ရေကြီးရေလျှံမှုနှင့် မြေပြိုဘေးကျရောက်ခဲ့သော ဒေသများသို့ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ သွားရောက်ခဲ့သည့် ခရီးစဉ်တွေ့ရှိချက်များနှင့် စပ်လျဉ်းသည့် သုံးသပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

ရေကြီးရေလျှံမှုနှင့် မြေပြိုဘေးကျရောက်ခဲ့သော ဒေသများသို့ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ သွားရောက်ခဲ့သည့် ခရီးစဉ်တွေ့ရှိချက်များနှင့် စပ်လျဉ်းသည့် သုံးသပ်ညှိနှိုင်းအစည်းအဝေးကျင်းပ


Ministry of Information/ ​နေပြည်တော် / August 15, 2019
image_latest


နေပြည်တော် ဩဂုတ် ၁၄

 

ရေကြီးရေလျှံမှုနှင့် မြေပြိုဘေးကျရောက်ခဲ့သည့် ဒေသများသို့ အမျိုးသားသဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သွားရောက်ခဲ့သည့် ဩဂုတ် ၁၀ ရက်မှ ၁၂ ရက် ခရီးစဉ်အတွင်း တွေ့ရှိချက်များနှင့် စပ်လျဉ်း သည့် သုံးသပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှု ဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကားပြောကြားသည်။

 

အစည်းအဝေးတွင် ဒုတိယသမ္မတက ယနေ့ကျင်းပသည့် အစည်းအဝေးသည် လတ်တလော ဖြစ်ပေါ်လျက်ရှိသည့် ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများနှင့်ပတ်သက်သည့် လက်ရှိ အခြေအနေ များ၊ ထိခိုက်ပျက်စီးဆုံးရှုံးမှုများနှင့် ပြန်လည်ထူထောင်ရေးအတွက် ဆောင်ရွက်ပေးရမည့် အခြေအနေများကို ညှိနှိုင်းဆွေးနွေးနိုင်ရန်ဖြစ်ပါကြောင်း။

 

၂၀၁၉ ခုနှစ် ဇွန်လနောက်ဆုံးပတ်မှစတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်(၁၂)ခုတွင် ရေကြီး ရေလျှံမှုများ စတင်ဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံ အောက်ပိုင်းဒေသများဖြစ်ကြသည့် ပဲခူးတိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ဆက်လက်ဖြစ်ပေါ် နေပြီး ၂၀၁၉ ခုနှစ် ဩဂုတ် ၁၃ ရက်အထိ ရေဘေးရှောင်စခန်း (၁၆၆) ခုတွင် လူဦးရေ စုစုပေါင်း (၇၉၃၈၉) ဦးခန့်သည် ယာယီရေဘေးရှောင်နေရာများတွင် ဆက်လက်တိမ်းရှောင်နေဆဲ ဖြစ်ပါကြောင်း။

 

ယခုနှစ် ရေကြီးရေလျှံမှုများကို ကြည့်မည်ဆိုလျှင် အချိန်တိုအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှု များနှင့် မြစ်ရေမြင့်တက်မှုများကြောင့် ဖြစ်ပွားသည်ကို တွေ့ရှိရပြီး မြန်မာနိုင်ငံ အထက်ပိုင်း ဒေသများတွင် စတင်ဖြစ်ပွားခဲ့ကာ အလယ်ပိုင်းဒေသများမှတဆင့် ယခုမြန်မာ နိုင်ငံအောက်ပိုင်း ဒေသများတွင် ဆက်လက်ဖြစ်ပေါ်နေသည်ကို တွေ့ရှိရပါကြောင်း။

 

မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုများ စတင်ဖြစ်ပွားကတည်းက ဆက်လက်ဖြစ်ပေါ်လာနိုင်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြိုတင်ပြင်ဆင် မှုများ ဆောင်ရွက်ခဲ့သဖြင့် အရေးပေါ်တုံ့ပြန်မှု လုပ်ငန်းများကိုဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် စနစ်တကျချိတ်ဆက် ဆောင်ရွက်နိုင်ခဲ့ ပါကြောင်း။

 

ထူးခြားမှုအနေဖြင့် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာအုပ်စု၊ ရဲပြားကုန်းကျေးရွာ တွင် မိုးသည်းထန်စွာရွာသွန်း၍ တောင်ပြိုမှုအတွင်းဖြစ်ပွားခဲ့သည့် သေဆုံးမှုနှင့် ဒဏ်ရာရရှိမှု များဖြစ်ပါကြောင်း၊ ထို့အတူမွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးအတွင်း မြေပြိုမှုများ၊ လမ်းသားပဲ့ကျမှုများနှင့် တံတားပျက်စီးမှုများရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ရေကြီးရေလျှံမှုများနှင့်အတူ ပုံမှန်ကြုံတွေ့ရလေ့ရှိသည့် သာမန်မြေပြိုမှု၊ လမ်းသား ပဲ့ကျမှုများအပြင် တောင်ပြိုမှုကဲ့သို့သော မမျှော်လင့်နိုင်သည့် အန္တရာယ်များလည်း ဖြစ်လာနိုင် ကြောင်းတွက်ဆ၍ ကြိုတင်ကာကွယ်မှုများနှင့် ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်ကြရမည် ဖြစ်ပါကြောင်း။

 

ယခုဖြစ်ပွားနေသည့် ရေကြီးရေလျှံမှုနှင့်ပတ်သက်၍ အရေးပေါ်တုံ့ပြန်ရေးကာလ ပြီးစီးသွားပါက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း၊ ပြန်လည် ထူထောင်ရေးအတွက် ဆောင်ရွက်ပေးရမည့် အခြေအနေများကို ယခုမှစ၍ စိစစ်ဖော်ထုတ် တွက်ချက်ထားကြရမည်ဖြစ်ပါကြောင်း၊ လိုအပ်ချက်များအပေါ် မူတည်၍ ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ကာ အမြန်ဆုံးနှင့် အထိရောက်ဆုံးဖြစ်အောင် အကောင်အထည်ဖော် ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ပြန်လည်ထူထောင်ရေးဆောင် ရွက်ပေးရမည့် အခြေအနေများအပေါ် မူတည်၍ မိမိတို့တွင်ရှိသည့် အရင်းအမြစ်များဖြင့် စီမံခန့်ခွဲဆောင်ရွက်လျက် ရှိသကဲ့သို့ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများနှင့် အလှူရှင်များ၏ အကူအညီ အထောက်အပံ့များဖြင့် လည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

 

ယခင်ဆောင်ရွက်ခဲ့သည့် အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်း ဆောင်ရွက်မှု ပုံစံများကို ပြန်လည်သုံးသပ်၍ ပိုမိုကောင်းမွန်သည့်ပုံစံများ၊ နည်းလမ်းများဖြင့် ဆောင်ရွက်သွားနိုင်ရေးကိုလည်း ဆွေးနွေးကြစေလိုပါကြောင်း။

 

လတ်တလောဖြစ်ပွားခဲ့သည့် မွန်ပြည်နယ်ပေါင်မြို့နယ်ရှိ မလတ်တောင်ပြိုကျမှု ဖြစ်စဉ်နှင့် ပတ်သက်၍ လေ့လာဆန်းစစ်မှုများ ဆောင်ရွက်ရမည်ဖြစ်ပြီး ကြိုတင်ကာကွယ်မှု ပြုလုပ်နိုင် မည့် အခြေအနေများကို ဖော်ထုတ်ကြရမည်ဖြစ်ပါကြောင်း။ အဆိုပါလုပ်ငန်းများ ဆောင်ရွက် နိုင်ရန်ပညာရှင်များ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု၊ နည်းပညာပိုင်းဆိုင်ရာ အသုံးပြုမှုနှင့် ငွေကြေးကုန်ကျမှုများ ပါဝင်လာမည်ဖြစ်ကာ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် တစ်ခုဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် လူ့အသက်ဆုံးရှုံးမှုများ အပါအဝင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ လျော့ပါးရေးအတွက် မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်၍ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းဖြင့် အကောင်းဆုံး ဖြေရှင်း ဆောင်ရွက်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

 

ရေကြီးရေလျှံမှု၊ မြေပြိုမှုများနှင့်စပ်လျဉ်း၍ ယခုနောက်ဆုံးအခြေအနေ ၂၀၁၉ ခုနှစ် ဩဂုတ် ၁၃ ရက် ည ၉ နာရီအချိန်အထိ သေဆုံးသူ (၆၅) လောင်းရှာဖွေတွေ့ရှိပြီဖြစ်ပြီး လက်ရှိမြေပြိုသည့် နေရာအပါအဝင် နေရာ (၆) နေရာနှင့် မြေပြိုကျနိုင်မည့် နေရာများကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနရုံးချုပ်မှ ဘူမိဗေဒပညာရှင်များ အကူအညီဖြင့် ခေတ်မီ မြေအောက်တိုင်းကိရိယာများ အသုံးပြု၍ ၂၀၁၉ ခုနှစ် ဩဂုတ် ၁၃ ရက် နံနက်ပိုင်းမှ စတင်ကာ စစ်ဆေးတိုင်းတာ ဆောင်ရွက်မှုများ ပြုလုပ်နေပြီဖြစ်ပါကြောင်း။

 

လတ်တလောဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများနှင့်ပတ်သက်၍ အရေးပေါ်တုံ့ပြန်မှု လုပ်ငန်း များတွင် အားလုံးပူးပေါင်း ဆောင်ရွက်ခဲ့ကြသကဲ့သို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရေး၊ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရေး၊ ပုံမှန်သဘာဝဘေးအန္တရာယ်များအပြင် မမျှော်မှန်းနိုင်သည့် သဘာဝဘေး အန္တရာယ်များအတွက် ကြိုတင်ကာကွယ်မှုများနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက် ရေးနှင့် ပြည်သူလူထု အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရေးအတွက် အားလုံး ဝိုင်းဝန်း ဆွေးနွေးအကြံပြုကြစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ရန်ပုံငွေ ရရှိရေးနှင့် စိစစ်သုံးစွဲမှု အခြေအနေများ၊ သဘာ၀ဘေးဒဏ် အလျင်အမြန်တုံ့ပြန်ရေးဆိုင်ရာ များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင် ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာဖေမြင့်၊ ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ ဦးစိုးဝင်း၊ ဦးဟန်ဇော်နှင့် ဦးကျော်တင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးတင်မြင့်၊ ဦးကျော်မျိုး၊ ဒေါက်တာထွန်းနိုင်၊ ဦးကျော်လင်းနှင့် ဦးစိုးအောင်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးမြတ်သူ၊ ဦးကျော်မြင့်လှိုင်နှင့် ဘူမိဗေဒ ပညာရှင် ဦးယုမောင်တို့က အကြံပြုဆွေးနွေးတင်ပြကြသည်။

 

ယင်းနောက် ဒုတိယသမ္မတက ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မြေပြိုဘေးရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်စဉ်နှင့် မြေသားစစ်ဆေး တိုင်းတာရေး လုပ်ငန်းဆောင်ရွက်စဉ်တွင် တာဝန်ရှိသူများအနေဖြင့် လုံခြုံမှုကို ဦးစားပေး စီမံခန့်ခွဲဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ပြည်သူလူထုအတွင်း သဘာ၀ဘေး အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိစေရေးကို ပိုမိုတိုးမြှင့်လုပ်ဆောင် သွားကြရမည်ဖြစ်ပါကြောင်း၊ သဘာ၀ဘေးကိုလက်တွေ့ ရင်ဆိုင်ရသည့်အခါ ထိခိုက်မှု အနည်းဆုံးဖြစ်စေရန် ဇတ်တိုက်လေ့ကျင့်မှုများကို ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ သဘာ၀ဘေးဆိုင်ရာ လုပ်ငန်းကော်မတီ (၁၂) ခု၏ လုပ်ငန်းတာဝန်များကို လက်တွေ့ကျကျ ထိရောက်မှုရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ပြောကြား ကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

 

ယင်းနောက် ဒုတိယသမ္မတသည် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှု ဗဟိုဌာနအတွင်း လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေအား လှည့်လည်ကြည့်ရှုသည်။

 

(သတင်းစဉ်)

HOT NEWS
January 4,