Central level coordination meeting on school-based health promotion activities held in Mandalay

Central level coordination meeting on school-based health promotion activities held in Mandalay


Ministry of Health & Sports/ Mandalay / August 19, 2019


မန္တလေး၊ (၂၀၁၉) ခုနှစ်၊ သြဂုတ်လ (၁၈) ရက်နေ့

     ကျောင်းအခြေပြုကျန်းမာရေးမြှင့်တင်မှုလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်း ဗဟိုအဆင့်ညှိနှိုင်းစည်းဝေးပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဖွင့်အမှာစကားပြောကြားရာတွင် -

• နိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရန် ကျန်းမာသန်စွမ်းပြီး စိတ်ဓာတ်စွမ်းရည်ပြည့်ဝသော နိုင်ငံသားများကို မွေးထုတ်ပေးနိုင်ရန်အတွက် ကျောင်းအခြေပြု ကျန်းမာရေးမြှင့်တင်မှုလုပ်ငန်းများသည် အခြေခံအုတ်မြစ်သဖွယ် အရေးကြီးပါကြောင်း၊

• အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲကြေညာစာတမ်း၊ ကျန်းမာရေးကဏ္ဍတွင်ပါဝင်သည့် “ကလေးသူငယ်များအား ကျန်းမာရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် ဗဟုသုတရှိစေရန်၊ ကူးစက်ရောဂါများ ကာကွယ်နိုင်ရန်၊ ကျန်းမာဖွံ့ဖြိုးသော လူငယ်များဖြစ်စေရန် ရည်ရွယ်၍ ကျောင်းကျန်းမာရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားမည်” ဟုပါဝင်ခဲ့ပြီး မိမိပြည်ထောင်စုဝန်ကြီး အဖြစ် စတင် တာဝန်ယူခဲ့စဉ် (၂၀၁၆) ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင် ပြောကြားခဲ့သည့် မိန့်ခွန်း၌လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းများတွင် ကျောင်းအခြေပြု ကျန်းမာရေးမြှင့်တင်မှုလုပ်ငန်းများပါဝင်ပါကြောင်း၊

• အကျောင်းအခြေပြုကျန်းမာရေးမြှင့်တင်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် နှီးနွှယ်သက်ဆိုင်သည့် ဝန်ကြီးဌာန၊ ဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ အားလုံး ပူးပေါင်းပါဝင်၍ မိမိတို့၏ ကိုယ်ပိုင်အရေး ကိစ္စသဖွယ်ဆောင်ရွက် ကြမှသာ အောင်မြင်မှုရရှိနိုင်မည်ဖြစ်ပါကြောင်း၊

• ကျောင်းအခြေပြု ကျန်းမာရေးအဆင့်မြှင့်တင်မှုလုပ်ငန်းအကြောင်းအရာ (၇) ရပ်ကိုအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် “ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲ” ကို (၂၀၁၉) ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့နှင့် (၁၃) ရက်နေ့တို့တွင် ကျင်းပခဲ့ပါကြောင်း၊

• အဆိုပါလုပ်ငန်းအကြောင်းအရာ (၇) ရပ်ကို ကျောင်းကျန်းမာရေးလုပ်ငန်း (၉) ခုနှင့် ချိန်ထိုးတိုက်ဆိုင်၍ တူညီရာလုပ်ငန်းများကို စုစည်းလုပ်ဆောင်သွားရမည်ဖြစ်ပါကြောင်း၊

• ယနေ့ကျင်းပသည့် ဗဟိုအဆင့် ညှိနှိုင်းဆွေးနွေးပွဲတွင် သဘောတရားများ ဆွေးနွေးခြင်းထက် လက်တွေ့ကျ၍ တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် အမှန်တကယ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် လုပ်ငန်းများဆိုင်ရာ လမ်းပြမြေပုံ၊ ဗဟာဗျူဟာ၊ ဦးစားပေးအဆင့်အလိုက် လုပ်ငန်းစဉ်များနှင့် လုပ်ငန်းကဏ္ဍအလိုက်တာဝန်ခွဲဝေ ဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု မူဘောင်များ ပေါ်ထွက်လာရေးကို အဓိကအလေးပေး ဆွေးနွေးသွားကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အားလုံး၌ လုပ်ငန်းများကို သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ဦးစီးဦးဆောင်ပြု၍ ပညာရေး ကဏ္ဍမှ အကောင်အထည်ဖော်ဆောင်ရွက်ပြီး ကျန်းမာရေးနှင့်အားကစားကဏ္ဍမှ ကျွမ်းကျင်မှုပိုင်းဆိုင်ရာပံ့ပိုးမှုများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• ညှိနှိုင်းစည်းဝေးပွဲမှ ချမှတ်မည့် မဟာဗျူဟာ၊ လုပ်ငန်းစဉ်နှင့် လုပ်ငန်းမူဘောင်များကို တိုင်းဒေသကြီး/ ပြည်နယ်များအနေဖြင့် သက်ဆိုင်ရာနေရာဒေသရှိ အခြေအနေအရပ်ရပ်နှင့် ကိုက်ညီစေရန်အတွက် အသေးစိတ်မွမ်းမံမှုများပြုလုပ်ကာ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်တစ်ခုနှင့် တစ်ခုအကြား လုပ်ငန်းအောင်မြင်စေနိုင်သည့် သော့ချက် အတွေ့အကြုံများဝေမျှခြင်းကိုလည်းလုပ်ဆောင်သွားရမည်ဖြစ်ပါကြောင်း၊

• အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ မိဘများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘ-ဆရာအသင်းများ၊ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်များမှ လုပ်ငန်းများတွင် ကိုယ်တိုင်ပါဝင်ဆောင်ရွက်မှုရှိမှသာ လုပ်ငန်းများ ရေရှည်တည်တံ့ကာ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့ ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် တာဝန်ရှိသူများမှ လက်တွဲခေါ်ယူသွားရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုလမ်းကြောင်း မှန်ကန်မှုရှိမရှိနှင့် အောင်မြင်မှုအခြေအနေများကို စောင့်ကြည့်ခြင်းနှင့် ဆန်းစစ်သုံးသပ်ခြင်းကိုလည်း checklist များ အသုံးပြု၍ စနစ်တကျ လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊

• ထို့အပြင် အသုံးချသုတေသနများနှင့် qualitative research များကို တစ်ပါတည်း ဆောင်ရွက်ကာ လုပ်ငန်းများ ပိုမိုတိုးတက် စေရေးလုပ်ဆောင်သွားရမည်ဖြစ်ပါကြောင်း၊ ကျောင်းအုပ်ဆရာမကြီးများ၊ ဆရာ၊ ဆရာမများအနေဖြင့်လည်း ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ကျောင်းမုန့်စျေးတန်းများတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရပြည့်ဝသော စားသောက်ကုန်များသာ ရောင်းချစေရေးကိုလည်း ပညာပေး စည်းရုံး၍ ဆောင်ရွက်သွားစေလိုပါကြောင်း၊

• ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်စားသောက်မှုပုံစံ၊ အမူအကျင့်များနှင့် ကျန်းမာရေး အသိပညာဗဟုသုတများသည် ကျောင်းနေအရွယ်လူငယ်များမှ တစ်ဆင့် ၎င်းတို့၏ မိဘ၊ ဆွေမျိုးများ၊ မိတ်ဆွေများထံ သို့ ဆင့်ပွားရောက်ရှိသွားမည် ဖြစ်၍ပြည်သူများအားလုံးအတွက် အကျိုးရှိစေမည့် ကိစ္စရပ်များပင်ဖြစ်ပါကြောင်း၊

• ထိုကဲ့သို့ ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်စားသောက်မှု အသိအမြင်များရရှိကာ ခံယူချက်နှင့် အလေ့အကျင့်ကောင်းများဖြစ်လာစေရန်အတွက် အပြုအမူပြောင်းလဲဆက်သွယ် ပညာပေးခြင်းနှင့် မဟာဗျူဟာမြောက် ကျန်းမာရေးဆိုင်ရာ ဆက်သွယ်ရေးပညာရပ်တို့ဖြင့် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊

• လုပ်ငန်းများ ရေရှည်တည့်တံ့ခိုင်မာကာ အောင်မြင်မှုရရှိနိုင်ရေးအတွက် ပညာရေးကဏ္ဍနှင့် ကျန်းမာရေးနှင့်အားကစားကဏ္ဍတို့မှ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဆင့်တွင် ရင်းနှီးစွာ ချိတ်ဆက် ပူးပေါင်းဆောင်ရွက်သွားကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် -

• အရည်အသွေးရှိသည့် ပညာရေးကို ဦးတည်၍ပြုပြင်ပြောင်းလဲဆောင်ရွက်ရာတွင် သင်ယူမှုဝန်းကျင်ကောင်းဖြင့် သင်ယူတတ်မြောက်မှု စွမ်းရည်မြင့်မားရေးအတွက် ကာယ၊ ဉာဏကျန်းမာပြီး ပျော်ရွှင်စွာဖြင့် သင်ယူနိုင်စွမ်းရှိရန် အရေးအကြီးဆုံးဖြစ်ပါကြောင်း၊

• သို့သော် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ တစ်သက်တာ သင်ယူသူများကို ပြုစုပျိုးထောင်သင်ကြား သင်ယူလေ့ကျင့်ရန်အတွက် သင်ရိုးညွှန်းတမ်းပြုပြင် ပြောင်းလဲခြင်း၊ သင်ကြားသင်ယူမှုနည်းလမ်းမြှင့်တင်ခြင်း၊ အလွတ်ကျက်မှတ်သည့် စနစ်မှ စဉ်းစားတွေးခေါ်မှုကို အားပေးသည့် စစ်ဆေးအကဲဖြတ်မှု ပြောင်းလဲခြင်း၊ ကျောင်းလိုအပ်ချက်များ ဖြည့်ဆည်းခြင်းစသည့် ပညာရေးပြုပြင်ပြောင်းလဲမှုများကို မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများ၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များတို့၏ ပူးပေါင်းပါဝင်ခြင်း စသည်တို့ဖြင့် ထိထိရောက်ရောက် ပွင့်လင်းမြင်သာစွာ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်နေသော်လည်း အဓိက စိန်ခေါ်မှုများဖြစ်သည့် မူးယစ်ဆေးဝါး၊ ဆေးလိပ်၊ အရက်၊ ဘီယာ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာမှုနှင့် ထိခိုက်မှုအန္တရာယ်၊ ကျန်းမာရေးနှင့်ညီညွတ်မှု မရှိသောလူနေမှုဘဝပုံစံများ များပြားလာမှု၊ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာနည်းပါးမှု၊ ဂိမ်းအလွန်အကျွံစွဲလမ်းခြင်း စသည်တို့၏ အန္တရာယ်များကို ကြုံတွေ့နေရပါကြောင်း၊

• ကျောင်းများ၊ တက္ကသိုလ်များတွင် ထိုစိန်ခေါ်မှုများကို ရင်ဆိုင်စီမံခန့်ခွဲဖြေရှင်းနိုင်ရေးအတွက် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များမှ ဆရာ၊ ဆရာမများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း၍လိုအပ်သော လုပ်ငန်းလမ်းညွှန်များပြုစုခြင်း၊ ကာလတို ဆင့်ပွားသင်တန်းများ ပို့ချလေ့ကျင့်ခြင်းတို့ကိုဆောင်ရွက်ပြီး အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတို့တွင် ကျောင်းသား၊ ကျောင်းသူများအား လူထုလှုပ်ရှားမှုအသွင်ဖြင့် အကျိုးရှိထိရောက်စွာ အသိပညာပေးခြင်းကို အကောင်အထည် ဖော်ဆောင်ရွက်ရန်အတွက် အားလုံးက ညီညီညွတ်ညွတ် ဝိုင်းဝန်းပူးပေါင်းဆွေးနွေးအကြံပြုကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာစိုးသန်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်စား အမှာစကားပြောကြားခဲ့ ပါသည်။

အဆိုပါ ညှိနှိုင်းစည်းဝေးပွဲတွင် ကျောင်းများကို အခြေပြု၍ ကျန်းမာရေးအဆင့်မြှင့်တင်ခြင်း၊ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါးနှင့် ဂိမ်းအလွန်အကျွံသုံးစွဲခြင်း အန္တရာယ်လျှော့ချခြင်း၊ ဆေးလိပ်ကင်းစင် ကျောင်းများ၊ ကျောင်းသားများနှင့်အရက်စွဲအန္တရာယ်၊ မူးယစ်အန္တရာယ်ကြိုတင်ကာကွယ်၊ မျိုးဆက်ပွားကျန်းမာရေးပညာပေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်တားဆီးကာကွယ်၊ ကျောင်းမုန့်စျေးတန်းများတွင် အစားအသောက်အန္တရာယ်ကင်းရှင်းရေး၊ ဘဝတွက်တာကျွမ်းကျင်စရာသင်ရိုး၊ ကျောင်းအခြေပြုကျန်းမာရေးမြှင့်တင်မှုလုပ်ငန်းများအတွက် ပူးပေါင်းဆောင်ရွက်ခြင်း၊ မိဘဆရာအသင်း၏ အခန်းကဏ္ဍ၊ ကျောင်းသားသမဂ္ဂ၏ အခန်းကဏ္ဍ၊ ဆရာ/ဆရာမများနှင့် ကျောင်းအုပ်ကြီး၏ အခန်းကဏ္ဍ စသည့်အကြောင်းအရာခေါင်းစဉ်များဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ မိဘဆရာအသင်းကိုယ်စားလှယ်၊ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်နှင့် ကျောင်းအုပ်ကြီးကိုယ်စားလှယ်များမှ ဝိုင်းဖွဲ့ဆွေးနွေးတင်ပြခြင်း၊ တက်ရောက်လာသူများနှင့် အပြန်အလှန် ဆွေးနွေးခြင်း တို့ကိုဆောင်ရွက်ခဲ့ပြီး လုပ်ငန်းမူဘောင်၊ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေး ဆွေးနွေးအကြံပြုမှုများ ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ နာယကကြီးများ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌ၊ ရင်ခွင်မဲ့ကလေးများလျေှာ့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း (ဗဟို) ဒုတိယဥက္ကဋ္ဌ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ ပါသည်။

HOT NEWS
January 4,