အိန္ဒိယသမ္မတနိုင်ငံ သမ္မတနှင့်ဇနီး အိန္ဒိယ-မြန်မာ အဆင့်မြင့်စိုက်ပျိုးရေး သုတေသနနှင့်ပညာရေး ဗဟိုဌာန ဖွင့်ပွဲအခမ်းအနားနှင့် အိန္ဒိယ-မြန်မာ စပါးဇီ၀ဥယျာဉ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် - အိန္ဒိယသမ္မတနိုင်ငံ သမ္မတနှင့်ဇနီး အိန္ဒိယ-မြန်မာ အဆင့်မြင့်စိုက်ပျိုးရေး သုတေသနနှင့်ပညာရေး ဗဟိုဌာန ဖွင့်ပွဲအခမ်းအနားနှင့် အိန္ဒိယ-မြန်မာ စပါးဇီ၀ဥယျာဉ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
အိန္ဒိယသမ္မတနိုင်ငံ သမ္မတနှင့်ဇနီး အိန္ဒိယ-မြန်မာ အဆင့်မြင့်စိုက်ပျိုးရေး သုတေသနနှင့်ပညာရေး ဗဟိုဌာန ဖွင့်ပွဲအခမ်းအနားနှင့် အိန္ဒိယ-မြန်မာ စပါးဇီ၀ဥယျာဉ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
Ministry of Information/ နေပြည်တော် / December 13, 2018
နေပြည်တော် ဒီဇင်ဘာ ၁၂
မြန်မာနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသော အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ် နှင့်ဇနီး ရှရီမတီ ဆာဗီးတာကိုဗင့်ဒ် တို့သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေရှိ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်သို့ ရောက်ရှိကြပြီး အိန္ဒိယ-မြန်မာ အဆင့်မြင့် စိုက်ပျိုးရေး သုတေသနနှင့်ပညာရေး ဗဟိုဌာန ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် အိန္ဒိယသမ္မတနိုင်ငံ သမ္မတက အိန္ဒိယ-မြန်မာ အဆင့်မြင့် စိုက်ပျိုးရေး သုတေသနနှင့် ပညာရေးဗဟိုဌာန အထိမ်းအမှတ် ကမ္ဗည်းမော်ကွန်းကို ဖွင့်လှစ်ပေးပြီး အိန္ဒိယသမ္မတနိုင်ငံ သမ္မတနှင့် ဇနီးနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူတို့က ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည် ပက်ဖျန်းပေးကြသည်။
ထို့နောက် အိန္ဒိယသမ္မတနိုင်ငံ သမ္မတနှင့် ဇနီးနှင့် အဖွဲ့သည် အိန္ဒိယ-မြန်မာ အဆင့်မြင့် စိုက်ပျိုးရေး သုတေသနနှင့် ပညာရေးဗဟိုဌာနရှိ စာကြည့်ခန်း၊ ပဲနှင့်ပြောင်းကို အခြေခံသည့် တန်ဖိုးမြင့်ထုတ်ကုန် ထုတ်လုပ်နေမှုနှင့် လက်တွေ့ စာသင်ကြားနေမှုတို့ကို လှည့်လည်ကြည့်ရှု လေ့လာကြသည်။
ယင်းနောက် အိန္ဒိယသမ္မတနိုင်ငံ သမ္မတသည် အိန္ဒိယ-မြန်မာ အဆင့်မြင့်စိုက်ပျိုးရေး သုတေသနနှင့် ပညာရေးဗဟိုဌာန ဧည့်သည်တော်မှတ်တမ်း၌ လက်မှတ်ရေးထိုးပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။ ထို့နောက် အိန္ဒိယ-မြန်မာ အဆင့်မြင့်စိုက်ပျိုးရေး သုတေသနနှင့် ပညာရေးဗဟိုဌာန အဆောက်အဦရှေ့တွင် အထိမ်းအမှတ် သစ်ပင် စိုက်ပျိုးပေးသည်။
အိန္ဒိယ-မြန်မာ အဆင့်မြင့်စိုက်ပျိုးရေး သုတေသနနှင့် ပညာရေးဗဟိုဌာနတွင် တောင်သူများအတွက် စိုက်ပျိုးရေး အဆင့်မြင့် နည်းပညာသစ်များ ရရှိစေရန် သုတေသန လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း၊ မျိုးရိုးဗီဇဗေဒ ပညာဌာန၊ ရိတ်သိမ်းချိန်လွန် နည်းပညာဌာန၊ ဗဟုသုတစီမံခန့်ခွဲမှုဌာနနှင့် ဘွဲ့လွန်သင်တန်းဌာနတို့ ဖွဲ့စည်းထားပြီး စိုက်ပျိုးရေး ဇီဝနည်းပညာဘာသာရပ်၊ ရိတ်သိမ်းချိန်လွန် နည်းပညာဘာသာရပ်၊ အစား အစာ သိပ္ပံနှင့် နည်းပညာဘာသာရပ်၊ စိုက်ပျိုးရေး တိုးချဲ့ပညာပေး ဘာသာရပ်များကို သင်ကြားပေးလျက်ရှိကြောင်း၊ အဆိုပါ ဘာသာရပ်များကို အိန္ဒိယနိုင်ငံ စိုက်ပျိုးရေး သုတေသန တက္ကသိုလ်မှ ပညာရှင်များနှင့် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်မှ ဆရာ၊ ဆရာမများ ပူးပေါင်း၍ ပို့ချပေးလျက်ရှိကြောင်း သိရသည်။
ယင်းနောက် အိန္ဒိယသမ္မတနိုင်ငံ သမ္မတသည် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် အတွင်း အိန္ဒိယနိုင်ငံ အမ်၊ အက်(စ်)၊ ဆွာမိနာသန် သုတေသန ဖောင်ဒေးရှင်းနှင့် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သည့် အိန္ဒိယ-မြန်မာ စပါးဇီ၀ ဥယျာဉ် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် ဖွင့်လှစ်ပေးသည်။
အခမ်းအနားတွင် အိန္ဒိယသမ္မတနိုင်ငံ သမ္မတက အိန္ဒိယ-မြန်မာ စပါးဇီ၀ဥယျာဉ် အထိမ်းအမှတ် ကမ္ဗည်းမော်ကွန်းကို ဖွင့်လှစ်ပေးပြီး အိန္ဒိယသမ္မတနိုင်ငံ သမ္မတနှင့် ဇနီးနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူတို့က ကမ္ဗည်းမော်ကွန်းအား အမွှေး နံ့သာရည် ပက်ဖျန်းပေးကြသည်။
ထို့နောက် အိန္ဒိယသမ္မတနိုင်ငံ သမ္မတနှင့် ဇနီးနှင့် အဖွဲ့သည် စပါးဇီ၀ဥယျာဉ် အတွင်း စက္ကူပြုလုပ်နေမှု၊ ဆန်ကြိတ်၊ ဆန်ဖွပ်ခြင်း၊ စပါးမှ ထွက်ရှိသော ပစ္စည်းများနှင့် ဆန်ဖြင့်ပြုလုပ်သော မုန့်အမျိုးမျိုးတို့ကို ကြည့်ရှုလေ့လာကြသည်။
ယင်းနောက် အိန္ဒိယသမ္မတနိုင်ငံ သမ္မတသည် စပါးဇီ၀ဥယျာဉ် ဧည့်သည်တော် မှတ်တမ်း၌ လက်မှတ် ရေးထိုးပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်သည်။
အဆိုပါ စပါးဇီ၀ဥယျာဉ်တွင် စပီရူလိုင်းနား ထုတ်ကုန်များ၊ ဇီ၀မြေဩဇာ၊ ဆန်ဖြင့် ပြုလုပ်သော မုန့်အမျိုးမျိုးနှင့် တာရှည်ခံဖွဲ့နု ပြုလုပ်ခြင်း၊ ကောက်ရိုးအသုံးပြု၍ အာဟာရပြည့် နွားစာကိတ် ပြုလုပ်ခြင်း၊ ကောက်ရိုးအသုံးပြု၍ မှိုမွေးမြူခြင်း၊ စက္ကူပြုလုပ်ခြင်း၊ ဆန်ကြိတ်၊ ဆန်ဖွပ်ခြင်းနှင့် တီကျစ်စာမြေဆွေး ပြုလုပ်ခြင်းတို့ စမ်းသပ်ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)
