဦးတင်သစ် က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ပါက ငြိမ်းချမ်းရေးနှင့်ပိုမိုနီးစပ်လာမည်ဖြစ်ပါကြောင်း၊ ထို့အတူ လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းမှု၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတို့နှင့်ပါ ပိုမိုနီးစပ်လာမည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်း သည်နှင့်အမျှ လူမှုစီးပွား ရေးအခြေအနေလည်း ပိုမိုကောင်းမွန်လာဖွယ်ရှိပါကြောင်း၊ ဖွဲ့စည်းပုံမပြင် နိုင်ပါက ဒီမိုကရေစီ သဘောအရ ပြည်သူကရွေးကောက်တင်မြှောက်သည့် အစိုးရ တစ်ရပ်က အုပ်ချုပ်သည်ဆိုသော်လည်း ယင်းအစိုးရသည် တိုင်းရေးပြည်ရာကိစ္စများတွင် အပြည့်အဝ တာဝန်ယူခွင့်မရသည့် အခြေအနေ ဖြစ်ပါကြောင်း။
(၄၅)ဦးကော်မတီတွင် ပါဝင်သူအားလုံးသည် အပြုသဘောဆောင်သည့် စိတ်ဓာတ်နှင့် တက်တက် ကြွကြွပူးပေါင်းပါဝင်ဆောင်ရွက်နေကြခြင်းဖြစ်ပါကြောင်း၊ ဆက်လက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပြင် ဆင်ရေးလုပ်ငန်းစဉ်ကို အခန်း(၁၂)နှင့် ဆီလျော်အောင် ဆောင်ရွက်နိုင်ရန် လိုအပ်သည့် ဖွဲ့စည်းပုံ အခြေခံ ပြင်ဆင်ရေး ဥပဒေမူကြမ်းတစ်ရပ် ပေါ်ပေါက် လာသည်အထိ ဆက်လက်ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် မိမိတို့နိုင်ငံ၌ ပိုမိုပြီး ဒီမိုကရေစီ ပီသသည့်၊ ဖက်ဒရယ် သက်ဝင်သည့်ဖွဲ့စည်းပုံတစ်ခုဖြစ်အောင် ပြုပြင်ပြောင်းလဲရန် တာဝန်သည် ပြည်ထောင်စု လွှတ်တော် ကြီး၏ ရှေ့မှောက်တွင်ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ ယင်းသည်အခွင့် အလမ်းလည်းဖြစ်ပါကြောင်း၊ ယင်းအခွင့်အလမ်းကို မိမိတို့ အမိအရဆုပ်ကိုင်ပြီး တာဝန်ကျေ ပွန်သည့် လွှတ်တော်ကိုယ်စားလှယ် များဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံအတွက် သမိုင်းသစ်ကိုရေးရန် အချိန်အခါနှင့် အခြေအနေဖြစ်ပါကြောင်း ဆွေးနွေးသည်။
အလားတူ မိုင်းယန်းမဲဆန္ဒနယ် မှ ဦးစိုင်းဆမ် ၊ ကယားပြည်နယ်မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်သန်း၊ မိုင်းခတ်မဲဆန္ဒနယ်မှ ဦးစဲကီကော် ၊မိုင်းရှူးမဲဆန္ဒနယ်မှ ဦးစိုင်းထွန်းအေး ၊ ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၅) မှ ဦးစိုင်းသန်းနိုင်၊ ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်သိန်း၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးစိုင်းစံအောင်၊ ပျော်ဘွယ်မဲဆန္ဒနယ် မှ ဦးသောင်းအေး၊ မက်မန်းမဲဆန္ဒနယ်မှ ဦးတင်အေး၊ ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၊ လားရှိုးမဲဆန္ဒနယ်မှ ဒေါက်တာ စိုင်းမောက်ခမ်း၊ နမ့်ဆန်မဲဆန္ဒနယ်မှ ဦးဝင်းထူး၊ ကရင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါ်နန်းနီနီအေး၊ တွန်းဇံမဲဆန္ဒနယ်မှ ဦးခမ်ခန့်ထန်၊ ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်နီနိုင်၊ မကွေးတိုင်း ဒေသကြီးမဲဆန္ဒနယ်အမှတ်(၅)မှ ဦးတင်အောင်ထွန်းနှင့်ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါက်တာ စိုင်းဆိုင်ကျောက်ဆမ် တို့ကလည်း ဆွေးနွေးကြသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ၏ အစီရင်ခံစာကို ဇူလိုင် ၁၅ ရက်တွင်ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်း အဝေးတွင် လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ယင်းအစီရင်ခံစာကို ဇူလိုင် ၃၀ ရက်က ကျင်းပသည့် အစည်း အဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦး၊ ယနေ့ကျင်းပသည့် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ် ၂၄ ဦးတို့က ဆွေးနွေးခဲ့ကြပြီးယင်းအစီရင်ခံစာ နှင့်စပ်လျဉ်း၍ ကျန်ရှိသည့် အစီအစဉ် များ ဆက်လက်ဆောင်ရွက်မည့်နေ့ရက်ကို ထပ်မံအသိပေး သွားမည်ဖြစ် ကြောင်းသိရသည်။
မျိုးမြင့်၊ ဟန်မော်
 

HOT NEWS
January 4,