နှင်းဆီကုန်းဘိုးဘွားရိပ်သာ၌ (၉၉)ကြိမ်မြောက် မြန်မာနိုင်ငံရုပ်ရှင်နေ့ အထိမ်းအမှတ် အခမ်းအနားနှင့် (၄၂)ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲ ကျင်းပ

နှင်းဆီကုန်းဘိုးဘွားရိပ်သာ၌ (၉၉)ကြိမ်မြောက် မြန်မာနိုင်ငံရုပ်ရှင်နေ့ အထိမ်းအမှတ် အခမ်းအနားနှင့် (၄၂)ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲ ကျင်းပ


Ministry of Information/ ရန်ကုန်မြို့ / October 15, 2019
image_latest


ရန်ကုန် အောက်တိုဘာ ၁၄

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက တာဝန်ယူကျင်းပသည့် အောက်တိုဘာ ၁၃ ရက်တွင် ကျရောက်သော (၉၉)ကြိမ်မြောက် မြန်မာနိုင်ငံရုပ်ရှင်နေ့ အထိမ်းအမှတ် အခမ်းအနားနှင့် (၄၂)ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်းရှိ နှင်းဆီကုန်းဘိုးဘွား ရိပ်သာကြီး၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားဖွင့်ပွဲကို နှင်းဆီကုန်း ဘိုးဘွားရိပ်သာကြီးအတွင်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်နေ့နှင့် ရုပ်ရှင်သက်ကြီးပူဇော်ပွဲ အဝင်မုခ်ဦးရှေ့တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး နာယကကြီး စည်သူဗိုလ်ကလေးတင့်အောင်၊ ဒေါ်စံရှားတင်၊ ဒေါ်မြင့်မြင့်ခင်နှင့် ရုပ်ရှင်လောကသားများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ရုပ်ရှင်သက်ကြီး ပူဇော်ပွဲကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ဘိုးဘွားရိပ်သာသို့ ငွေကျပ် ၂၅ သိန်း ကို ပေးအပ်လှူဒါန်းရာ နှင်းဆီကုန်း ဘိုးဘွားရိပ်သာကြီးမှ ဒုတိယဥက္ကဋ္ဌ ဦးဝင်းဆွေက လက်ခံရယူခဲ့သည်။ ဆက်လက်၍ ကန်တော့ခံသက်ကြီး အနုပညာရှင်များအား မိတ်ဆက်ပေးပြီး ဦးရန်ပိုင်စိုးက ကန်တော့ချိုးတိုင်ကာ သက်ကြီး အနုပညာရှင်များ ပူဇော်ကန်တော့ခဲ့ကြသည်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ သက်ကြီးအနုပညာရှင်တစ်ဦးလျှင် ငွေကျပ်နှစ်သိန်း၊ ဖော်အဲဗားအုပ်စုမှ ငွေကျပ်သုံးသောင်း၊ ရက်ရေးဒီးယန့်မှ ငွေကျပ်တစ်သောင်းနှင့် လှူဖွယ် ပစ္စည်းများကို မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရှေ့ဆုံးတန်းရှိ သက်ကြီးရွယ်အိုများအားလည်းကောင်း၊ ကျန်သက်ကြီး အနုပညာရှင်ကြီးများအား ပူဇော် ကန်တော့ငွေနှင့် လှူဖွယ်ပစ္စည်းများကို အနုပညာရှင်များက လည်းကောင်း ကိုယ်တိုင်ပေးအပ် လှူဒါန်း ခဲ့ကြသည်။

မြန်မာနိုင်ငံ ရုပ်ရှင်နေ့အခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲ ကျင်းပဖြစ်ပုံအကြောင်းကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက “မြန်မာ့ရုပ်ရှင်နေ့ ဆိုတာကတော့ ၁၉၂၀ ပြည့်နှစ် အောက်တိုဘာ ၁၃ ရက်ကို သတ်မှတ်ခဲ့ကြပါတယ်။ အခု ၂၀၁၉ ခုနှစ်ဆိုတာ့ ၉၉ နှစ် ပြည့်ပါပြီ။ နောက်နှစ် ဒီအချိန်ဆိုရင်တော့ နှစ် ၁၀၀ ပြည့်ပါပြီ။ ကျွန်တော်တို့က မြန်မာလူမျိုးတွေ လည်းဖြစ်တယ်။ ဗုဒ္ဓဘာသာအဆုံးအမကိုလည်း ခံယူတဲ့သူတွေဖြစ်တယ်။ ကျွန်တော်တို့ ရိုးရာဓလေ့ကိုးကွယ်ယုံကြည်မှုအရ မိမိတို့ရဲ့ သက်ကြီးဝါကြီး၊ ဆရာသမား၊ မိဘဘိုးဘွားတွေကို ဒီလိုကာလတွေမှာ ကန်တော့ကြရိုး ထုံးစံရှိပါတယ်။ ကျွန်တော်တို့လက်ထက်မှမဟုတ် ပါဘူး။ ရှေးအစဉ် အဆက်ကတည်းက အစည်းအရုံးအနေနဲ့ ကျင့်သုံးခဲ့တာပါ။ ဒါကြောင့် ကျွန်တော်တို့ က ကောင်းမြတ်တဲ့အမွေကို ဆက်လက်ပြီး အကောင်အထည်ဖော်တာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် နှင်းဆီကုန်းဘိုးဘွား ရိပ်သာဝင်းအတွင်း ရုပ်ရှင်အနုပညာရှင်များ၊ ရုပ်ရှင်ထုတ်လုပ် သူများ၊ ကုမ္ပဏီများ၊ ပြင်ပအလှူရှင်များ၏ စတုဒိသာဆိုင်ခန်းငယ်များကို ဖွင့်လှစ်ထားရာ ဆိုင်ခန်းပေါင်း ၆၆ ဆိုင် ရှိကြောင်း သိရသည်။

ထင်ပေါ်ဝင်း(ကမာရွတ်)
ဓာတ်ပုံ - ထိန်လင်း

HOT NEWS
January 4,