ဘားအံမြို့နယ်၊ နောင်ဘိုကျေးရွာ၌ ဝါးလက်မှုထည်ထုတ်လုပ်မှုသင်တန်းဆင်း

ဘားအံမြို့နယ်၊ နောင်ဘိုကျေးရွာ၌ ဝါးလက်မှုထည်ထုတ်လုပ်မှုသင်တန်းဆင်း


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / August 13, 2019


ဘားအံ ဩဂုတ် ၁၀

 ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိပြီး မိမိဒေသ၌သာ စီးပွားရေးအလုပ်အကိုင်များ လုပ်ကိုင်၍ တစ်ဦးချင်ဝင်ငွေတိုးတက်ရရှိစေရန် ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကြောင်းအထောက်အကူပြု ဝါးလက်မှုထည်ထုတ်လုပ်မှုသင်တန်းဆင်းပွဲကို ဩဂုတ်လ ၁၀ ရက်နေ့၊ နံနက် ၈ နာရီခွဲက ဘားအံမြို့နယ်၊ နောင်ထလုံးကျေးရွာအုပ်စု၊ နောင်ဘိုကျေးရွာအခြေခံပညာမူလတန်းကျောင်း၌ ကျင်းပသည်။

 သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်က သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းထူးချွန်ဆုများအား ပေးအပ်ကာ ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးက သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ချီးမြှင့်သည်။

 ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ကရင်ပြည်နယ်၌ ရေကြီးရေလျှံမှုများဖြစ်ပွားနေသည့်ကာလအတွင်း သင်တန်းကို အောင်မြင်ပြီးဆုံးစွာတက်ရောက်ခဲ့ကြသည့် သင်တန်းသား/သူများအား ဆန်ရိက္ခာများထောက်ပံ့ပေးအပ်ခဲ့ပြီး နောင်ဘိုကျေးရွာအခြေခံပညာမူလတန်းကျောင်းအတွက် ဆိုလာမီး (၁)စုံကို ထောက်ပံပေးအပ်သည်။

 ယခုသင်တန်းကို ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာ(၇)ရွာမှ သင်တန်းသား/သူ (၄၀)ဦး တက်ရောက်ခဲ့ပြီး လက်သုံးကိရိယာပြင်ဆင်ခြင်း၊ ဝါးကုန်ကြမ်းများ ကုန်ချောပြုလုပ်ရန် ဖြတ်တောက်ပြင်ဆင်ခြင်း၊ နှီးဝါးစိပ်ခြင်း၊ ဖြာခြင်း၊ အချောသတ်ခြင်း၊ တာရှည်ခံပြုလုပ်ခြင်း၊ နှီးနန်းဆွဲခြင်း၊ ဆေးရောင်ဆိုးခြင်း၊ ဒီဇိုင်းပုံဖော်ရက်လုပ်ခြင်းများကို ကျေးလက်ဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုဦးစီးဌာနမှ အငြိမ်းစားပညာရှင်များ ပူးပေါင်း၍ ရက်သတ္တပတ် ၂ ပတ်ကြာ သင်ကြားပို့ချပေးခဲ့သည်။

 ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု ( One Village One Product ) အဖြစ် ရှေးယခင်က မိရိုးဖလာအသက်မွေး ပညာလုပ်ငန်း၊ ဝါးလက်မှုထည်ထုတ်လုပ်နည်းအား လယ်ယာသုံးဝါးလက်မှုထည်များသာ ထုတ်လုပ်နိုင်ခဲ့ရာမှ ယခုအခါ တန်ဖိုးမြှင့်ဝါးလက်မှုထည် ထုတ်လုပ်နည်းပညာရပ်များအား သင်ကြားတက်မြောက်ခဲ့ကြသည့်အတွက် မိမိဒေသ၌သာ နေထိုင်၍ ဝါးလက်မှုထည်ထုတ်လုပ်မှုလုပ်ငန်းမှ စီးပွားရေးအလုပ်အကိုင်များလုပ်ကိုင်၍ ဝင်ငွေအခွင့်အလမ်းများ တိုးတက်ရရှိနိုင်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,