မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတ္တမနေ့တွင် ကျောက်စိမ်းအတွဲ ၈၆၁ တွဲကို ယူရိုငွေ ၁၀၃ ဒသမ ၈၂၆ သန်းဖြင့်ရောင်းချနိုင်ခဲ့

မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတ္တမနေ့တွင် ကျောက်စိမ်းအတွဲ ၈၆၁ တွဲကို ယူရိုငွေ ၁၀၃ ဒသမ ၈၂၆ သန်းဖြင့်ရောင်းချနိုင်ခဲ့


Ministry of Information/ ​နေပြည်တော် / September 22, 2019
image_latest


နေပြည်တော် စက်တင်ဘာ ၂၂

၂၀၁၉ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတ္တမနေ့ကို ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမနှင့် ကျောက်စိမ်းဝင်းအတွင်း၌ ဆက်လက်ကျင်းပသည်။

ပြပွဲစတင်ကျင်းပသည့် နံနက်ပိုင်းမှစ၍ ပြည်တွင်းပြည်ပ ကျောက်မျက်ရတနာကုန်သည်များသည် ပြပွဲခန်းမ အပြင်ဘက်ရှိ သတ်မှတ်ဧရိယာများ အလိုက်ခင်းကျင်းပြသ ထားသည့် ကျောက်စိမ်းအရိုင်းအတွဲများကို လွတ်လပ်စွာ လေ့လာကြည့်ရှုကြပြီး ပြပွဲခန်းမအတွင်းရှိ တင်ဒါပုံးများ အတွင်းသို့ တင်ဒါများ တင်သွင်း ကြသည်။

မွန်းလွဲပိုင်းတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေသည် တာဝန်ရှိသူများနှင့်အတူ ကျောက်စိမ်းခန်းမ အပြင်ဘက်ရှိ ကျောက်စိမ်းအရိုင်းအတွဲများနှင့် ကျောက်စိမ်းခန်းမအတွင်းရှိ ကျောက်မျက် ရတနာ အရောင်းဆိုင်များကို လှည့်လည်ကြည့်ရှုအားပေးသည်။

ယနေ့ ကျောက်မျက်ရတနာ ပြသရောင်းချပွဲတွင် ကျောက်စိမ်းအတွဲအမှတ် ၂၆၁၂ မှ ၃၉၁၁ အထိ ကျောက်စိမ်း အတွဲများကို အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ပြသရောင်းချခဲ့ရာ ကျောက်စိမ်း အရိုင်းအတွဲ (၈၆၁)တွဲကို  ယူရိုငွေ ၁၀၃ ဒသမ ၈၂၆ သန်း ဖြင့် ရောင်းချ နိုင်ခဲ့သည်။

စက်တင်ဘာ ၂၃ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် ၃၉၁၂ မှ ၅၂၁၁ အထိ၊ စက်တင်ဘာ ၂၄ ရက်တွင် အတွဲအမှတ် ၅၂၁၂ မှ ၆၅၁၁ အထိ ၊ စက်တင်ဘာ ၂၅ ရက်တွင် အတွဲအမှတ် ၆၅၁၂ မှ ၇၈၁၁ အထိ ဆက်လက် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

မင်းမင်းဇော်(ကလေး)