စားနပ်ရိက္ခာဖူလုံဖို့၊ သီးနှံသစ်တောရောနှောစိုက်ပျိုးစို့

Ministry of Natural Resources & Environmental Conservation | Aug 07, 2022

 

 

စားနပ်ရိက္ခာဖူလုံရေး

စားနပ်ရိက္ခာဖူလုံရေးသည် မိသာစုတိုင်းအတွက် အခြေခံအကျဆုံး လိုအပ်ချက် တစ်ရပ်ဖြစ် သကဲ့သို့ နိုင်ငံတည်ငြိမ်ရေး၊ အေးချမ်းသာယာဝပြောရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုး တက်ရေးအတွက် အရေးအကြီးဆုံး လိုအပ်ချက်တစ်ရပ်ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးသည် စားနပ်ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် စားနပ်ရိက္ခာအမျိုးမျိုး ထုတ်လုပ်ရေးအတွက် နေ့စဉ်ကြိုးပမ်း လုပ်ကိုင်ဆောင်ရွက်လျှက်ရှိပါသည်။

ယနေ့အချိန်အခါတွင် ကမ္ဘာနှင့်တစ်ဝှမ်း ရာသီဥတု ပြောင်းလဲခြင်း၊ သစ်တောများ ပြုန်းတီးခြင်း၊ မြေဆီလွှာအဟာရလျော့နည်းလာခြင်း၊ မြေအဆင့်အတန်းလျော့ကျခြင်း၊  ပူပြင်းခြောက်သွေ့ခြင်း၊ ရေခမ်းခြောက်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းလာခြင်း၊ ပိုးမွှား များ ကျရောက်ခြင်း၊ သဘာဝဘေးအန္တရာယ်များ ကျရောက်ခြင်း စသည့် ပတ်ဝန်းကျင် ဆိုင်ရာ ပြဿနာများဖြစ်ပေါ် လျက်ရှိပြီး စားနပ်ရိက္ခာ ထုတ်လုပ်မှု ပမာဏလျော့နည်း ကျဆင်းခြင်း၊ အရည်အသွေးများကျဆင်းခြင်း၊ စားနပ်ရိက္ခာရှားပါးခြင်းတို့ ဖြစ်ပေါ်လျက်ရှိပါသည်။ အကျိုးဆက်အားဖြင့် စားနပ်ရိက္ခာဈေးနှုန်း ကြီးမြင့်ခြင်းများလည်း ဖြစ်ပေါ် လျက်ရှိပါသည်။

ယခုအခါတွင် ကမ္ဘာ့နိုင်ငံများ တွေ့ကြုံနေ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ၊ စိန်ခေါ် မှုများ၊ စားနပ်ရက္ခာဖူလုံရေးဆိုင်ရာ ကိစ္စရပ်များကို  ဖြေရှင်းရန် သဘာဝကို အခြေခံ သော ဖြေရှင်းခြင်း နည်းလမ်းများ (Nature-based solutions) ကို  အသုံးပြု  ရန် အလေးပေး ဆောင်ရွက်လာကြပါသည်။ ဥပမာအားဖြင့် စားနပ်ရိက္ခာဖူလုံရေးအတွက် သီးနှံစိုက်ပျိုး ထုတ်လုပ်ရာတွင် ရာသီဥတု သာယာမျှတစေရန် ထိန်းညှိပေးနိုင်ပြီး မြေဆီဩဇာကြွယ်ဝ စေသည့် သစ်ပင်များရောနှော စိုက်ပျိုးခြင်း၊  ရေဝေရေလဲဒေ သစ်တောများ ထိန်းသိမ်းခြင်း၊ မြေအသုံးချမှုစနစ်ကျ ထိရောက်မှန်ကန်စွာဆောင်ရွက်ခြင်း၊ ရာသီဥတုပြောင်းလဲမှုကို လျှော့ချ နိုင်မည့် စိုက်ပျိုးရေး နည်းစနစ်များ အသုံးပြုခြင်း (Climate Smart Agriculture-CSA)၊ ကောင်းမွန်သော စိုက်ပျိုးနည်းနှင့် မွေးမြူရေးစနစ်များ အသုံးပြုခြင်း စသည့် နည်းလမ်း များသည် ရိက္ခာဖူလုံရေးအတွက် အလွန်အထောက်အကူပြုနိုင်သည့်  သဘာဝ အခြေခံသော နည်းလမ်းများဖြစ်ပါသည်။ တနည်းအားဖြင့် သီးနှံသစ်တော ရောနှော စိုက်ပျိုးခြင်း (Agroforestry) နည်းစနစ်များကို အသုံးပြုခြင်းဖြင့်  စားနပ်ရိက္ခာဖူလုံခြင်း၊ ဂေဟစနစ် ထိန်းသိမ်းနိုင်ခြင်း၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ခြင်း စသည့် အကျိုးကျေးဇူးများ ရနိုင်မည်ဖြစ် ပါသည်။

စားနပ်ရိက္ခာဖူလုံရေး၊ အဟာရပြည့်ဝရေး၊ သစ်တောသယံဇာတများထာဝစဉ် တည်တံ့ရေး၊ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးတို့သည် ဆက်စပ်လျှက်ရှိပါသည်။ မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စိုက်ပျိုး ရေး ထုတ် ကုန်များနှင့် သားငါးမွေးမြူရေး ထုတ်ကုန်ထုတ်လုပ်သူ အများစုမှာ တစ်နိုင် တစ်ပိုင် စိုက်ပျိုးမွေးမြူသူများ၊ အသေးစားထုတ်လုပ်သူများ၊ အစုအဖွဲ့ဖြင့် ထုတ်လုပ် သူများ ဖြစ်ပါသည်။ စားနပ်ရိက္ခာ ထုတ်လုပ်နိုင်မှု ပမာဏနှင့် အရည်အသွေး သည် ရေ၊မြေ၊ ရာသီ ဥတု ကောင်းမွန်မှု နှင့် ထုတ်လုပ်သူများ၏ စွမ်းဆောင် ရည်အပေါ် တွင် များစွာမူ တည်နေပါသည်။ စိုက်ပျိုးခြင်း၊ သားငါးမွေးမြူခြင်း၊ ငါးဖမ်းခြင်း နှင့် ရေထွက် ပစ္စည်းများထုတ်လုပ်ခြင်း စသည့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အသေးစား လုပ်ငန်းများ၏ သဘောသဘာဝမှာ နေရာဒေသကို လိုက်၍သော်လည်းကောင်း၊  ဓလေ့ ထုံးတမ်းများ၊ ရိုးရာယဉ်ကျေးမှုများ၊ တန်ဖိုးထားစံနှုန်းများနှင့်သော်လည်းကောင်း ဆက်စပ်နေပြီး စားနပ်ရိက္ခာဖူလုံရေးအတွက် အကျိုးပြုလျှက်ရှိပါသည်။

 

သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း (Agroforestry)

သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်းသည် မြေအသုံးချမှု နည်းစနစ် တစ်မျိုးဖြစ်၍ ၎င်း အသုံးချခံမြေဧရိယာအပေါ်မှ ရေရှည်အကျိုးအမြတ် အများဆုံးရရှိရန် နှင့် သစ်တော ထွက် ပစ္စည်း၊ စိုက်ပျိုးသီးနှံ နှင့် မွေးမြူရေးထုတ်ကုန် (၃) မျိုးအနက် ထုတ်ကုန်တစ်မျိုး ထက်ပိုမို ထုပ်လုပ် နိုင်ရန် ရည်ရွယ်၍ လုပ်ကိုင်သော မြေယာအသုံးချမှု စနစ်တစ်ခုဖြစ်သည်ဟု အဓိပ္ပါယ် ဖွင့်ဆို နိုင်ပါသည်။

အခြေခံအားဖြင့် သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းစနစ် တွင် သစ်တောသစ်ပင်များ နှင့် ဆေးဝင်ပင်များ၊ နွယ်ပင်များ အပါအဝင် ရာသီသီးနှံအပင်များ၊ စားပင်သီးပင်များ၊ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများကို ဒေသနှင့် ကိုက်ညီသော အဖိုးတန် သစ်တောသစ်ပင်များ၊ ကြီးမြန်ပင်များ စုစည်းပူးပေါင်းစိုက်ပျိုးကာ မြေဧရိယာတစ်ခုတည်းမှ အထွက်နှုန်း ကောင်းမွန် အောင် ဆောင်ရွက်ခြင်းဖြစ်ပါသည်။ မြေအသုံးချ နည်းစနစ် အမှန်အကန်ဆုံးနှင့် မြေစွမ်းအား အပြည့်အဝ အသုံးချရေးအတွက် စုစည်းဆောင်ရွက်ခြင်းဖြစ်ပါသည်။ သဘာဝအရင်း အမြစ်များကို ရေရှည်အပြည့်အဝအသုံးချရေးအတွက် စီမံအုပ်ချုပ်ဆောင်ရွက်ခြင်း ဖြစ်ပါ သည်။ ဂေဟစနစ်ကိုတည်ငြိမ်စေပြီး ရာသီဥတုကို ထိန်းညှိပေးနိုင်သည့် သစ်တောသစ်ပင်များ နှင့်တွဲဖက်ပြီး စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ခြင်းဖြင့် ကျေးရွာအဆင့်၊ ဒေသအဆင့် ရာသီ ဥတုမျှတပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် အကျိုးကျေးဇူးများစေနိုင်ပါ သည်။

သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်းစနစ်တွင် သစ်တော သစ်ပင်များကို နှစ်ရှည် သို့မဟုတ် နှစ်ချင်း စားသုံး သီးနှံများနှင့် သော်လည်းကောင်း၊ တိရစ္ဆာန် အစားအစာ ဖြစ်သည့် အပင်များ၊ မြက်၊ ပဲမျိုးများ စသည့်တို့နှင့်သော်လည်းကောင်း ရောနှော  စိုက်ပျိုးလေ့ရှိပါသည်။ ငါး၊ပုဇွန် ၊ ဂဏန်းများနှင့် ဒီရေတောအပင်များ ရောနှောစိုက်ပျိုး မွေးမြူခြင်း၊ ကြက်၊ ဝက်၊ ဘဲ၊ ဆိတ်၊ ကျွဲ၊ နွားများ နှင့် သစ်တောသစ်ပင်များ ရောနှော စိုက်ပျိုး၊ မွေးမြူခြင်းတို့သည်လည်း သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်း လုပ်ငန်းများ ဖြစ်ပါသည်။

သီးနှံသစ်တောစိုက်ပျိုးနည်းစနစ် အမျိုးမျိုးရှိပါသည်။ သီးနှံသစ်တောရောနှောစိုက် ပျိုး ခြင်းတွင် ပါဝင်သည့် အစိတ်အပိုင်းများ အပေါ်မူတည်၍ လည်းကောင်း၊ မတူကွဲပြားသော ဒေသများ နှင့် ဂေဟစနစ်များ၊ မြေမျက်နှာသွင်ပြင်၊ ရာသီဥတု၊ မိရိုးဖလာစိုက်ပျိုးမှုပုံစံများ အပေါ်တွင် မူတည်၍ လည်းကောင်း သီးနှံသစ်တောစိုက်ပျိုးနည်းစနစ် အမျိုးမျိုး ကွဲပြားပါ သည်။သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်းတွင်  အခြေခံအားဖြင့် အောက်ဖေါ်ပြပါ မတူညီ သော စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတို့ပါဝင်သည်-

(က)    ရာသီသီးနှံနှင့် သစ်တောသစ်ပင်များ ရောနှောစိုက်ပျိုးသော စနစ် (Agri-silviculture)၊

(ခ)     သစ်တောသစ်ပင်များနှင့် ကျွဲ၊နွား၊ ဆိတ်၊ ကြက်၊ ဝက် စသည်တို့ ရောနှော စိုက်ပျိုး ဆောင်ရွက်သော စနစ် (Silvopastrol) ၊ 

(ဂ)     ရာသီသီးနှံနှင့် သစ်တောသစ်ပင်များ၊ ကျွဲ၊နွား၊ ဆိတ်၊ ကြက်၊ ဝက်  စသည့် တိရစ္ဆာန်များ ရောနှော စိုက်ပျိုး မွေးမြူသော စနစ် (Agro-silvopastrol) နှင့်

(ဃ)    သစ်တောသစ်ပင်များနှင့် ပျားတွဲဖက် မွေးမြူခြင်း၊ သစ်တောသစ်ပင်များ၊ ဒီရေတော အပင်များနှင့် ငါး၊ ပုဇွန်၊ ကဏန်း တွဲဖက် မွေးမြူခြင်း အပါအဝင်  ဘက်စုံစိုက်ပျိုး မွေးမြူ စနစ် (Multi-purpose tree lots, apiculture with trees, aquaculture with trees etc.)  တို့ ဖြစ်ပါသည်။

 

ထို့အပြင် ဒေသအလိုက် သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်း နည်းစနစ်များ ကွဲပြား ကြပြီး အပူပိုင်းဒေသများတွင် အောက်ဖေါ်ပြပါ သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်းနည်း စနစ်များ၊ ပုံစံများကို လည်း တွေ့နိုင်ပါသည်-

  1. တောင်ယာစိုက်ပျိုးခြင်း၊
  2. အပင်အလွှာစုံပါသည့် အိမ်ခြံဥယျာဉ် (Home Garden) တည်ထောင်စိုက်ပျိုးခြင်း၊
  3. သစ်တောစိုက်ခင်းနှင့် ရာသီသီးနှံ ရောနှောစိုက်ပျိုးခြင်း၊
  4. ပုံစံမျိုးစုံဖြင့် သစ်တောသစ်ပင်၊ ရာသီသီးနှံ၊ နှစ်ရှည်-နှစ်လတ်စားသီးနှံများ ရောနှော စိုက်ပျိုးခြင်း၊
  5. လေကာတန်းများ နှင့် အရိပ်ပင်တန်း စိုက်ပျိုးခြင်း၊
  6. အဓိက သီးနှံ/ နှစ်ရှည်-နှစ်လတ်စားသီးနှံ များ ကို အခြေပြုပြီး သစ်တောသစ်ပင်များ နှင့် ရောနှောစိုက်ပျိုးခြင်း၊
  7. ဥယျာဉ်သီးနှံစိုက်ခင်းများကြား လိုင်းအလိုက်စိုက်ပျိုးခြင်း၊
  8. မြစ်များ၊ စမ်းချောင်းများ တစ်လျောက် စိုက်ပျိုးခြင်း၊
  9. လယ်၊ယာများ၏ ဘေးပတ်လည်တွင် သစ်တောသစ်ပင်များ စိုက်ပျိုးခြင်း၊

 

          ဥပမာအားဖြင့် မြန်မာနိုင်ငံ အနှံအပြားတွင် တွေ့ရသော တောင်ယာစနစ်ဖြင့် ကျွန်းစိုက်ခင်းများ ထူထောင်ခြင်း၊ ဉယျာဉ်ခြံ စိုက်ပျိုးလုပ်ကိုင်ခြင်း၊ သစ်တောမြေများ အတွင်း စားကျက်ချထားခြင်း၊ သီးနှံတစ်ကန့်၊ သစ်တောတစ်ကန့် စိုက်ပျိုးခြင်း၊ လေကာ ပင်တန်း စိုက်ပျိုးခြင်း၊ ဉယျာဉ်ခြံများတွင် ခြံစည်းရိုးပင်များစိုက်ပျိုးခြင်း၊ တောတောင် စိုက်ခင်းများကို အမှီပြု၍ ပျားမွေးမြူခြင်း၊ ဒီရေတောဒေသများကို အမှီပြု၍ ငါး၊ ပုဇွန် မွေးမြူခြင်း စသော စိုက်ပျိုးမွေးမြူမှု လုပ်ငန်းများသည် သီးနှံသစ်တော စိုက်ပျိုးမှုစနစ်၏ အနီး စပ်ဆုံးသော ဉပမာများ ဖြစ်ပါသည်။

         

သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း အကျိုးကျေးဇူးများ

သီးနှံသစ်တောရောနှော စိုက် ပျိုးခြင်း ဖြင့် အောက်ဖေါ်ပြပါ အကျိုးကျေးဇူးများ ရရှိနိုင် ပါသည် -

(က)  မြေဧရိယာကို ထိရောက်စွာ  အပြည့်အဝ အသုံးပြုနိုင်ခြင်း၊

(ခ)    မြေတစ်ယူဧရိယာမှ ကုန်ထုတ်လုပ်မှု ပမာဏတိုးတက်လာစေခြင်း၊

(ဂ)    မြေဆီဩဇာပိုမိုကောင်းမွန်လာစေခြင်း၊

(ဃ)  မြေတိုက်စားမှုကို လျော့နည်းစေပြီး  မြေဆီလွှာထိန်းသိမ်းခြင်း ပိုမိုကောင်းမွန် လာစေခြင်း၊

(င)    ကျေးရွာ၊ ဒေသအဆင့် ရာသီဉတုမျှတစေရန် ထိန်းညှိပေးခြင်း၊

(စ)    သီးနှံ လုံးဝ ပျက်စီးယိုယွင်းမှုကဲ့သို့သော အန္တရာယ် လျော့နည်းစေခြင်း၊

(ဆ)  ဇီဝဒြပ်ထု လောင်စာ စွမ်းအင် ရရှိစေခြင်း၊

(ဇ)    လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေခြင်း နှင့် လယ်ယာဝင်ငွေတို့ကို ပို၍ တိုးပွား လာအောင် တိုးချဲ့ ဆောက်ရွက် လာနိုင်ခြင်း၊

(ဈ) သီးနှံစုံ စိုက်ပျိုးရေးနှင့် မွေးမြူရေး တွဲဖက်ဆောင်ရွက်သဖြင့် အဟာရပြည့် အစားအစာများ လုံလောက်စွာရရှိခြင်းစသည့်အကျိုးကျေးဇူးများရရှိနိုင်ပါသည်။

 

သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်းနည်းစနစ်ကို ပေါင်းစပ်ဆောင်ရွက်သင့်သော လုပ်ငန်း များ

          ရေ၊ မြေ၊ ရာသီဥတု၊ မြေမျက်နှာ သွင်ပြင်၊ ထုတ်ကုန်ဈေးကွက် တို့ကိုထည့်သွင်း စဉ်းစားပြီး အောက်ဖေါ်ပြပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်းလုပ်ငန်းကို  ပူးတွဲအကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ပါသည်-

(က) သစ်တောစိုက်ခင်းများ ပြန်လည်တည်ထောင်ခြင်း၊

(ခ)   ရွေ့ပြောင်းတောင်ယာမှ အမြဲတမ်း အခြေတကျ စိုက်ပျိုးလုပ်ကိုင်ခြင်း စနစ်ပြောင်း လဲခြင်း၊

(ဂ)   ရေဝေရေလဲ ထိန်းသိမ်းခြင်း၊ မြေဆီလွှာထိန်းသိမ်းခြင်းနှင့် လူမှုစီးပွားရေး၊ သစ်တော လုပ်ငန်းများ ဆောင်ရွက်ရာတွင် နည်းလမ်းတစ်ခုအဖြစ် ဆောင်ရွက်နိုင်ခြင်း၊

(ဃ) မတ်စောက်သောတောင်တန်းများတွင် ရေမြေထိန်းသိမ်းမှု လုပ်ငန်းများ အဖြစ် ကျင့် သုံး ဆောင်ရွက်ခြင်း၊

 (င)  သစ်ထွက်ပစ္စည်းနှင့် သစ်ထွက်မဟုတ်သော အခြားပစ္စည်းများ၊ လယ်ယာထွက်ကုန် ပစ္စည်းများ၊ မွေးမြူရေးလုပ်ငန်းများ  ပိုမို ထုတ်လုပ်ရေးအတွက် ဆောင်ရွက်ခြင်း၊

 (စ)  မြေအကန့်အသတ် ရှိသော အခြေအနေတွင် ထုတ်ကုန် တစ်မျိုးထက် ပိုမိုသော ထုတ် လုပ်မှု နိုင်ရေးနှင့် မြေအသုံးချမှု မှန်ကန်စေရေး ဆောင်ရွက်ခြင်း၊

(ဆ) ဘက်စုံပါဝင်သော စိုက်ပျိုးရေး၊ မွေးမြူရေး နည်းစနစ်အဖြစ် အကောင်အထည်ဖေါ် ခြင်း၊

(ဇ)   အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊

(ဈ) ကမ်းရိုးတန်းဒေသများတွင် ငါး၊ ပုဇွန်မွေးမြူရေးလုပ်ငန်းများကို ဒီရေတောအပင်များ ထည့်သွင်းစိုက်ပျိုးမွေးမြူခြင်း၊

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောလုပ်ငန်းများပေါင်းစပ်ဆောင်ရွက်ခြင်း

သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း နည်းစနစ်များသည် မိသားစုအလိုက် တစ်နိုင် တစ်ပိုင် ဆောင်ရွက်သော မိရိုးဖလာလုပ်ငန်းများဖြစ်သကဲ့သို့ အစုအဖွဲ့ဖြင့် ဆောင်ရွက်နိုင် သော လုပ်ငန်းလည်းဖြစ်ပါသည်။ မိမိ၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များနှင့်အညီ စီးပွားဖြစ် ဆောင်ရွက်နိုင်သော လုပ်ငန်းများဖြစ်ပါသည်။ နေရာဒေသ၊ ရာသီဥတု၊ ဈေးကွက် နှင့် ဒေသခံပြည်သူများ၏ စိတ်ဝင်စားမှုအပေါ် အခြေခံပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောလုပ်ငန်းများကို စနစ်တကျ ပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် စားနပ်ရိက္ခာဖူလုံရေးနှင့် ကျေးလက်ပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုမည်ဖြစ်ပါသည်။

 သစ်တောဉီးစီးဌာနအနေဖြင့် သစ်တောထိန်းသိမ်းရေး လုပ်ငန်းများကို အထောက် အကူပြုနိုင်ရန်၊ ကျေးလက်ဒေသနေပြည်သူများအတွက် သစ်တောထွက်ပစ္စည်းများ ဖြည့်ဆည်းနိုင် ရန်နှင့် လူမှုစီးပွားဖွံ့ဖြိးစေရန်အတွက် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော လုပ်ငန်း များ(Community Forestry) ကို ၁၉၉၅ ခုနှစ် တွင် စတင်ခွင့်ပြုခဲ့ပါသည်။ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော လုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များကို ၁၉၉၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပါသည်။ ဒေသခံပြည်သူများ သစ်တောထွက်ပစ္စည်းများကို မိမိသုံးစွဲရုံသာမက စီးပွားဖြစ်ထုတ်လုပ်ရောင်း ချနိုင်ရေးအတွက် ၂၀၁၉ ခုနှစ်တွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော လုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များ (Community Forestry Instructions) ကို ပြန်လည်ပြင်ဆင်ထုတ်ဝေခဲ့ပြီး ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများကို စည်းကမ်းချက် များနှင့်အညီ ခွင့်ပြုပေးလျက်ရှိပါသည်။

ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်သော ဒေသခံပြည် သူများသည် ညွှန်ကြားချက်များနှင့် အညီ ခွင့်ပြုထားသည့် သစ်တောမြေများတွင် စီမံချက် များရေးဆွဲပြီး သီးနှံသစ်တောရော နှောစိုက်ပျိုးခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ပါသည်။ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများမှ သစ်တောထွက်ပစ္စည်းများရရှိရုံ သာမက စားနပ်ရိက္ခာဖူလုံရေးအတွက် သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်းလုပ်ငန်းများ ဆောင်ရွက် နိုင်ရေးအတွက် သစ်တောဉီးစီးဌာနအနေဖြင့် အားပေးကူညီဆောင်ရွက် လျက်ရှိပါ သည်။

ယနေ့အချိန်အထိ နိုင်ငံနှင့်တဝှမ်း ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော ၉၈၃,၄၉၆ ဧက တည်ထောင်နိုင်ခဲ့ပြီး အစုအဖွဲ့ပေါင်း ၇,၀၇၈ က လုပ်ကိုင်ဆောင်ရွက်လျှက်ရှိပါသည်။ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောများတွင် သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း ၅၆၉,၆၇၃ ဧက နှင့် မြန်မာနိုင်ငံသစ်တောများပြန်လည်တည်ထောင်ရေးစီမံကိန်းတွင် ၈,၇၆၁ ဧက၊ သီးနှံသစ်တောရောနှောစိုက်ခင်း စုစုပေါင်း ၅၇၈,၄၃၄ ကို တည်ထောင်ခဲ့ပြီးဖြစ်သည်။ သစ်နှင့် သစ်တောထွက်ပစ္စည်းများ စဉ်ဆက်မပြတ်ထုတ်လုပ်ရေး၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ ကျေးလက်ပြည်သူများ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူများပူးပေါင်းပါဝင်သော သီးနှံသစ်တောရောနှောစိုက်ခင်းများကို တည်ထောင် စိုက်ပျိုး ခဲ့ခြင်း ဖြစ်ပါသည်။

စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ကိုင်ဆောင်ရွက်သော ကျေးလက်ပြည်သူများအနေဖြင့် မိမိ ကိုယ်ပိုင် လယ်၊ ယာများ တွင်ဖြစ်စေ၊ မိမိနေအိမ်ခြံဝန်းများ တွင်ဖြစ်စေ တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်း၊ မွေးမြူခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် သစ်တောသစ်ပင်များ၊ စားပင် သီးပင်များကို ထည့်သွင်းပေါင်းစပ်စိုက်ပျိုးခြင်းဖြင့် မိမိရပ်ရွာဒေသတွင် ရာသီဥတုကောင်း မွန်မျှတပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ပိုမိုအောင်မြင်ဖြစ်ထွန်းနိုင်ပါသည်။ စားနပ်ရိက္ခာဖူလုံပြီး လူမှုစီးပွား ဖွံ့ဖြိုးနိုင်မည်ဖြစ်ပါသည်။

အလားတူ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း ဆောင်ရွက်သော အစုအဖွဲ့ များ၊ တစ်နိုင်တစ်ပိုင်သစ်တောစိုက်ခင်းတည်ထောင်သူများ အနေဖြင့်လည်း မိမိတို့၏ သစ်တော ထိန်းသိမ်းရေး၊ သစ်တောစိုက်ခင်းလုပ်ငန်းများတွင် ဒေသအလိုက် စပါး၊ ပဲ၊ ပြောင်း၊ နှမ်း အပါအဝင် ရာသီအလိုက် ဟင်းသီးဟင်းရွက်နှင့်သီးနှံများ ထည့်သွင်းစိုက်ပျိုးခြင်း၊ နှစ်ရှည် သီးပင်စားပင်များ ထည့်သွင်း စိုက်ပျိုးခြင်း၊ ဒေသနှင့် ကိုက်ညီသော မွေးမြူ ရေးလုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် သစ်တောထွက်ပစ္စည်းများ ရရှိရုံ သာမက စားနပ်ရိက္ခာများ ဖူလုံပြီး  လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူပြုနိုင်မည် ဖြစ်ပါ သည်။ တနည်းအားဖြင့် သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းဖြင့် ရာသီဥတုမျှတပြီး စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများပိုမိုအောင်မြင်ဖြစ်ထွန်းကာ စားနပ်ရိက္ခာဖူလုံရေးကို အထောက် အကူပြုနိုင်မည် ဖြစ်ပါသည်။

 

 

 

 

သစ်တောမောင်