သုံးနိုင်ငံမှ လက်ဝှေ့ကျော်များ ပါဝင်ယှဉ်ပြိုင်ထိုးသတ်မည့် Lethwei Fight - 3 ပြိုင်ပွဲ ကျင်းပမည်

သုံးနိုင်ငံမှ လက်ဝှေ့ကျော်များ ပါဝင်ယှဉ်ပြိုင်ထိုးသတ်မည့် Lethwei Fight - 3 ပြိုင်ပွဲ ကျင်းပမည်


Ministry of Information/ ရန်ကုန် / November 19, 2019
image_latest


ရန်ကုန် နိုဝင်ဘာ ၁၈

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မြန်မာ နိုင်ငံ ရိုးရာလက်ဝှေ့ အဖွဲ့ချုပ်က ကြီးမှူးပြီး စိုင်းဇော်ဇော်ဂရု(ပ်)က စီစဉ်ကျင်းပမည့် Lethwei Fight -3 ပြိုင်ပွဲတွင် သုံးနိုင်ငံမှ လက်ဝှေ့ကျော် များ ပါဝင်ယှဉ်ပြိုင်ထိုးသတ်ကြမည် ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲကို နိုဝင်ဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီ တွင် ရန်ကုန်မြို့ သိမ်ဖြူရိုးရာလက်ဝှေ့ အားကစားရုံ၌ ကျင်းပမည်ဖြစ်ရာ အထူးစိန်ခေါ် ပွဲအဖြစ် ပြည်တွင်း၊ ပြည်ပ ပွဲစဉ်ပေါင်း ၁၀ ပွဲ ယှဉ်ပြိုင် ထိုးသတ်ကြ မည်ဖြစ်ပြီး တခြား မျိုးဆက်သစ်ပြိုင်ပွဲများလည်း ထည့်သွင်းထား ကြောင်း သိရသည်။

ပြည်ပပွဲစဉ်အဖြစ် ကာဒစ္စတန်မှ အလီနှင့် မြန်မာနိုင်ငံမှ လက်ဝှေ့ကျော် ပိုက်ထွေး (ရွိုင်ရယ်ဒီ)၊ ဒုတိယပြည်ပပွဲစဉ်မှာ ရဲသွေးနီ (တောင်ကလေး) နှင့် မီဘွန်း(ထိုင်း)တို့ ယှဉ်ပြိုင် ထိုးသတ်ကြမည် ဖြစ်ကာ တခြားပြည်တွင်း ပွဲစဉ်များမှာ ဟံသာဝတီ(အဖြူရောင်သွေးသစ်)နှင့် ရွှေချစ်အောင် (တိုက်ဂါး)၊ လက်သီးမိုး (ရွိုင်ရယ်ဒီ)နှင့် မင်းထက်ကျော်(တိုက်ဂါး)၊ စောရေထူး (သတ္တိ)နှင့် ဆလိုင်းချမ်းမြေ့ကို (အဲကညော)တို့က ငါးချီပွဲစဉ်များအဖြစ် ယှဉ်ပြိုင် ထိုးသတ်ကြ မည်ဖြစ်သည်။

လေးချီစိန်ခေါ်ပြိုင်ပွဲမှာ ဗညား(နဂါးမာန်)နှင့် သက်ဦးကျော်(ထွန်းသွင်)၊ ကြယ်တံခွန် (မုဒုံသား) နှင့် သွေးလင်းထက်(အဲကညော)တို့ ယှဉ်ပြိုင်ကြမည်ဖြစ်ကာ သုံးချီအထူးစိန်ခေါ်ပွဲ များတွင်
ပိုင်သက်အောင် (ကညောသွီး)နှင့် သန်းဖြိုးဇော် (ထွန်းသွင်)၊ စောချစ်သဲ (ဇာတိမာန်)နှင့် အာကာဖြိုး(ထွန်း သွင်)၊ ဝင်းနိုင်ထွန်း (TEAM.PT)နှင့် စောအံ့ကြီး (ကညောသွီး) တို့ ပါဝင်ကြ မည်ဖြစ်သည်။

“ ဒီနှစ်ရာသီ ပြိုင်ပွဲမှာ ကျွန်တော့် အနေနဲ့ ပြည်တွင်း၊ ပြည်ပ အားလုံး ငါးပွဲမြောက် ဦးစီးကျင်းပ တာ ဖြစ်ပါ တယ်။ ဒီပြိုင်ပွဲမှာလည်း မြန်မာ့ရိုးရာ လက်ဝှေ့ကို စိတ်ဝင်စားတဲ့ အလီနဲ့ မကျေပွဲ ပြန်နွှဲချင်တဲ့ ရဲသွေးနီနဲ့ မီဘွန် (ထိုင်း) တို့အတွဲတွေ ထည့်သွင်းထား ပါတယ်။ အထူးစိန်ခေါ်ပွဲ ၁၀ ပွဲအပြင် မျိုးဆက်သစ် ပြိုင်ပွဲတွေကိုလည်း ထည့်သွင်းကျင်းပမှာဖြစ်လို့ စုစုပေါင်း ပွဲစဉ် ၂၀ ကျော် ထည့်သွင်းကျင်းပ သွားမှာပါ” ဟု ပွဲစီစဉ်သူ ဦးစိုင်း ဇော်ဇော်က သိမ်ဖြူလက်ဝှေ့ရုံ၌ ကျင်းပသော မီဒီယာရှင်းလင်းပွဲတွင် ပြောသည်။

လာမည့် နိုဝင်ဘာ ၂၄ ရက်တွင် ကျင်းပမည့် Lethwei Fight -3 တွင် ရုံဝင်ကြေးကို ငွေကျပ် ၁၀၀၀၀ နှင့် ၅၀၀၀ သတ်မှတ်ပြီး CANAL+ မှ လည်း တိုက်ရိုက်ထုတ်လွှင့် ပြသပေး မည်ဖြစ် ကြောင်း သိရသည်။

မောင်စိန်လွင်(မြန်မာ့အလင်း)

 

HOT NEWS
January 4,