နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တတိယ အကြိမ်မြောက် မြန်မာနိုင်ငံ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ညီလာခံသို့ တက်ရောက်အမှာစကားပြောကြား - နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တတိယ အကြိမ်မြောက် မြန်မာနိုင်ငံ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ညီလာခံသို့ တက်ရောက်အမှာစကားပြောကြား
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တတိယ အကြိမ်မြောက် မြန်မာနိုင်ငံ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ညီလာခံသို့ တက်ရောက်အမှာစကားပြောကြား
Ministry of Information/ နေပြည်တော် / December 15, 2018
နေပြည်တော် ဒီဇင်ဘာ ၁၄
မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပသည့် တတိယ အကြိမ်မြောက် မြန်မာနိုင်ငံစွန့်ဦးတီထွင် လုပ်ငန်းရှင်များညီလာခံ (3rd Myanmar Entrepreneurship Summit - 2018) ကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဦးမင်းသူ၊ ဒေါက်တာမြင့်ထွေး၊ ဦးသောင်းထွန်းနှင့် ဦးကျော်တင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ၊ ဗိုလ်ချုပ်မြင့်နွယ်၊ ဦးခင်မောင်တင်၊ ဒေါက်တာရဲမြင့်ဆွေ၊ ဒေါက်တာထွန်းနိုင်နှင့် ဦးဆက်အောင်၊ လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဋ္ဌများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ သံတမန်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ၊ အမေရိကန်-အာဆီယံစီးပွားရေးကောင်စီ၊ မြန်မာနိုင်ငံ လူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင်များအသင်း၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ကျွန်မဒီပွဲမှာပြောချင်တဲ့ ကိစ္စကတော့ ပရဟိတ၊ အတ္တဟိတ နှစ်ခုစလုံးကို ကြည့်ပြီးတော့ လုပ်ရတဲ့ အထဲမှာ စီးပွားရေး လုပ်ငန်းရှင်တွေအတွက် အရေးအကြီးဆုံးပဲလို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စီးပွားရေးလုပ်တဲ့ လုပ်ငန်းရှင်ဆိုတာ ကိုယ့်ရဲ့လုပ်ငန်းကို အောင်မြင်အောင် လုပ်နိုင်မှ၊ ကိုယ်လုပ်ငန်းရဲ့ အကျိုးစီးပွားအတွက် ကိုယ်လုပ်နိုင်မှ၊ ကိုယ့်ပတ်ဝန်းကျင်ရဲ့ အကျိုးစီးပွားအတွက် လုပ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ စီးပွားရေးလုပ်နေတဲ့ ပုဂ္ဂိုလ်များအတွက် ပရဟိတနဲ့ အတ္တဟိတကိုယှဉ်ပြီးတော့ ကြည့်နိုင်ဖို့ဆိုတာ အင်မတန် အရေးကြီးပါတယ်။ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်လို့ရတယ်။ ဒါပေမယ့် ကျွန်မတို့လို တိုးတက်စ နိုင်ငံမှာတော့ အားလုံးက ဝိုင်းပြီးတော့ အများအကျိုးအတွက်ပါ စဉ်းစားပေးမှ ကျွန်မတို့နိုင်ငံဟာ တိုးတက်နိုင်မှာ ဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံ တိုးတက်ဖို့ဆိုရင် ဘာတွေလိုသလဲဆိုရင် ရိုးရိုးပိုက်ဆံ ရှိရုံနဲ့လည်း မလုံလောက်ပါဘူး။ ကျွန်မတို့ စီးပွားရေးအောင်မြင်တယ်ဆိုတာ ဘာအတွက်လဲ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုအတွက်ပဲ၊ ဒါပေမယ့်ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုနဲ့ မလုံလောက်ပါဘူး။
ကျွန်မတို့ရဲ့ နိုင်ငံသူနိုင်ငံသားများအားလုံး စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုလိုအပ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုအတွက်ဆိုတာ စီးပွားရေးတစ်ခုတည်းနဲ့ မပြီးပါဘူး။ ကျန်းမာရေး၊ ပညာရေးလည်း အင်မတန်မှ အရေးကြီးပါတယ်။ လူတစ်ယောက်ဟာ ကျန်းမာမှ၊ ကိုယ့်ရဲ့ကျန်းမာရေးအတွက် စိတ်ချရမှ စိတ်လုံခြုံမယ်။ နောက်ပြီးတော့လည်း ကိုယ်ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်တဲ့အကြောင်းတွေရှိမှလည်း စိတ်လုံခြုံနိုင်မယ်။ အဲဒီဟာတွေက ပညာရေးနဲ့ ဆိုင်ပါတယ်။
ကျွန်မတို့ရဲ့ လူငယ်လုပ်ငန်းရှင်များကို ကျွန်မတို့နိုင်ငံကို မတူတဲ့ပုံစံနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးစား စေချင်တယ်။ တခြားနိုင်ငံတွေနဲ့ မတူအောင်၊ စောစောကဆိုရင် လူငယ်လေးတွေ ကပြသွားတာကို ကျွန်မ သိပ်သဘောကျတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခြေခံအားဖြင့် ကျွန်မတို့ မြန်မာယဉ်ကျေးမှု၊ မြန်မာအကပဲ။ ဒါပေမယ့်လည်း ခေတ်နဲ့လည်း ညီအောင်လို့ တစ်ကမ္ဘာလုံးနဲ့လည်း ဆက်စပ်မှုရှိအောင်လို့ သူတို့ သရုပ်ဖော်နိုင်တယ်။ ဒါကိုကျွန်မတို့ အားပေးရမယ်။ ရှေးကျွန်မတို့ရဲ့ အစဉ်အလာ၊ ထုံးတမ်း အစဉ်အလာ အကတွေကို အနုပညာတွေကိုလည်း ဆက်ပြီးတော့ တိုးတက်အောင်လုပ်သလို အခုခေတ်နဲ့ ညီအောင်လို့လည်း ကျွန်မတို့လုပ်နိုင်ရမယ်။ ဘယ်လိုပဲပြောပြော ကမ္ဘာကြီးဟာ သူ့နေရာနဲ့သူ၊ တစ်နေရာနဲ့ တစ်နေရာ ဆက်နွယ်မှု အများကြီးရှိနေတဲ့အခါ ကျွန်မတို့ရဲ့ လူငယ်တွေဟာ တခြားနိုင်ငံက လူငယ်တွေနဲ့ တူချင်တဲ့ နေရာတွေမှာ တူချင်မှာပဲ။ ဒါကိုကျွန်မတို့က ဟန့်တားဖို့ဆိုတာ မသင့်တော်ဘူး။ ဟန့်တားစရာ အကြောင်းလည်း မရှိဘူး။ ဒီလိုပဲ ကမ္ဘာကြီးကပြောင်းလာမှာပဲ။ ကျွန်မတို့ လူငယ်လုပ်ငန်းရှင်တွေကို အထူး ပြောလိုတာက ကျွန်မတို့နိုင်ငံအတွက် အချက်နှစ်ခုကို တိုက်တွန်းချင်ပါတယ်။ တီထွင်တဲ့စိတ်ရှိရမယ်၊ အသစ်မြင်တဲ့စိတ်ရှိရမယ်။ ဒုတိယက ကျွန်မတို့နိုင်ငံကို ကိုယ့်ကိုယ်ကိုယ် အားကိုးနိုင်တဲ့နိုင်ငံ တစ်ခုဖြစ်စေချင်တယ်။ ကျွန်မတို့လွတ်လပ်ရေးရဖို့ ကြိုးပမ်းစဉ်အခါတုန်းကဆိုရင် လွတ်လပ်ရေး ဖခင်ကြီးများက ကြွေးကြော်တာဟာ ကိုယ့်ရဲ့ကံကြမ္မာကို ဖန်တီးနိုင်ရမယ်။ ကိုယ့်ရဲ့ကံကြမ္မာကို ကိုယ်ဖန်တီးနိုင်ဖို့ဆိုတာဟာ နိုင်ငံရေးတစ်ခုတည်းနဲ့ မပြီးပါဘူး၊ စီးပွားရေးနဲ့လည်း ဆိုင်ပါတယ်။ စီးပွားရေး တောင့်တင်းမှ လည်း ကိုယ့်ရဲ့ကံကြမ္မာကို ကိုယ့်လက်ထဲမှာ စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားနိုင်မှာပါ။ အဲဒီဟာအတွက်ကို ကျွန်မတို့ရဲ့ လူငယ်လုပ်ငန်းရှင်များက ပံ့ပိုးပေးစေချင်တယ်။
တစ်နည်းအားဖြင့် ကျွန်မတို့ နိုင်ငံရဲ့လွတ်လပ်ရေးလမ်းကြောင်းဟာ ဒီမိုကရေစီ လမ်းကြောင်းနဲ့ အတူတူ ဆက်ပြီးသွားနေတာပဲ။ ကျွန်မတို့ ဒီမိုကရေစီရတယ် ဆိုတာဟာလည်း ကျွန်မတို့နိုင်ငံ ပိုပြီးတောင့်တင်း ခိုင်မာစေဖို့၊ ကျွန်မတို့နိုင်ငံ ကမ္ဘာ့ အလယ်မှာ လွတ်လွတ်လပ်လပ် ကိုယ့်ကိုယ်ပိုင်စွမ်းအားနဲ့ ရပ်တည် နိုင်အောင်လို့၊ ကျွန်မတို့ရဲ့ကံကြမ္မာကို ကျွန်မတို့ ဖန်တီးနိုင်အောင်လို့၊ အဲဒီတော့လူငယ်လုပ်ငန်းရှင်များက တခြားသူတွေ မတွေးထားတဲ့ ကိစ္စတွေကိုတွေးကြပါ။ တစ်ခြားနိုင်ငံမှာ မလုပ်သေးတဲ့ ကိစ္စတွေကို လုပ်ကြပါ။ နိုင်ငံတော်တော်များများမှာဆို စီးပွားရေးလုပ်တဲ့သူတွေက စီးပွားရေးကိုပဲ ဇောက်ချပြီး လုပ်ကြပါတယ်။ ဒါဟာစီးပွားရေးတိုးတက်ဖို့သာ အဓိကလို့ ထင်ကြပါတယ်။ အဲဒီတော့ ကျွန်မတို့နိုင်ငံက လူငယ် စီးပွားရေးလုပ်ငန်းရှင်များက တမူကွဲပြားပြီးတော့ ငါတို့စီးပွားရေးလုပ်တယ်ဆိုတာ ငါတို့အတွက် သာမကပဲ ငါတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လည်း စီးပွားရေးလုပ်တာလို့ စိတ်ဓာတ်ကို မွေးမြူကြပါ။ ဒါဟာ ခေတ်မရှိဘူးလို့ မထင်ပါနဲ့။ ခေတ်မရှိဘူးဆိုရင်လည်း ဒါဟာ ကျွန်မတို့က ခေတ်ရှေ့က ပြေးနေတယ်လို့ပဲ မှတ်ထင်ရမှာပါ။ ခေတ်နောက်ကျ နေတာ မဟုတ်ပါဘူး။ ရှေ့ကိုခေတ်ပြေးတဲ့အနေနဲ့ ကိုယ့်န်ိုင်ငံ ကိုယ့်အားကိုယ်ကိုးပြီးတော့ ရပ်တည်နိုင်အောင်လို့ ကျွန်မတို့ လူငယ်စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ ကူညီစေချင်ပါတယ်။
ဒီလိုကူညီဖို့ဆိုရင် ပထမဦးဆုံး အနေနဲ့ တိုက်တွန်းချင်တာက ကိစ္စတစ်ခုကို လုပ်မကြည့်ဘဲနဲ့ မရပါဘူးလို့ အဲဒီလို စိတ်ဓာတ်မထားပါနဲ့။ ကိစ္စတစ်ခုကို တခြားသူတွေ မလုပ်ဖူးလို့ မဖြစ်ပါဘူးလို့လည်း စိတ်ထဲမှာ မထားပါနဲ့။ တခြားသူတွေမလုပ်ဖူးတဲ့ကိစ္စတွေ၊ မဖြစ်ဖူးတဲ့ ကိစ္စတွေကို တို့တွေလုပ်မယ်၊ တို့တွေဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်ထားတွေနဲ့ ဆက်ပြီးတော့ သွားစေချင်ပါတယ်။ အခုကျွန်မ ဒီကိုရောက်တော့ အဝင်ဝမှာ မေးလိုက် တယ်။ နှစ်တိုင်းနှစ်တိုင်းတော့ လူငယ်လုပ်ငန်းရှင်များထဲမှာ မိန်းကလေး လုပ်ငန်းရှင်တွေက ရာခိုင်နှုန်း တက်တက်လာတယ်။ ဒီနှစ်ကော ဘယ့်နှယ်နေလဲပေါ့။ ကျွန်မ ပထမဦးဆုံး တက်တဲ့အခမ်းအနားမှာ ၄၉ ရာခိုင်နှုန်း၊ အရင်နှစ်ကဆို ၅၂ ရာခိုင်နှုန်း၊ ဒီနှစ်ဘယ်လို ရှိလဲဆိုတော့ ၅၈ ရာခိုင်နှုန်း ရှိတယ်ပြောတယ်။ နည်းနည်း ယောင်္ကျားလူငယ်တွေ အတွက်တောင် စိတ်ပူသွားတယ်။ ဒီအတိုင်းသွားမယ်ဆိုရင်တော့ ကျွန်မတို့ရဲ့ လူငယ် စီးပွားရေးလုပ်ငန်းရှင်တွေ အားလုံးက မိန်းကလေးတွေများ ဖြစ်နေမလား၊ ကျွန်မတို့ ဒါကို ဂုဏ်ယူပါတယ်။ သို့သော်ငြားလည်း ဘာပဲပြောပြော ယောင်္ကျားကလေးတွေ၊ မိန်းကလေးတွေ အတူတူမျှမျှတတ တိုးတက်စေချင်တယ်။
ကျွန်မတို့ ဒီလိုတိုးတက်ဖို့ ရည်ရွယ်ထားတဲ့အခါမှာ အများသိပြီးသားဖြစ်တဲ့ MSDP ကိစ္စတွေ ကိုတော့ မပြောတော့ပါဘူး။ ဒီဟာနဲ့ ကိုက်ညီအောင် လူငယ်လုပ်ငန်းရှင်တွေ လုပ်မယ့်လို့ ယုံကြည်ပါတယ်။ ဒီလို တိုးတက်အောင် လုပ်တဲ့အခါ နောင်ကျွန်မတို့ ဘယ်လိုနိုင်ငံမျိုးမှာ နေချင်သလဲ။ အနာဂါတ်ကို ကြည့်ပြီးတော့ ဆုံးဖြတ်စေချင်တယ်။ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးနိုင်ငံတော်တော်များကို ကျွန်မ ရောက်ဖူးပါတယ်။ သွားတိုင်း သွားတိုင်း ကျွန်မစဉ်းစားမိတယ်။ ကျွန်မတို့နိုင်ငံကို ဒီလိုနိုင်ငံမျိုး ဖြစ်စေချင်သလား၊ ကျွန်မ ကိုယ်တိုင်ကကော ဒီလိုနိုင်ငံမျိုးမှာ အသက်ထက်ဆုံးနေချင်သလား။ ဒီလိုပုံစံမျိုး ကျွန်မ အမြဲတမ်းစဉ်းစားပါတယ်။ ကျွန်မတို့ရဲ့ လူငယ်လုပ်ငန်းရှင်တွေကိုလည်း အဲဒီလို စဉ်းစား စေချင်ပါတယ်။
အမှန်ပြောရရင် ကျွန်မတို့နိုင်ငံက ဘယ်လိုပဲဆင်းရဲဆင်းရဲ ကျွန်မအတွက်တော့ ဒီနိုင်ငံဟာ နေလို့ အကောင်းဆုံးနိုင်ငံလို့ပဲ စိတ်ထဲမှာရှိပါတယ်။ အဲဒီလိုမျိုး ကျွန်မတို့ နိုင်ငံသူ၊ နိုင်ငံသားတွေ အားလုံးရဲ့စိတ်ထဲမှာ ရှိနိုင်အောင်လို့ ကျွန်မတို့စီးပွားရေးလုပ်ငန်းရှင်များက ပြည်သူလူထုကို စိတ်လုံခြုံမှု ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှု ပေးကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံ လိုပါတယ်။
ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းတွေ အောင်မြင်ခြင်းအားဖြင့် ကိုယ်ရဲ့နိုင်ငံပိုပြီးတော့ လုံခြုံအောင် လုပ်ပေးပါ။ ကျွန်မတို့နိုင်ငံလုံခြုံစေခြင်းဖြင့် ကျွန်မတို့နိုင်ငံကို အေးချမ်းသာယာအောင် လုပ်ပေးပါ။ မလုံခြုံတဲ့ လူတစ်ယောက်ဟာ စိတ်အေးချမ်းမှု မရှိနိုင်ဘူး။ မလုံခြုံတဲ့ နိုင်ငံတစ်ခုဟာလည်း အေးချမ်းသာယာမှာ မဟုတ်ပါဘူး။
အဲဒီဟာအတွက်ကို ကျွန်မတိုက်တွန်းချင်ပါတယ်။ စီးပွားရေးဆိုတာ စီးပွားရေး သက်သက်ပဲ မရပ်တည်နိုင်ဘူး။ စီးပွားရေးအောင်မြင်ဖို့ဆိုတာ အစိုးရရဲ့ မူဝါဒတွေနဲ့လည်း သက်ဆိုင်နေ တယ်။ ထိုနည်းလည်းကောင်းပဲ အစိုးရတစ်ခု အောင်မြင်ဖို့ဆိုတာဟာလည်း စီးပွားရေး လုပ်ငန်းတွေနဲ့ ဆက်စပ်နေပါတယ်။ ဒါကြောင့်ကျွန်မတို့အတူတူ ပူးတွဲပြီးတော့ လုပ်ကြစို့။ နိုင်ငံတော်အစိုးရနဲ့ စီးပွားရေး လုပ်ငန်းရှင်များ ပူးတွဲပြီးတော့ လုပ်တယ်ဆိုတာ ဘာအတွက်လဲဆိုတော့ န်ိုင်ငံ တိုးတက်ရေးအတွက် ၊ နိုင်ငံသူ နိုင်ငံသားများရဲ့ လုံခြုံရေးနဲ့ စိတ်ချမ်းသာရေးတို့ အတွက်ပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်မတို့စီးပွားရေးလုပ်ငန်းရှင်များဟာ ပထမဦးဆုံးအနေနဲ့ ဘယ်လို နိုင်ငံမျိုး လိုချင်တာလဲဆိုတာ လေးလေးနက်နက်စဉ်းစားပါ။ အထူးသဖြင့် လူငယ်တွေက စဉ်းစားဖို့လိုပါတယ်။ လူငယ်တွေက အကြာကြီးနေသွားရမှာ၊ လူကြီးတွေထက်စာရင် လူကြီးတွေက ဒီလောကထဲကပိုပြီးတော့ စောစောထွက်သွားရမယ့်သူတွေဖြစ်တယ်။ လူငယ် တွေက ဆက်ပြီးနေရမယ်။
ကျွန်မတို့စီးပွားရေးလုပ်ငန်းရှင်များဟာ တော်တော်များများဟာ မိသားစုတွေစပြီးထူ ထောင်နေတဲ့ အရွယ်တွေဖြစ်နေပါပြီ။ ကိုယ့်ရဲ့သားသမီးတွေဟာ ဘယ်လိုနိုင်ငံမျိုးမှာ ကြီးပြင်းလာ စေချင်သလဲ၊ ဘယ်လို စိတ်ဓာတ်တွေနဲ့ကြီးပြင်း လာစေချင်သလဲဆိုတာ စဉ်းစားစေချင်ပါတယ်။ အခုဆိုရင် နည်းပညာ တိုးတက်မှု တွေကြောင့် ကလေးသူငယ်များဟာ မိမိတို့မိဘတွေ မသိတဲ့ကိစ္စတွေကို အများကြီးသိကြတယ်။ ကောင်းတာလည်း ပါတယ်၊ ဆိုးတာလည်းပါတယ်။ မိမိတို့ရဲ့ မိဘတွေသွန်သင် ဆုံးမရုံနဲ့မပြီးတော့ဘူး။ ထပ်ပြီးတော့ပြောရရင် လက်ကိုင်ဖုန်းတွေရဲ့ သွန်သင်ဆုံးမမှုတွေဟာလည်း အင်မတန်မှ အင်အားကြီး လာပါတယ်။ အဲဒီဟာလည်း တစ်ဘက်က ကောင်းသလို တစ်ဘက်ကမကောင်းဘူး။ ကျွန်မသတိပြုမိတဲ့ ကလေးငယ်များဟာ ဥပမာ အင်္ဂလိပ်ဘာသာစကားကို ဆဲလ်ဖုန်းတွေက ကြည့်ပြီး အင်တာနက်၊ ဖေ့ဘုတ်က နေကြည့်ပြီးပဲ မြန်မြန်ဆန်ဆန်တတ်လာတယ်။ ဒါပေမယ့်လည်း အင်္ဂလိပ်ဘာသာ စကားနဲ့ အတူတူ တခြားဟာ တွေလည်း တတ်လာပါတယ်။ ဒါဟာ ဖြစ်သင့်မဖြစ်သင့် အဲဒါကို ကျွန်မတို့ စဉ်းစားရမယ်။ နည်းပညာတွေဆိုတာ အပြုသဘောဆောင်တာတွေလည်းရှိတယ်။ အပြုသဘော မဆောင်တာ တွေလည်းရှိတယ်။ အနုတ် လက္ခဏာ ရှိသလို အပေါင်းလက္ခဏာတွေ လည်းရှိတယ်။ အဲဒါကို ကျွန်မတို့ အမြဲတမ်းချင့်ချိန်ရမယ်။ တိုးတက် ဖွံ့ဖြိုးမှု ဆိုတာလည်း အပေါင်းလက္ခဏာရှိသလို၊ အနုတ်လက္ခဏာလည်း ရှိတာပဲ။ အားလုံးက အပေါင်းလက္ခဏာ ချည်းပဲ မဟုတ်ဘူး။ ဒါပေမယ့် ကိုယ့်ဟာကိုယ် ဘယ်လောက် အပေါင်းလက္ခဏာဘက်က များသလဲဆိုတာကို ဆုံးဖြတ်နိုင်တဲ့ အရည်အချင်းရှိအောင်လို့ ကျွန်မတို့ရဲ့ပြည်သူပြည်သားများကို အားပေးစေချင်ပါတယ်။ အထူးသဖြင့် ကျွန်မတို့ရဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက အားပေးစေချင်ပါတယ်။ ကျွန်မတို့ တစ်ကမ္ဘာလုံးမှာဆိုရင် ရက်ရက်ရောရော ပေးကမ်းစွန့်ကြဲတဲ့နေရာမှာ မြန်မာလူမျိုးနဲ့ နှိုင်းယှဉ်နိုင်တဲ့ လူမျိုးမရှိဘူး ဆိုပြီးတော့ သုံးသပ်ချက်တွေရှိပါတယ်။ ဒါပေမယ့် ရက်ရက် ရောရောပေးရုံနဲ့ မလုံလောက်ပါဘူး။ စနစ်တကျ ပေးတတ်ဖို့လည်း အင်မတန်မှ အရေးကြီးပါတယ်။ ရက်ရက်ရောရောပေးပြီးတော့ ဒါဟာ အဟောသိကံ ဖြစ်သွားလို့ရှိရင် ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး။ ဒါကြောင့်မို့ ကျွန်မတို့ ဟာ စနစ်ရှိဖို့လိုတယ်။ စည်ကမ်းရှိဖို့ လိုတယ်။ ဆင်ခြင်တုံ တရားရှိဖို့လိုတယ်။ ကိုယ်ပေးကမ်း ခြင်းဟာ အများအတွက် အကျိုးဖြစ်အောင်လို့တော့ သေသေချာချာ စဉ်းစားပြီးတော့ လုပ်စေချင်ပါတယ်။ ပူးပေါင်းဆောင်ရွက်တဲ့ အလေ့အထကိုလည်း ကျွန်မတို့ အားပေးစေချင်ပါတယ်။
အဲဒါလည်းကျွန်မထပ်တလဲလဲပြောရတဲ့ကိစ္စ၊ ကျွန်မတို့ရဲ့ န်ိုင်ငံသူ၊ နိုင်ငံသားတို့ရဲ့ အားနည်းချက် တစ်ခုဟာ ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ အားနည်းချက်ရှိတာပါပဲ။ က်ိုယ်တစ်ယောက် အောင်မြင်ဖို့အတွက်၊ တိုးတက်ဖို့အတွက် လုပ်တာတွေများပါတယ်။ ဒါဟာလည်း မိဘတွေရဲ့ သွန်သင်ဆုံးမမှုနဲ့လည်း ဆိုင်ကောင်း ဆိုင်ပါလိမ့်မယ်။ ကျွန်မတို့ရဲ့ ဆယ်စုနှစ်ပေါင်းများစွာရှိခဲ့တဲ့ ပညာရေးစနစ်နဲ့လည်း ဆိုင်ပါလိမ့်မယ်။ ကျွန်မခဏခဏပြောပါတယ်။ အမှတ်အများဆုံး ရတဲ့သူကမှ ကိုယ်လုပ်ချင်တာ လုပ်နိုင်တယ် ဆိုတဲ့ စနစ်မှာဆိုရင် ကိုယ်တစ်ယောက်တည်း ကောင်းဖို့အတွက်ပဲ စဉ်းစားကြမှာပဲ။
ကိုယ့်အမှတ်များမှ ကိုယ်လိုက်ချင်တဲ့ ဘာသာရပ်ကို လိုက်လို့ရမယ်။ အဲဒီတော့ ကျွန်မတို့ပညာရေး စနစ်ကိုပြောင်းတယ်ဆိုတာလည်း ကျွန်မတို့ ပြည်သူပြည်သားတွေ အရည်အချင်းဆိုတာဟာ ရုပ်ပိုင်းဆိုင်ရာ ဘက်မှာ တိုးတက်အောင် လုပ်နိုင်ဖို့တင် မကပါဘူး။ စိတ်ပိုင်းဆိုင်ရာအရ အရည်အချင်း တက်လာအောင် လုပ်တာပါ။ အတူတူ ပူးပေါင်းဆောင်ရွက်နိုင်အောင်လို့၊ ဒါဟာ ပညာရေးလောကမှာ အားပေးနေသလို စီးပွားရေး လောကမှာ လူငယ်လုပ်ငန်းရှင်များဟာ အတူပူးပေါင်းဆောင်ရွက်ရေးကို အားပေးစေချင်ပါတယ်၊ မြှင့်တင်ပေးစေ ချင်ပါတယ်။ စီးပွားရေးလုပ်ငန်းတစ်ခုတည်း အောင်မြင်ဖို့၊ ကိုယ့်လုပ်ငန်း တစ်ခုတည်းအောင်မြင်ဖို့ အတွက်ပဲ မစဉ်းစားဘဲနဲ့ တခြားသူတွေရဲ့ လုပ်ငန်းတွေလည်း အောင်မြင်ဖို့ စဉ်းစားပေးစေချင်ပါတယ်။ တစ်ယောက်ကောင်း အတွက်မဟုတ်ဘူး၊ အများကောင်းဖို့ အတွက် အများအကျိုး အတွက်ဆောင်ရွက်ခြင်းအားဖြင့် ကိုယ့်အကျိုးလည်း အောင်မယ်ဆိုတဲ့ စိတ်ဓာတ်ကို ကျွန်မတို့ အနေနဲ့ အထူးအားပေးစေချင်ပါတယ်၊ အဲဒီတော့ ကျွန်မတို့ ဘာပဲလုပ်လုပ် ရေရှည် ခိုင်မာဖို့ ရေရှည်တည်တံ့ခိုင်မြဲဖို့ လုပ်ဖို့ဆိုတာဟာ အဓိကပါပဲ။ ရေတိုကြည့်လို့မဖြစ်ပါဘူး။ တစ်ခဏလေး ကောင်းဖို့အတွက်မဟုတ်ပါဘူး။ ကျွန်မတို့ အခုလုပ်နေတဲ့ကိစ္စက တစ်နေ့ကောင်းဖို့ လည်းမဟုတ်ဘူး၊ တစ်လကောင်းဖို့လည်းမဟုတ်ဘူး၊ တစ်နှစ်ကောင်းဖို့လည်းမဟုတ်ဘူး၊ ပြောရမယ်ဆိုရင် ရွေးကောက်ပွဲ သက်တမ်းတစ်ခုကောင်းဖို့လည်းမဟုတ်ပါဘူး။ ဒါဟာကျွန်မတို့ ထပ်တလဲလဲပြောရပါတယ်။ နိုင်ငံရေး လောကမှာဆိုရင် အဆိုရှိတဲ့ အတိုင်းပဲ တကယ်နိုင်ငံရေး လုပ်စားနေတဲ့သူတွေကတော့ နောက် ရွေးကောက်ပွဲ အတွက်ပဲ စဉ်းစားတယ်။ ဒါပေမယ့် န်ိုင်ငံ့အရေးလုပ်တဲ့သူတွေက နောက်မျိုးဆက်အတွက် စဉ်းစားတယ်။ အဲဒါကို ကျွန်မတို့စီးပွားရေး လုပ်ငန်းရှင်များကလည်း ဒီအတိုင်းပဲ စိတ်ထဲမှာ ထားစေချင်ပါတယ်။
ကိုယ့်အတွက်ပဲကိုယ်လုပ်နေတာလား၊ ကိုယ့်န်ိုင်ငံအတွက် လုပ်နေတာလား၊ ကိုယ့်အောင်မြင်မှု တစ်ခုအတွက်ပဲ လုပ်နေတာလား၊ နိုင်ငံအောင်မြင်မှုအတွက် လုပ်နေတာလား။ အဲဒါကို စဉ်းစား ကြည့်တော့ ဒါကို ခေတ်မရှိတဲ့ အတွေးအခေါ်လို့မထင်ပါနဲ့။ ခေတ်ကိုရှေ့ပြေးတဲ့ အတွေးအခေါ်လို့ ထင်စေချင်ပါတယ်။ တခြား နိုင်ငံများ အခု ရင်ဆိုင်နေရတဲ့ ပြဿနာ တော်တော်များများဟာ ဒီလို အများအကျိုးဆိုတာ ကိုယ့်အကျိုးပဲဆိုတဲ့ စိတ်ဓာတ် မရှိတာ၊ ကိုယ့်အကျိုးဆိုတာ အများအကျိုးအတွက် ဘယ်လိုမှ ခွဲခြားလို့မရဘူးဆိုတဲ့ စိတ်ဓာတ်မရှိတာ လည်းပါပါတယ်။
နောက်ဆုံးတစ်ခု ကျွန်မပြောချင်တာကတော့ ခေတ်နဲ့အညီ ပြောင်းလဲဖို့ ကျွန်မတို့ ဟိုးရှေးရှေးကတည်းက လက်ခံခဲ့တဲ့၊ ဆုပ်ကိုင်ခဲ့တဲ့၊ စံနှုန်းထားတွေ၊ တန်ဖိုးထားမှုတွေ ကောင်းတဲ့ ဟာတွေကို လက်မလွှတ်ပါနဲ့။ ရှေးဆန်လို့၊ ပိုလို့ဟောင်းလို့ မကောင်းဘူး ဆိုပြီးတော့ အဲဒီလိုမသတ်မှတ်ပါနဲ့။ ဒါကြောင့်ကျွန်မတို့ စောစောက ကလေးတွေရဲ့ ကတာကို သဘောကျတယ်ဆိုတာ ဟိုတုန်းကတည်းက ကျွန်မတို့ရဲ့ ထုံးတမ်းစဉ်လာအရ ကကြိုးတွေကိုလည်းသူတို့ မမေ့ဘူး။ ဒီဟာတွေကိုလည်းဆက်ပြီးတော့ ထိန်းသိမ်းတယ်။ ထိန်းသိမ်းရင်းနဲ့ ခေတ်နဲ့အညီဖြစ်အောင်လည်းလုပ်တယ်ဆိုတာ ကျွန်မတို့နိုင်ငံမှာဆိုရင် ထုံးတမ်း စဉ်လာအရ တန်ဖိုးထားခဲ့တဲ့ အလေ့အထတွေ တချို့ဟာ တကယ့်ကို တန်ဖိုးရှိတာပါ။ ဥပမာဆိုရင် ယဉ်ကျေးသိမ်မွေ့တာ၊ လူကြီးသူကြီးကို ရိုသေတာ၊ တချို့တွေက လူကြီးသူကြီးကို ရိုသေတာ ခေတ်မရှိဘူးလို့ ထင်ကြတယ်။ လူကြီးကိုဘာလို့ ရိုသေရသလဲ ဆိုတာ ကျွန်မကငယ်ငယ် ကတည်းက စဉ်းစားတယ်။ ဘာဖြစ်လို့ လူကြီးတွေကို ရိုသေရတာလဲ။ ကျွန်မအမြင်မှာတော့ လူတိုင်းလူတိုင်းဟာ အိုခြင်း၊နာခြင်း၊ သေခြင်းနဲ့ မကင်းတဲ့အခါကျတော့ အသက်ကြီး လာတယ်။ အသက်ကြီးလာတဲ့အမျှ ဘယ်လိုပဲပြောပြော၊ ဘယ်လောက်ပဲကျန်းမာရေး စောင့်ရှောက်မှု ကောင်းကောင်း အင်အားတွေ လျော့လာတယ်။ အင်အားတွေ လျော့လာတဲ့ အခါကျတော့ အင်အားလျော့လာတဲ့ ပုဂ္ဂိုလ်တွေကို အထူးလေးစားတယ်ဆိုတာ ကောင်းတာဖြစ်ပါတယ်။ ကလေးလေးတွေကို ကျွန်မတို့ ပြုစုတယ်။ ကလေးလေးတွေအပေါ် ဂရုဏာထားတယ်။ ကလေးလေးတွေအပေါ်မှာ ကျွန်မတို့အင်မတန်မှ ဂရုတစိုက်နဲ့ သိမ်သိမ်မွေ့မွေ့ ဆက်ဆံတယ်။ အင်အားလျော့နည်းလာတဲ့ လူကြီးတွေကိုကော ဒီအတိုင်း မလုပ်သင့်ဘူးလား။ ဒီလိုစိတ်ဓာတ်နဲ့ လူကြီးသူကြီးတွေကို ရိုသေတဲ့၊ လေးစားတဲ့၊ ပြုစုစောင့်ရှောက်ချင်တဲ့ စိတ်ဓာတ်တွေကို မွေးမြူစေချင်တယ်။ ဒါကြောင့်မို့လို့ ငယ်ငယ်က တည်းက လူကြီးသူကြီးတွေကို ရိုသေလေးစားဖို့ ဆိုပြီးသင်တာလို့ ကျွန်မကတော့ ဒီလိုပဲစိတ်ထဲမှာ နှလုံးသွင်းထားပါတယ်။ အဲဒီလိုလုပ်တဲ့အခါမှာ လူကြီးတွေကလည်း လူငယ်တွေကို အထူးအလေးပေးပြီးတော့ ဂရုစိုက်ပေးဖို့လည်း လိုပါတယ်။
လူငယ်စီးပွားရေးလုပ်ငန်းရှင်တွေကိုပဲပြောတယ်ဆိုပေမယ့် ဒါဟာလူကြီး စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ လည်း အင်မတန်သက်ဆိုင်ပါတယ်။ ကျွန်မတို့လူငယ်များကို ပြုစုပျိုးထောင် ပေးဖို့တာဝန်ဟာ လူကြီးတွေမှာ ရှိပါတယ်။ လူငယ်များရဲ့လမ်းပိုမိုဖြူးဖြောင့်ဖို့ လူကြီးတွေက လမ်းခင်းပေးရပါမယ်။
ကိုယ်ခင်းထားတဲ့လမ်းဟာ အခုကျွန်မတို့နိုင်ငံမှာ သိကြပါတယ်။ ဘယ်လမ်းတွေဟာ တစ်ချိန်လုံး ပေါက်နေလဲဆိုတာကို ဆိုတာ။ အစ လမ်းခင်းကတည်းက မကောင်းတဲ့ပစ္စည်းတွေနဲ့၊ မကောင်းတဲ့ နည်းပညာတွေနဲ့ ခင်းထားတဲ့လမ်းတွေဟာ လွယ်လွယ်နဲ့ ပျက်မယ်၊ လွယ်လွယ်နဲ့ ပေါက်မယ်။ တကယ်ကောင်းတဲ့ ပစ္စည်းတွေ၊ ကောင်းတဲ့ နည်းပညာတွေနဲ့ ခင်းထားတဲ့ လမ်းတွေဆိုတာ ကိုယ့်တစ်သက် မကဘူး၊ နောင်လာမယ့် မျိုးဆက်တွေအတွက် ဆက်လက်ပြီး တည်ရှိသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ လူငယ်စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်ခေတ်အတွက်တင်မဟုတ်ဘူး။ ကိုယ်အတွက်တင်မဟုတ်ဘူး။ နောင်လာ နောင်သားတွေအတွက် စီးပွားရေးလမ်းကြီး ဖြူးဖြောင့် သွားအောင် ကျွန်မတို့နိုင်ငံရဲ့ လုံခြုံရေးတောင့်တင်းခိုင်မာအောင် ကျွန်မတို့ နိုင်ငံသူနိုင်ငံသားတို့ရဲ့ စိတ်ဓာတ်မြင့်မား လာအောင်အတွက် ကြိုးစားပြီးတော့ စီးပွားရေး ဘက်ကနေပြီး လုပ်ပေးကြပါလို့ မေတ္တာရပ်ခံ ရင်းနိဂုံးချုပ်ပါတယ် ဟု ပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာနိုင်ငံ လူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင် ဦးဆောင်သည့် အဖွဲ့ဝင်များနှင့် သီးသန့် တွေ့ဆုံသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တွေ့ဆုံပွဲသို့ တက်ရောက်လာကြ သူများနှင့် အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ခင်းကျင်းပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုသည်။
အခမ်းအနားအစီအစဉ် ဒုတိယပိုင်းတွင် မြန်မာနိုင်ငံလူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ က ညီလာခံအဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ဗြိတိန်နိုင်ငံအစိုးရ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးဌာန၏ ဓနအစီအစဉ်မှ အကြီးတန်း နည်းပညာ အတိုင်ပင်ခံ Mr.Peter Brimble က Inclusive Business and Entrepreneurship ခေါင်းစဉ်ဖြင့် ဆွေးနွေးသည်။
ယင်းနောက် စကားဝိုင်းဆွေးနွေးပွဲအစီအစဉ်များကိုဆက်လက်ကျင်းပရာ Max Myanmar Group မှ အမှုဆောင်အရာရှိချုပ် Ms. Chi Tun က ဦးဆောင်၍ အမေရိကန် - အာဆီယံ စီးပွားရေးကောင်စီ၏ အကြီးတန်း ဒုတိယဥက္ကဋ္ဌ Ambassador Micheal W. Michalak ၊ ဂျပန်နိုင်ငံသံရုံးမှ စီးပွားရေး ကောင်စစ်ဝန် Mr. Kazuyuki Takimi ၊ မြန်မာ့ဖွံ့ဖြိုးမှု အဖွဲ့အစည်းမှ သုတေသနညွှန်ကြားရေးမှူး Mr. Sean Turnell နှင့် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်းမှ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ အရာရှိ Anar Aliyev တို့က Empowering for better growth of Myanmar ခေါင်းစဉ်ကိုလည်းကောင်း၊ Alpha Info Co.Ltd မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမြတ်သူ က ဦးဆောင်၍ Myanmar Information Technologies တည်ထောင်သူနှင့် အမှုဆောင် အရာရှိချုပ် ဒေါက်တာထွန်းသူရသက်၊ MyTel ပြင်ပ ဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦး၊ Ayuroma Advisory Pte Ltd အုပ်ချုပ်မှုဒါရိုက်တာ Ms.Cherry Trivedi နှင့် Belle Maison Maple ဥက္ကဋ္ဌ ဒေါ်ဝင်းအိခိုင် တို့က How to enable industry 4.0 in Entrepreneurship ခေါင်းစဉ်ကိုလည်းကောင်း ဆွေးနွေးကြသည်။
ထို့နောက် Yoma Group ၏ နည်းပညာအမှုဆောင် အရာရှိချုပ် Ms.Rita Nguyen က စွန့်ဦးတီထွင်လုပ်ငန်း အတွေ့အကြုံများကို ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် မြန်မာနိုင်ငံစွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်သူရ က နှုတ်ဆက်အမှာစကားပြောကြားပြီး တတိယအကြိမ်မြောက် မြန်မာနိုင်ငံစွန့်ဦးတီထွင် လုပ်ငန်းရှင်များ ညီလာခံကို ရုပ်သိမ်းခဲ့သည်။
Ref; Myanmar State Counsellor Office