ထိုင်းနိုင်ငံ လူထုဖွံ့ဖြိုးရေးဌာန၏ မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် ဒေသတွင်းနိုင်ငံများ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး

Ministry of Cooperatives and Rural Development | Jul 22, 2024

စာရေးသူအနေနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲမှုလျော့ချရေးနှင့် လူထုဗဟိုပြုစီမံကိန်း အတွေ့အကြုံ ဖလှယ်ရေးအလုပ်ရုံဆွေးနွေးပွဲများ၊ လေ့လာရေးခရီးစဉ် များအတွက် ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ဖူးပါသည်။ ကိုဗစ်ကာလမှစ၍ ပြည်ပနိုင်ငံ များသို့ သွားရောက်ခြင်း မပြုခဲ့သော်လည်း ၂၀၂၃ ခုနှစ်အတွင်း (၂၆.၁၁.၂၀၂၃) မှ (၂.၁၂.၂၀၂၃) အထိ ထိုင်းနိုင်ငံ၏ Sufficiency Economic Philosophy-SEP အစီအစဉ်နှင့် ဆောင်ရွက် ထားသည့် ဆင်းရဲမှုလျော့ချရေးဆိုင်ရာ အကောင်အထည်ဖော်မှု အခြေအနေများအား Theory ပိုင်း လေ့လာခြင်း၊ ကျေးရွာ(၂)ရွာအား လက်တွေ့ကွင်းဆင်းလေ့လာခြင်းတို့ကို “ထိုင်းနိုင်ငံ လူထုဖွံ့ဖြိုးရေးဌာန၏ မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ”မှ ထောက်ပံ့ငွေဖြင့်ကျခံကာ ဖိတ်ကြား ချက်အရ သွားရောက်ခဲ့ပါသည်။ အဆိုပါ ထောက်ပံ့ငွေဖြင့်ပင် ဆင်းရဲမှု လျော့ချရေး ဆိုင်ရာ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားသည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ လန်ချန်း-မဲခေါင် စီမံကိန်းမြို့များရှိ ဆင်းရဲမှုလျော့ချရေးကျေးရွာများသို့ လေ့လာရေးအစီအစဉ်ဖြင့် (၃.၁၂.၂၀၂၃)မှ (၁၀.၁၂.၂၀၂၃)အထိ သွားရောက်ခဲ့ပါသည်။

          တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ဆောင်ရွက်လျက်ရှိသည့် ဆင်းရဲမှု ပပျောက်ရေးနှင့် ကျေးလက်ဒေသရှင်သန် ဖြစ်ထွန်းရေးလုပ်ငန်းများအား လေ့လာခြင်းနှင့် လေ့လာရေးခရီးစဉ်တစ်လျှောက်မှ ရရှိလာသော အတွေ့အကြုံများအပေါ်အခြေခံ၍ မိမိတို့ နိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီသော Project Design အား ရေးဆွဲ၍ သက်ဆိုင်ရာ မဲခေါင်-လန်ချန်းနိုင်ငံ အသီးသီး၏ ဆင်းရဲမှုလျော့ချရေး လုပ်ငန်းများတွင် ထိရောက်စွာပြန်လည် အသုံးချနိုင်ရန်နှင့် မဲခေါင်-လန်ချန်းနိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှု များ ပိုမိုတိုးတက် မြင့်မားလာစေရန် ရည်ရွယ်ချက်ဖြင့် ထိုင်းနိုင်ငံ လူထုဖွံ့ဖြိုးရေးဌာနမှ ဖိတ်ကြားခဲ့ခြင်းဖြစ်ပါသည်။

အလုပ်ရုံဆွေးနွေးပွဲနှင့် လေ့လာရေးသွားရောက်သူများ

ထိုင်းနိုင်ငံနှင့်တရုတ်နိုင်ငံ အလုပ်ရုံဆွေးနွေးပွဲသို့ သွားရောက်သူများမှာ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ စာရေးသူနှင့် ဆင်းရဲမှုလျော့ချရေးနှင့် သက်မွေးဝမ်းကျောင်း အထောက်အကူပြုဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဇောဟိန်း၊ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကြက်မောက်ကျေးရွာမှ မြစိမ်းရောင်ကျေးရွာ ကော်မတီဝင်တစ်ဦးဖြစ်သူ ဒေါ်ရတနာအောင်ကျော်မင်းနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ ရိုးကြီးကျေးရွာမှ မြစိမ်းရောင်ကျေးရွာကော်မတီဝင် တစ်ဦးဖြစ်သူဘဏ္ဍာရေးမှူး ဒေါ်အေးစန်းဝေတို့ တက်ရောက် ခဲ့ပါသည်။ မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် တရုတ်၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ထိုင်းနိုင်ငံတို့မှလည်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးဆိုင်ရာ အစိုးရအရာရှိ (၂)ဦး နှင့် ကျေးရွာသူ/ကျေးရွာသား(၂)ဦး၊ စုစုပေါင်း(၄)ဦးစီ တက်ရောက်ခဲ့ပါသည်။ အိမ်ရှင် ထိုင်းနိုင်ငံမှလည်း ပြည်ထောင်စုအဆင့်၊ ဒေသန္တရအဆင့် ကျေးရွာအဆင့် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ပါသည်။ ရက်သတ္တ(၂)ပါတ်ကြာ လေ့လာရေးခရီး သွားရောက်ခဲ့ရသောကြောင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုရရှိခဲ့ပါသည်။  လေ့လာရေး ခရီးစဉ်တွင် ယခင် မဲခေါင်-လန်ချန်း ညှိနှိုင်းအစည်းအဝေးများတွင် အတူတက်ရောက်ခဲ့သူများ ပါဝင်ခဲ့သဖြင့် အထူးပျော်ရွှင် ဝမ်းမြောက်ခဲ့ပါသည်။

ထိုင်းနိုင်ငံ  လေ့လာရေးခရီးစဉ်

          (၂၇-၁၁-၂၀၂၃)ရက်နေ့တွင် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားအား ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Central Government Complex ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ထိုင်းနိုင်ငံ လူထုဖွံ့ဖြိုးရေးဌာန၊ စီးပွားရေးနှင့် လူထုဖွံ့ဖြိုးတိုးတက်ရေးဌာန၊ ဘဏ္ဍာရေးနှင့် အသေးစား ငွေရေးကြေးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြား ထားသော မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။

          ဆက်လက်၍ ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် လူထုဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူးမှ ထိုင်းနိုင်ငံ၏ ဆင်းရဲမှုပပျောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး ဘဏ္ဍာရေး နှင့် အသေးစားငွေရေးကြေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးမှ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည့်စုံဖူလုံသော စီးပွားရေး ဖြစ်ထွန်း လာစေရေးဒဿန အခြေခံသည့် ပြည့်စုံလုံလောက်မှုရှိသော စီးပွားရေး အသိပညာ (Sufficiency Economy Philosophy-SEP)ဖြင့် လက်တွေ့ကျင့်သုံးဆောင်ရွက်နေမှု အခြေအနေနှင့် ရရှိလာသော အတွေ့အကြုံကောင်းများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          (၂၈-၁၁-၂၀၂၃)ရက်နေ့တွင် ဘဏ္ဍာရေးနှင့် အသေးစားငွေရေးကြေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးမှ အခြေခံလူတန်းစားများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ၊ ကျေးရွာ(၁)ရွာ ထုတ်ကုန်(၁)မျိုး ဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်တွင်း/ပြည်ပ နိုင်ငံတကာ ဈေးကွက်သို့ ချိတ်ဆက်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ကျေးရွာ(၁)ရွာ ထုတ်ကုန်(၁)မျိုး ဆောင်ရွက်သည့် ကျေးရွာများအား ကမ္ဘာလှည့် ခရီးသွားဒေသအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          ထို့နောက် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် မဲခေါင်-လန်ချန်းအဖွဲ့ဝင် နိုင်ငံများမှ နိုင်ငံအလိုက် Country Presentation ရှင်းလင်းတင်ပြခဲ့ရာ မြန်မာနိုင်ငံအနေဖြင့် စာရေးသူမှ Poverty Reduction on Sustainable Rural Development Measures ခေါင်းစဉ်ဖြင့် ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များသည် (၂၉-၁၁-၂၀၂၃)ရက်နေ့ Silk Festival-Silk Success Sustainability အရောင်းစင်တာရှိ ကျေးလက် ထုတ်ကုန်များရောင်းချလျက်ရှိသည့် ဆိုင်ခန်းများသို့ သွားရောက်လေ့လာခဲ့ပါသည်။ ထို့နောက် နာခွန်နာရော့ခ်ပြည်နယ်ရှိ ဘန်သန်ကျေးရွာတွင် ပြည့်စုံလုံလောက်မှုရှိသော စီးပွားရေး အသိပညာဖြင့် (Sufficiency Economy Philosophy-SEP)ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးလုပ်ငန်းများ၊ ရန်ပုံငွေ ထူထောင်ထားရှိမှု အခြေအနေများ၊ မီးဖိုချောင် စွန့်ပစ် အမှိုက်များမှ သဘာဝမြေဩဇာ ထုတ်လုပ်ခြင်း၊ တစ်နိုင်တစ်ပိုင်သုံး မြေဆွေး၊ မြေဩဇာ ပြုလုပ်ခြင်းနှင့် စွန့်ပစ်တာယာများဖြင့် အလှပန်းအိုး စိုက်ပျိုးရောင်းချနေမှုများအား သွားရောက် လေ့လာခဲ့ပါသည်။ ထူးခြားချက်မှာ စီံမံကိန်းအားဦးဆောင်သူမှာ လူငယ်တစ်ဉီးဖြစ်ပြီး ဂျပန်နိုင်ငံတွင် စိုက်ပျိုးရေးလုပ်ငန်းများ သွားရောက်လုပ်ကိုင် အတွေ့ကြုံများ ရယူကာ မိမိကျေးရွာ စီးပွားရေး၊ လူနေမှုအဆင့်အတန်း မြင့်မားအောင် တက်တက်ကြွကြွ ဆောင်ရွက်ခြင်း ဖြစ်ပြီး ကျေးရွာသူ၊ ကျေးရွာသားများက အားတက်သရော လိုက်ပါဆောင်ရွက်ကြကြောင်း အားကျဖွယ်တွေ့ရှိရပါသည်။

          (၃၀-၁၁-၂၀၂၃)ရက်နေ့တွင် Ban Ban Khan Tai ကျေးရွာရှိ စွန့်ပစ်အမှိုက် စီမံခန့်ခွဲနေမှုစနစ်များ၊ စွန့်ပစ်အမှိုက် ပြန်လည်အသုံးချသည့် နည်းလမ်းများနှင့် Green House စနစ်ဖြင့် ဉယျာဉ်ခြံ စိုက်ပျိုးရေးလုပ်ငန်းများသို့ သွားရောက်လေ့လာခဲ့ပါသည်။ ဆက်လက်၍ (၂-၁၂-၂၀၂၃)ရက်နေ့တွင် ဘန်ကောက်အနုပညာနှင့် ယဉ်ကျေးမှု Center သို့ သွားရောက်လေ့လာခဲ့ပါသည်။

မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများမှ ရေးဆွဲထားသော ဆင်းရဲမှုလျော့ချရေးဆိုင်ရာစီမံကိန်း ဒီဇိုင်း၏ Action Plan ဆွေးနွေးခြင်း

          ပြည့်စုံလုံလောက်မှုရှိသောစီးပွားရေးအသိပညာ အလုပ်ရုံဆွေးနွေးပွဲနှင့် လေ့လာရေး ခရီးစဉ်မှ ရရှိလာသောအတွေ့အကြုံကောင်းများကို အခြေခံ၍ မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံ များမှ မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် ဆင်းရဲမှုလျော့ချရေးဆိုင်ရာ စီမံကိန်းရေးဆွဲ၍ နိုင်ငံ အလိုက် ဆောင်ရွက်မည့် Action Plan ရေးဆွဲတင်ပြခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံနှင့် ကိုက်ညီသည့် ဆင်းရဲမှုလျော့ချရေး ဆိုင်ရာ စီမံကိန်းအား “Enhancing Rural Livelihoods for Poor Households in Myanmar” စီမံကိန်းအမည်ဖြင့်ရေးဆွဲခဲ့ပြီး ဆောင်ရွက်မည့် အစီအစဉ် Action Plan အား (၁.၁၂.၂၀၂၃)ရက်နေ့တွင် စာရေးသူမှ ဘန်ကောက်မြို့အလုပ်ရုံ ဆွေးနွေးပွဲတွင် တင်ပြဆွေးနွေးခဲ့ပါသည်။

တရုတ်နိုင်ငံ  လေ့လာရေးခရီးစဉ်

          မဲခေါင်-လန်ချန်းအဖွဲ့ဝင် ကိုယ်စာလှယ်များသည် (၃-၁၂-၂၀၂၃)ရက်နေ့တွင် အလုပ်ရုံ ဆွေးနွေးပွဲတက်ရောက်ရန်နှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ အတွေ့အကြုံကောင်းများသွား ရောက်လေ့လာရန်အတွက် ထိုင်းနိုင်ငံဘန်ကောက်မြို့မှ တရုတ်နိုင်ငံယူနန်ပြည်နယ် ကူမင်းမြို့၊ ကူမင်းမှတဆင့်လင်ချန်းမြို့သို့ လေယာဉ်(၂)ဆင့်စီး၍ ရောက်ရှိခဲ့ပါသည်။ (၄-၁၂-၂၀၂၃) ရက်နေ့တွင် ဖွင့်ပွဲအခမ်းအနား ကျင်းပဆောင်ရွက်ခဲ့ပြီး လင်ချန်းမြူနီစပယ်အစိုးရမှ တာဝန်ရှိသူများ(International Poverty Reduction Centre in China IPRCC)) အပြည်ပြည်ဆိုင်ရာ ဆင်းရဲမှုလျော့ချရေးဗဟိုဌာန) ဒုတိယညွှန်ကြားရေးမှူးချုပ်အပါအဝင် တာဝန်ရှိသူများ ယူနန်ပြည်နယ် IPRCC ဒုတိယညွှန်ကြားရေးမှူးချုပ်အပါအဝင် တာဝန် ရှိသူများမှ တက်ရောက် ခဲ့ပါသည်။ ဒီဇင်ဘာလဖြစ်၍ ဆောင်းရာသီ အအေးဓာတ် သိသိသာသာ ခံစားရကာ မြန်မာ၊ ထိုင်းနှင့် အလွန်ကွာခြားသည့် ရာသီဉတု ပြောင်းလဲမှုများကို တွေ့ကြုံခဲ့ရပါသည်။

          (၄-၁၂-၂၀၂၃)ရက်နေ့တွင်(International Poverty Reduction Centre in China (IPRCC)) အပြည်ပြည်ဆိုင်ရာ ဆင်းရဲမှုလျော့ချရေးဗဟိုဌာနမှ တာဝန်ရှိသူများမှ တရုတ် နိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ မူဝါဒနှင့် နည်းဗျူဟာများ၊ ရိုးရာယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသမ်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် ယူနန်ပြည်နယ် အစိုးရတာဝန်ရှိသူမှ ပြည့်စုံလုံလောက်မှုရှိသော စီးပွားရေး အသိပညာ (Sufficiency Economy Philosophy-SEP)ကို အခြေခံ၍ ကျေးလက်စီးပွားရေး၊ လူမှုရေးနှင့်ရိုးရာယဉ်ကျေးမှု ဖွံ့ဖြိုးလာစေရန်အတွက် လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးခဲ့ပြီး လင်ချန်း မြူနီစပယ်အစိုးရ တာဝန်ရှိသူမှ ဒေသထွက်သဘာဝ အရင်းအမြစ်များနှင့် လူ့စွမ်းအားအရင်းအမြစ်များ ပေါင်းစပ်၍ ကျေးလက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အစိုးရ၊ ပြည်သူ၊ ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်ခြင်းမှ ရရှိလာသည့် အတွေ့အကြုံကောင်းများကို မျှဝေဖလှယ် ဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ အဖွဲ့ဝင်ကိုယ်စားလှယ်များအဖွဲ့သည် (၅-၁၂-၂၀၂၃)ရက်နေ့တွင် ဘိုရှန်း မြို့နယ်၊ အိုးလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းသို့လည်းကောင်း၊ လင်ချန်းမြို့နယ် ဇုန်ရှန်ကျေးရွာ ဝါးလုပ်ငန်း စက်ရုံသို့လည်းကောင်း၊ လင်ချန်းနည်းပညာ ကောလိပ်သို့ လည်းကောင်း သွားရောက်လေ့လာခဲ့ပါသည်။ (၇-၁၂-၂၀၂၃)ရက်နေ့တွင် ဖန်ကျင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ သစ်ကြားသီးစိုက်ပျိုး ထုတ်လုပ်ရေးလုပ်ငန်း၊ Erdahoe ကျေးရွာရှိ ခရီးသွားလုပ်ငန်း နှင့် လင်ချန်းမြို့ရှိ ပြည်သူ့ဆေးရုံသို့ သွားရောက်လေ့လာခဲ့ပါသည်။ (၈-၁၂-၂၀၂၃)ရက်နေ့တွင် အန်ရှီကျေးရွာရှိ လက်ဖက်စိုက်ပျိုးထုတ်လုပ်နေမှုနှင့် ဈေးကွက်ချိတ်ဆက်ရောင်းချနေမှု တို့အား သွားရောက်လေ့လာခဲ့ပါသည်။

          လင်ချန်း ခရီးစဉ်ပြီးဆုံး၍ ကူမင်းသို့ပြန်လာစဉ် ကူမင်း၌ ယခင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် IPRCC စီမံကိန်း အတူလက်တွဲ ဆောင်ရွက်ခဲ့သည့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးတွင် (၁)နှစ်ကျော်စီခန့် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ကဏ္ဍ အလိုက် စီမံကိန်းတာဝန်ခံများ ပြန်လည်တွေ့ဆုံ၍ အားလုံးပျော်ရွှင် ဝမ်းမြောက်ခဲ့ပါသည်။ ယူနန် IPRCC အဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ မြန်မာနိုင်ငံတွင် ကာလရှည် တာဝန်ထမ်းဆောင်ခဲ့ကြသူများမှ ကူမင်းတွင်ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။

မိမိတို့ဝန်ကြီးဌာနမှ လက်တွေ့ဆောင်ရွက်လျှက်ရှိသည့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ လေ့လာခွင့်ရရှိ၍ တိုက်ရိုက်ပြန်လည်အသုံးချနိုင်သည့် အသိပညာ၊ အတွေ့အကြုံဗဟုသုတများ ရရှိခဲ့ပါသည်။ ရရှိသည့်အတွေ့အကြုံပေါ်မူတည်၍ ကျေးရွာ(၁) ရွာတွင် မိမိနိုင်ငံနှင့် ကိုက်ညီသည့် စီမံကိန်းဒီဇိုင်းနှင့် ဆောင်ရွက်မည့် Action Plan တို့ကို ယူနန်ပြည်နယ် လင်ချန်းမြို့တွင် Work Plan နှင့် Budget Plan ပါ ပူးတွဲ၍ ၆.၁၂.၂၀၂၄ ရက်နေ့တွင် တင်ပြခဲ့ရပါသည်။

          ထိုစီမံကိန်း ဆောင်ရွက်ရန်အတွက် တစ်နိုင်ငံလျှင် USD(10000) ကို ထိုင်းနိုင်ငံ လူထုဖွံ့ဖြိုးရေးဌာနမှ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ၂၀၂၃ ခုနစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ (၄)လအတွင်း စီမံကိန်း အကောင်အထည်ဖော်ရမည် ဖြစ်ကြောင်းတစ်ပါတည်း သတင်းပေး ခဲ့ပါသည်၊၊ လေ့လာရေးခရီးစဉ်မှ ပြန်လာပြီး သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အတွင်း အထွေထွေပိုလျှံရန်ပုံငွေ(GRF) မှ သုံးစွဲခွင့် တင်ပြခဲ့ရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အချိန်မီ ရရှိခဲ့ပါသည်။ ၂၀၂၄ ခုနစ်၊ ဇန်နဝါရီလတွင် ထိုင်းနိုင်ငံ လူထုဖွံ့ဖြိုးရေးဌာနသို့ ဒီဇိုင်းတင်ပြခဲ့သည့် စီမံကိန်းကို ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ ရိုးကြီးကျေးရွာရှိ အခြေခံလို အပ်ချက်အများဆုံး အိမ်ထောင်စု (၃၀) ရွေးချယ်၍ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများတွင် ထောက်ပံ့ရန် အသေးစိတ် ဒီဇိုင်းဖြင့် ပြန်လည် တင်ပြခဲ့ရာအတည်ပြု၍  အမေရိကန်ဒေါ်လာ ၉၂၀၄.၇၆ ကို ၂၀၂၄ခုနစ် မတ်လတွင် လွှဲပြောင်းပေးခဲ့သဖြင့် စီမံကိန်း စတင် အကောင်အထည်ဖော်ဆောင်ရွက်လျှက် ရှိပါသည်။

China Media အဖွဲ့နှင့် Interview အစီအစဉ်

          (၇.၁၂.၂၀၂၃) ရက်နေ့တွင် China Media အဖွဲ့နှင့် Interview အစီအစဉ်၌ မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်များမှ အောက်ပါမေးခွန်းများကို နိုင်ငံအလိုက် ဖြေကြား ခဲ့ရာ မြန်မာကိုယ် စားလှယ်အဖွဲ့အနေဖြင့်၊စာရေးသူမှ ဖြေကြားခဲ့ပါသည်-

မေး       လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု ယန္တရားကို ဘယ်လိုထင်ပါသလဲ။

 ဖြေ       လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု ယန္တရားသည် လန်ချန်း-မဲခေါင် နိုင်ငံများအကြား နယ်စပ်ဖြတ်ကျော်စီးပွားပူးပေါင်းဆောင်ရွက်မှု၊ စီပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးနှင့် ဆင်းရဲ နွမ်းပါးမှုလျော့ချရေးအပါအဝင် နယ်ပယ်များအသီးသီးတွင် အမျိုးမျိုးသော ကိစ္စရပ်များအတွက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် ဖွံဖြိုးဆဲ နိုင်ငံများအတွက် အကျိုးကျေးဇူးတွေ အများကြီး ပေးဆောင်တဲ့ ယန္တရား ကောင်း တစ်ခုအဖြစ် ယုံကြည်ပါကြောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်း ဆောင်ရွက်မှု ယန္တရားကြောင့် တရုတ်နိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံများ၏ အတွေ့အကြုံများ လေ့လာခွင့်ရခြင်းနှင့် ယင်းအပေါ် အခြေခံပြီး တရုတ် နိုင်ငံနှင့် လန်ချန်း-မဲခေါင်ရန်ပုံငွေဖြင့် ကျေးလက်ဖွံ့ဖြိုးရေးစီမံကိန်းများ လက်တွေ့ ဆောင်ရွက်ခွင့်ရရှိပါကြောင်း၊ learning by doing ပြုလုပ် ဆောင်ရွက်ခြင်းဖြင့် အဖွဲ့ဝင်နိုင်ငံများအကြား ပိုမိုမျှဝေခွင့်ရရှိတဲ့အတွက် အကျိုးကျေးဇူးများ ရရှိစေတဲ့ ယန္တရားတစ်ခုဖြစ် ပါကြောင်း၊

မေး        လင်ချန်းမြို့ကိုရောက်ရှိလေ့လာပြီး သင့်ရဲ့စိတ်ကို ဘယ်အရာက နှစ်ခြိုက် ထင်ဟပ်စေပါသလဲ။

ဖြေ        လင်ချန်းမြို့သို့ ကွင်းဆင်းလေ့လာစဉ် နှစ်ခြိုက်သဘောကျမိသော နေရာ မှာ မိမိတို့မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သောကြောင့် စိုက်ပျိုးရေး သိပ္ပံနှင့်နည်းပညာ သရုပ်ပြဥယျာဉ်ခြံ စိုက်ပျိုးရေးလုပ်ငန်း ဖြစ်ပါကြောင်း၊ ဒါ့ကြောင့် မိမိအနေနဲ့ တရုတ်နိုင်ငံသို့ ကွင်းဆင်း လေ့လာစဉ်တွင် “Cloud Cultivation” စီမံကိန်းကို ပိုမိုစိတ်ဝင်စား မိပါကြောင်း၊ မြန်မာ နိုင်ငံသည် ကမ္ဘာတဝှမ်းက ဖွံ့ဖြိုးဆဲနိုင်ငံတွေ ထဲကတစ်ခုဖြစ်တဲ့အတွက် စိုက်ပျိုးရေးကဏ္ဍမှာ ခေတ်မီနည်းပညာ ကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်မှု နည်းပါးတဲ့အတွက် ကျေးလက်နေပြည်သူများက ရိုးရာစိုက်ပျိုးနည်း ကိုသာ အများဆုံး အသုံးပြုဆောင်ရွက်ကြပါတယ်။ တရုတ်နိုင်ငံရှိ “Cloud Cultivation” စီမံကိန်းကို လေ့လာခွင့်ရတဲ့အတွက် ကျေးဇူး တင်ရှိပါကြောင်း၊ မြန်မာနိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် အဆိုပါလေ့လာတွေ့ရှိချက်များကို ပြန်လည် မျှဝေသွားမည် ဖြစ်ပါကြောင်း ၊

မေး        လင်ချန်းမြို့ရှိ ကျေးလက်ဒေသရှင်သန်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချ ရေးများကို လေ့လာပြီး အလေ့အကျင့်ကောင်းပုံစံတွေက ဘာတွေလို့ သင်ထင်ပါသလဲ။

                ဖြေ      ကျေးလက်နေပြည်သူများအတွက် ကုန်ထုတ်စွမ်းအားနှင့် ဝင်ငွေကို မြှင့်တင်ပေးနိုင်သည့် ရေရှည်တည်တံ့သော စိုက်ပျိုးရေး အလေ့အကျင့် များ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင်ဒေသခံပြည်သူများ တက်ကြွစွာ ပါဝင် ဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများ၊ သဘာဝပတ်ကျင်းကို ကာကွယ် ထိန်းသိမ်း စောင့်ရှောက်သည့် အလေ့အကျင့်များ၊ အစိုးရ၊ ပုဂ္ဂလိကကဏ္ဍနှင့်အရပ်ဘက်အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက် သည့် အလေ့အကျင့်များ (ဥပမာ-လက်ဖက်ခြောက်၊ ကော်ဖီ) စသဖြင့် ကဏ္ဍအလိုက် အလေ့အကျင့်ကောင်းပုံစံများ လေ့လာတွေ့ရှိရပါ ကြောင်း၊

မေး   တရုတ်နိုင်ငံ၏ ဆင်းရဲမှုအလေ့အကျင့်ပုံစံကို ဘယ်လိုထင်ပါသလဲ   

ဖြေ     တရုတ်နိုင်ငံသည် ဆင်းရဲမှုလျော့ချရေး ဆောင်ရွက်ရာတွင် ချဉ်းကပ်မှု နည်းလမ်းဖြင့် ကျေးလက်နေပြည်သူများ၏ ဆင်းရဲမှုအခြေအနေများကို အသေးစိတ် လေ့လာပြီး လိုအပ်ချက်များကို ဖြည့်ဆည်း ထောက်ပံ့ပေး နိုင်ရေး ဆောင်ရွက်ပေးပါကြောင်း၊ စီးပွားရေးကဏ္ဍတွင် အလုပ်အကိုင် ဖန်းတီးပေးခြင်း၊ စက်မှုထွန်းကားရေးနှင့် စွန့်ဦးတီထွင်မှုပံ့ပိုးပေးခြင်း၊ ပညာရေးကဏ္ဍတွင် အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ် ပေးခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေခြင်း အစရှိသဖြင့် ကဏ္ဍအသီးသီ တွင် အလေ့အကျင့်ကောင်းပုံစံများဖြင့် ဆောင်ရွက်ခြင်း ကြောင့် တရုတ်နိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် ဆင်းရဲမှုအဆုံး သတ်ရေး SDG Goal မျှော်မှန်းချက်ထက် ၁၀ နှစ်စော၍ ဆင်းရဲမှုပပျောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရသည့် အတွက် ဆင်းရဲမှုပပျောက်ရေး ဆောင်ရွက်သည့် အလေ့အကျင့်များသည် အရယူသင့်သည့် အလေ့ အကျင့်ကောင်း ပုံစံများ ဖြစ်ပါကြောင်း၊

မေး    တရုတ်နိုင်ငံသို့ လေ့လာရေးခရီးစဉ်လာသည့်အပေါ် အဆိုပြုပြောချင် တာများရှိပါသလား။

          ဖြေ    တရုတ်နိုင်ငံ၏ ကျေးလက်ဒေသရှင်သန်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျော့ချရေး လုပ်ငန်းများ၏ အတွေ့အကြုံများ၊ အလေ့အကျင့်ကောင်း ပုံစံများ၊ သင်ခန်းစာများအား လေ့လာခွင့် ရရှိတဲ့အတွက် ကျေးဇူးတင်ရှိ ပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိတဲ့အခါ ထိုအလေ့အကျင့်ကောင်း ပုံစံများကို ပြန်လည်မျှဝေ၍ ကျေးလက်ဒေသ ဆင်းရဲမှုလျော့ချရေး စီမံကိန်း လုပ်ငန်းများအတွက် အကျိုးရှိရှိ အသုံးချ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

လေ့လာတွေ့ရှိချက်များ

 ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ သွားရောက်လေ့လာခဲ့သည့် ခရီးစဉ်အတွင်း ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း လေ့လာတွေ့ရှိခဲ့ပါသည်-

(က)   ထိုင်းနိုင်ငံနှင့်တရုတ်နိုင်ငံတို့သည် ကျေးလက်ဒေသများတွင် ဆင်းရဲမှုပပျောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ ကျေးလက်နေပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ဝတ္ထုပိုင်းဆိုင်ရာနှင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍအသီးသီးတွင် ယဉ်ကျေးမှု/ ဘာသာတရား အလေ့အကျင့်ကောင်းများကို ဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် ဆင်းရဲမှု လျော့ချရေးလုပ်ငန်းများအား ရေရှည် ဖွံ့ဖြိုးတိုးတက် အောင်မြင်စေရေးကို ပြည့်စုံလုံလောက်မှုရှိသော စီးပွားရေး အသိပညာ (Sufficiency Economy Philosophy-SEP model)ကို လက်တွေ့ကျင့်သုံး ဆောင်ရွက်လျက်ရှိပြီး အမှန်တကယ် အောင်မြင်မှုများ ရရှိနေပါကြောင်း၊

(ခ)     ထိုင်းနိုင်ငံသည် ကျေးလက်ဒေသများဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကျေးရွာ တစ်ရွာထုတ်ကုန်တစ်မျိုးအား အခြေခံမူ(၃)ရပ်ဖြစ်သော နိုင်ငံတကာဈေးကွက် ရရှိရေး၊ ထုတ်လုပ်ဖန်တီးနိုင်ရေး၊ ပြည်သူများ၏ စွမ်းဆောင်ရည်မြှင့်မားရေးဖြင့် ဆောင်ရွက်လျက်ရှိပြီး အဆိုပါကျေးရွာများအား ကမ္ဘာလှည့်ခရီးသွား ဒေသအဖြစ် ဖော်ဆောင်ပြီး ကျေးလက်ဒေသများ၏ စီးပွားရေးကို မြှင့်တင်ပေးလျက် ရှိပါကြောင်း၊

(ဂ)     ထိုင်းနိုင်ငံ၏ ကျေးလက်ဒေသများတွင် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု စနစ်အား ထိရောက်စွာ ဆောင်ရွက်လျက်ရှိပြီး မီးဖိုချောင်သုံးစွန့်ပစ်အမှိုက်များ၊ သစ်ရွက် ခြောက်အမှိုက်များအား မြေဩဇာအဖြစ် အသုံးပြုနိုင်အောင်ဆောင်ရွက်ပြီး စိုက်ပျိုးရေးလုပ်ငန်းများတွင် ပြန်လည်အသုံးချခြင်းဖြင့် ကုန်ကျစရိတ် သက်သာ အောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

(ဃ)   တရုတ်နိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် ဒေသထွက်သဘာဝအရင်းအမြစ်များကို ထိရောက်စွာ အသုံးချခြင်း၊ အစိုးရ၊ ပြည်သူ၊ ပုဂ္ဂလိက အခန်းကဏ္ဍမြှင့်တင်ခြင်း၊ ကျေးလက် ဒေသထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်လုပ်၍ အရောင်းခန်းမများ၊ E-commerce စနစ်များဖြင့် ရောင်းချခြင်း၊ ကျေးလက်ဒေသများအတွက် စိုက်ပျိုးရေးနှင့် ခရီးသွား ဒေသအဖြစ် ပေါင်းစပ်ဖော်ဆောင်ခြင်း၊ လက်မှု လုပ်ငန်းနှင့် ခရီးသွား ဒေသအဖြစ်ပေါင်းစပ် ဖော်ဆောင်ခြင်း၊ ယဉ်ကျေးမှုနှင့် ခရီးသွားဒေသအဖြစ် ပေါင်းစပ်ဖော်ဆောင်ခြင်း စသည့်နည်းလမ်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း လေ့လာတွေ့ရှိရ ပါသည်။

သုံးသပ်တွေ့ရှိချက်

          ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ သွားရောက်လေ့လာခဲ့သည့် ခရီးစဉ်အတွင်း ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-

(က)   ထိုင်းနိုင်ငံတွင် လက်တွေ့ကျင့်သုံး ဆောင်ရွက်လျက်ရှိသည့် ပြည့်စုံလုံလောက်မှု ရှိသော စီးပွားရေး အသိပညာဖြင့် (Sufficiency Economy Philosophy-SEP model)ဖြင့် ကျေးလက်နေပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ဝတ္ထုပိုင်း ဆိုင်ရာနှင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍအသီးသီးတွင် ယဉ်ကျေးမှု ဘာသာ တရား အလေ့အကျင့်ကောင်းများကို ဖော်ဆောင်သည့် ဖွံ့ဖြိုးတိုးတက်စေသည့် model ဒီဇိုင်းအား မြန်မာနိုင်ငံရှိ ကျေးလက်ဒေသများတွင်လည်း ဆင်းရဲသော အိမ်ထောင်စု ရွေးချယ်၍ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများဖွံ့ဖြိုးလာစေရန် ဆောင်ရွက်သင့်ကြောင်း တွေ့ရှိရပါသည်၊

(ခ)     ကျေးလက်ဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောင့်ရေးနှင့် မြေဩဇာ အသုံးစရိတ် လျော့ချရေးအတွက် စွန့်ပစ်အမှိုက်စနစ် စီမံခန့်ခွဲခြင်းနှင့် မီးဖိုချောင်သုံး စွန့်ပစ်အမှိုက်များ မြေဩဇာ ပြုလုပ်သုံးစွဲခြင်းများအား ပိုမို ထိရောက်စွာ ဆောင်ရွက်သင့်ပါသည်၊

(ဂ)     မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ ထွက်ထုတ်ကုန်များကို အစိုးရ၊ ပြည်သူ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သည့်နည်းလမ်းဖြင့် တန်ဖိုးမြှင့်တင်ခြင်း၊ ဈေးကွက် ချိတ်ဆက် ရောင်းချပေးခြင်းနှင့် ကျေးလက်ဒေသ ခရီးသွားလုပ်ငန်းများကို ပိုမို တိုးတက်ဖွံ့ဖြိုးလာအောင် ဆောင်ရွက်ပေးသင့်ပါသည်၊

(ဃ)   Targeted ကျေးရွာများ ရွေးချယ်၍ သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ အလှူရှင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ အားလုံးပူးပေါင်း၍ စံပြကျေးရွာဖော်ဆောင်ကာ Tourism Village ထိ အဆင့်မြှင့်တင် ဆောင်ရွက်သင့်ပါကြောင်း သုံးသပ်တွေ့ရှိရပါသည်။

ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်

          ထိုင်းနိုင်ငံ မဲခေါင်-လန်ချန်းထောက်ပံ့ရန်ပုံငွေ အမေရိကန်ဒေါ်လာ USD (9204.76)ဖြင့် ဧရာဝတီတိုင်းဒေသကြီး ရိုးကြီးကျေးရွာတွင် လိုအပ်ချက်အများဆုံးရှိသည့် အခြေခံအိမ်ထောင်စု များ၏ အသက်မွေးဝမ်းကျောင်းမြှင့်တင်ရေးစီမံကိန်းအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလ အထိ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါ စီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်ခဲ့မှုအပေါ် အားသာချက်၊ အားနည်းချက်များ ဖော်ထုတ်၍ စီမံကိန်း ဒီဇိုင်း ပြန်လည်ပြင်ဆင်ရေးဆွဲကာ ၂၀၂၄ ခုနှစ်၊ မေလအတွင်း ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပပြုလုပ်မည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် တင်ပြဆွေးနွေးသွားရမည် ဖြစ်ပါသည်။

          အဆိုပါ ပြန်လည်ပြင်ဆင်ရေးဆွဲထားသည့် စီမံကိန်းဒီဇိုင်းဖြင့် ကျေးရွာ(၁)ရွာ ထပ်မံ ရွေးချယ်၍ ထိုင်းနိုင်ငံ၊ လူထုဖွံ့ဖြိုးရေးဌာန၏ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေမှ ထပ်မံထောက်ပံ့ပေးသွားမည့် အမေရိကန်ဒေါ်လာ(၁၀၀၀၀)ဖြင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။  

နိဂုံး

          ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လင်ချန်းမြို့တို့တွင်(၂၆-၁၁-၂၀၂၃)ရက်နေ့မှ (၁၀-၁၂-၂၀၂၃)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော ပြည့်စုံဖူလုံသော စီးပွားရေး ဖြစ်ထွန်းလာစေရေးဒဿနအခြေခံသည့် လူမှုဘဝအရည်အသွေးဘက်စုံကဏ္ဍစုံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် လေ့လာရေးခရီးစဉ်အတွင်း  ထိုင်းနိုင်ငံနှင့်တရုတ်နိုင်ငံတို့၏ ကျေးလက်ဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှု အတွေ့အကြုံများနှင့် အလေ့အကျင့်ကောင်းများ၊ လုပ်ထုံးလုပ်နည်းဆိုင်ရာ များအား လေ့လာခွင့်ရရှိခဲ့သည့်အပြင် မိမိတို့နိုင်ငံ၏ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းစဉ်များတွင် ပြန်လည်အသုံးချနိုင်သည့် အတွေးအမြင်၊ ဗဟုသုတများစွာရရှိခဲ့ပါကြောင်း  ရေးသား တင်ပြလိုက်ရပါသည်။

(ကျေးလက် ညိုညို)