Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စေတနာ့ဝန်ထမ်း(Volunteer) များစုစည်းဆောင်ရွက်မှု အခြေအနေ များနှင့် စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေး

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စေတနာ့ဝန်ထမ်း(Volunteer) များစုစည်းဆောင်ရွက်မှု အခြေအနေ များနှင့် စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေး


Ministry of Information/ ​နေပြည်တော် / June 05, 2020
image_latest


နေပြည်တော် ဇွန်  ၅

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စေတနာ့ဝန်ထမ်း (Volunteer) များ စုစည်းဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်း၍ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ အတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပုသိမ်မြို့နယ် စေတနာ့ဝန်ထမ်း အဖွဲ့ဝင်နှင့် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ စေတနာ့ဝန်ထမ်း မအေးမြတ်မွန်မိုးနှင့် ကယားပြည်နယ် စေတနာ့ဝန်ထမ်းများ စနစ်တကျဖြစ်စေရေး တာဝန်ယူ ဆောင်ရွက်နေသူ ကယားပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးတို့နှင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်အစည်းအဝေး ခန်းမ၌ Video Conferencing စနစ်ဖြင့် ချိတ်ဆက် တွေ့ဆုံ၍ အပြန်အလှန် ဆွေးနွေးသည်။

ရှေးဦးစွာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် ကျန်းမာရေးဝန်ထမ်းများဖြင့် မလုံလောက်ပါကြောင်း၊ အထူး သဖြင့် Quarantine စင်တာများတွင် ထားရသည့် အရေအတွက်မှာ များပြားသည့်အတွက် စေတနာ့ဝန်ထမ်းများ၏ အားကိုအထူးအားထားရပါကြောင်း၊ နယ်စပ်ဂိတ်များမှလည်း တစ်နေ့ လျှင် တစ်ထောင်ကျော် ပြန်လည်ဝင်ရောက်လာသည့်အတွက် ရေရှည်တွင် အရေအတွက်များ လာမည် ဖြစ်ကြောင်း၊ နိုင်ငံတော်တော်များများတွင် facilities Quarantine မရှိပါကြောင်း၊ ချမ်းသာသည့် နိုင်ငံများသည်ပင် Home Quarantine ဆောင်ရွက်ခိုင်းပါကြောင်း၊ Home Quarantine သည် ပျံ့နှံ့မှုမြန်ပြီး အန္တရာယ်ရှိသည်ဟု မိမိတို့ထင်ပါကြောင်း၊ facilities Quarantine ကို ထားရခြင်းသည် ပြည်သူများအတွက် များစွာလုံခြုံပြီး ဆောင်ရွက်သင့်သည်ဟုထင်မြင်၍ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်သည့်အခါ ကျန်းမာရေးဝန်ထမ်းများနှင့် မလုံလောက်သည့်အတွက် စေတနာ့ဝန်ထမ်းများဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်းများသည့် ပထမဦးဆုံး အပိုင်းကတည်းက ကူညီကြပါကြောင်း၊ ကူညီမှု ကြာလာသည့်အခါ ပင်ပန်းလာပါကြောင်း၊ ရှိသင့်ရှိထိုက်သည့် အထောက်အကူပစ္စည်းများ မရှိခြင်း၊ ကူညီပံ့ပိုးမှုများမရရှိခြင်းတို့အတွက် ယင်းကို နိုင်ငံတော်ကပံ့ပိုးရမည်ဆိုသည့် အမြင်ဖြင့် စေတနာ့ဝန်ထမ်းပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကို စတင်အကောင်အထည်ဖော် ခဲ့ခြင်းဖြစ်ပါ ကြောင်း နှုတ်ခွန်းဆက် စကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက စေတနာ့ဝန်ထမ်းများအား ရေရှည်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်အနေဖြင့် ပံ့ပိုးကူညီရန်လိုအပ်မှု၊ စေတနာ့ဝန်ထမ်းများ အချိန်ပိုင်းကူညီပံ့ပိုးနိုင်ရန် စနစ်တစ်ခုဆောင်ရွက်ရန်လိုအပ်မှု၊ ကိုဗစ်ရောဂါ ထိန်းချုပ်နိုင်ရန် အတွက် ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ချက်များ၊ Quarantine စင်တာတွင် တာဝန်ထမ်းဆောင်ကြမည့် စေတနာ့ဝန်ထမ်းများအတွက် အနေအထိုင်၊ အစားအသောက်၊ သွားလာရေး၊ အနားယူရန်၊ အန္တရာယ်ကင်းစွာစနစ်တကျ ပါဝင်နိုင်ရေးနှင့် သင်တန်းများ ဆောင်ရွက်ပေးနိုင်ရေး၊ စေတနာ့ဝန်ထမ်းများ၏ လုပ်ဆောင်ချက်များအပေါ် နိုင်ငံတော် အနေဖြင့် အသိအမှတ်ပြုရေး၊ စေတနာ့ဝန်ထမ်းများအား သင်တန်းပေးရန် ဆောင်ရွက်ခဲ့မှု၊ သင်တန်းပေးနေမှုနှင့် လေ့ကျင့်ပေးနေမှု၊ မြို့နယ်များတွင် စေတနာ့ဝန်ထမ်းပံပိုးကူညီရေးအဖွဲ့ ဖွဲ့စည်းထားရှိမှုနှင့် စေတနာ့ဝန်ထမ်းများအား Quarantine များတွင် အလှည့်ကျတာဝန်ထမ်း ဆောင်စေရန် ဆောင်ရွက်ထားရှိမှုတို့ကိုလည်းကောင်း၊ စေတနာ့ဝန်ထမ်း မအေးမြတ်မွန်မိုး က Facilities Quarantine စင်တာတွင် စေတနာ့ဝန်ထမ်းအဖြစ် စတင်ကူညီဆောင်ရွက်ခဲ့မှုနှင့် စိုးရိမ်ပူပန်မှုအခြေအနေ၊ Quarantine စင်တာအတွင်းစည်းအထိ ပါဝင်ဆောင်ရွက်ရာတွင် နေထိုင်စားသောက်ရေးအခက်အခဲများ၊ Quarantine ဝင်ရောက်သူများကို ကူညီဆောင်ရွက်ရာ တွင် တွေ့ကြုံရသည့်အခက်အခဲများ၊ ပုသိမ်မြို့ Facilities Quarantine စင်တာများတွင် Quarantine ဝင်ရောက်နေသူအရေအတွက်၊ ထပ်မံဝင်ရောက်လာမည့် နေရပ်ပြန်များအတွက် ကြိုတင် ပြင်ဆင်ထားရှိမှု၊ Facilities Quarantine စင်တာများတွင် တာဝန်ထမ်းဆောင်နေကြ သည့် စေတနာ့ဝန်ထမ်းများအတွက် စွမ်းရည်မြှင့်သင်တန်းများကို Online Class ဖြင့် သင်ကြား ပေး နိုင်ရေးကိစ္စများနှင့် လိုအပ်ချက်များကိုလည်းကောင်း၊ ကယားပြည်နယ် စည်ပင်သာယာရေး နှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေး က ကယားပြည်နယ်ရှိ စေတနာ့ဝန်ထမ်းများ စာရင်း ကောက်ယူခဲ့မှုအခြေအနေ၊ Community Base Facilities Quarantine စင်တာများတွင် Quarantine ဝင်ရောက်နေသူများအတွက် စီစဉ်ဆောင်ရွက်ပေးနေမှု၊ ကယားပြည်နယ်ရှိ Fevers Clinic များတွင် စေတနာ့ဝန်ထမ်းများ ပါဝင်ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း ဆွေးနွေး တင်ပြကြသည်။

ဆွေးနွေးတင်ပြချက်များအပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ် ပြောကြားရာတွင် Quarantine စင်တာများတွင် အဓိက ထိတွေ့မှုရှိသူများမှာ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ ဖြစ်ပါကြောင်း၊ Quarantine ဝင်နေသူများအား စိတ်ဖိစီးမှုမရှိအောင် ဆောင်ရွက်ပေးခြင်းသည် မွန်မြတ်သည့် လုပ်ငန်းဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်း များအတွက် ကာကွယ်ရေးပစ္စည်းများ ဆောင်ရွက်ပေး ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ ညွှန်ကြားသွားမည်ဖြစ်ပါကြောင်း၊ Quarantine စင်တာများတွင် လိုအပ်ချက်များ ပြည့်မီအောင် အထူးဂရုစိုက် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်းများအတွက် သင်တန်းများကို အွန်လိုင်းမှတဆင့် သင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ သို့မှသာ တစ်နိုင်ငံလုံးရှိ စေတနာ့ဝန်ထမ်းများ သည် ကိုဗစ်ကာကွယ်ရေးလုပ်ငန်းများတွင် ထိရောက်စွာ ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ကိုဗစ်ရောဂါသည် အနည်းငယ် ကာလရှည်ကြာနိုင်သေးပါကြောင်း၊ ရှေ့လတွင်လည်း နယ်စပ်မှ ပြန်လည်ဝင်ရောက် လာမည့် နေရပ်ပြန်များမှာလည်း များပြားနေမည်ဖြစ်ပါကြောင်း၊ ထပ်မံ ဝင်ရောက်လာမည့် ပြည်သူများအတွက် Quarantine တွင် ဂရုစိုက်ရန် စေတနာ့ဝန်ထမ်းများ၏ အားမှာ အထူးလိုအပ်ပါကြောင်း၊ ကိုဗစ်ကာလမှာ အချိန်ကြာမြင့်နိုင်သေးသည့်အတွက် စေတနာ့ ဝန်ထမ်းများ၏အားကို စနစ်တကျ ပြုစုပျိုးထောင်ထားရမည်ဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်း များ၏အားကို မိမိအနေဖြင့် တန်ဖိုးထားအားကိုးပါကြောင်း၊ စေတနာ့ဝန်ထမ်းများ၏ အားမပါဘဲ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးကို မည်သို့မှ ပြည့်ပြည့်ဝဝ ဆောင်ရွက်နိုင်မည်မဟုတ်ပါကြောင်း၊ စေတနာ့ဝန်ထမ်းများအနေဖြင့် လိုအပ်ချက် များရှိပါက အလွယ်တကူတင်ပြနိုင်ရန် တာဝန်ရှိသူ များအနေဖြင့် စီစဉ်ဆောင်ရွက် ပေးရန်လိုအပ်ပါကြောင်း ပြောကြားသည်။

(သတင်းစဉ်)                   

 

HOT NEWS
January 4,